ပြည်မပါတီနဲ့ ရှမ်းအခြေစိုက်ပါတီတွေ အားပြိုင်ကြမယ့် ရှမ်းပြည်နယ်က ကြားဖြတ်ရွေးကောက်ပွဲ

ဧပြီလ ၁ ရက်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲရဲ့ရလဒ်တွေကနေ အစိုးရဖွဲ့နိုင်တာမျိုးလို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ပေမဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာမို့ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်လို လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြားရှိနေပြီး လုံခြုံရေးအရ စိန်ခေါ်မှုတွေရှိနေတဲ့ နေရာမှာ ရှမ်းပြည်အခြေစိုက်ပါတီတွေနဲ့ ပြည်မပါတီတွေ အားပြိုင်ကြမှာ ဖြစ်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

ရှမ်းပြည်နယ် ကျေးသီး၊ မိုင်းရှူးနဲ့ ကျိုင်းတုံမဲဆန္ဒနယ်တွေက ကြားဖြတ် ရွေးကောက်ပွဲအကြို မြင်ကွင်းတွေကို Frontier သတင်းထောက်က ရှမ်းပြည်နယ်ကနေ ပေးပို့ထားတာ ဖြစ်ပါတယ်။

ကျားခေါင်းပါတီ အခြေအနေကောင်းနိုင်တဲ့ ကျေးသီး

ရှမ်းပြည်နယ်ထဲက ကျေးသီးမဲဆန္ဒနယ်မှာဆိုရင် ပြည်သူ့လွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ကျေးသီးမြို့နယ်ဟာ ရှမ်းလက်နှက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSA အားကောင်းတဲ့နေရာဖြစ်ပြီး ဒီနေရာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက “လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိသဖြင့်” ဆိုတဲ့အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒိနေရာတွေမှာ ကျားခေါင်းပါတီလို့ ခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy- SNLD)၊ ကျားဖြူပါတီလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ် (Shan Nationalities Democratic Party- SNDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ( USDP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က နေရာတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် လားဟူအမျိူးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ပြည်နယ်လွှတ်တော်အတွက် ကျေးသီးမဲဆန္ဒနယ်(၂) မှာ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။

“ကျေးသီးဆိုရင် ကျွန်တော်တို့မှာ ထူးထူးခြားခြား ပြိုင်ဘက်မရှိသလိုပဲ”လို့ ကျားခေါင်းပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

ဒေသခံတွေနဲ့ နယ်ခံသတင်းထောက်တွေအဆိုအရ အဲဒီဒေသမှာ ကျားခေါင်းပါတီဟာ သုံးနေရာလုံး အနိုင်ရဖို့ သေချာသလောက်ရှိတယ်လို့ ဆိုပါတယ်။

ကျေးသီးမြို့နယ်ထဲက မဲဆွယ်ပွဲတွေမှာ ကျားခေါင်းပါတီဟာ အတက်ကြွဆုံး လှုပ်ရှားနေတဲ့ပါတီဖြစ်ပြီး မဲဆန္ဒရှင်တွေရဲ့ တုန့်ပြန်မှုတွေလည်း ကောင်းတယ်လို့ နယ်ခံသတင်းထောက်တွေက ဆိုပါတယ်။

Frontier က ရောက်ရှိခဲ့တဲ့ ကျေးသီးမြို့နယ်ထဲက ကျေးရွာတော်တော်များများမှာလည်း ကျားခေါင်းပါတီကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အိမ်တွေရှေ့မှာ ကျားခေါင်းပါတီစတစ်ကာတွေ ကပ်ထားတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲမတိုင်မီက SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်) ထိန်းချုပ်နယ်မြေထဲမှာ ကျရောက်နေတဲ့ ဒေသတွေဟာ ရွေးကောက်ပွဲအတွက် စိုးရိမ်ရတယ်လို့ NLD ဘက်က ကန့်ကွက်မှုအချို့ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီကန်ကွက်မှုကို ပယ်ချခဲ့ပါတယ်။

“ကျေးသီးဟာ SSPP ဌာနချုပ်ပါ။ ဒါပေမယ့် ပြဿနာတစ်စုံတရာမရှိပါဘူး”လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

Frontier က သွားရောက်လေ့လာခွင့်ရခဲ့တဲ့ SSPP/SSA ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းမှာဆိုရင်လည်း ပြည်ခိုင်ဖြိုး NLD နဲ့ ကျားခေါင်းပါတီတွေ မဲဆွယ်နေတာကို တွေ့ခဲ့ရပါတယ်။

SSPP/SSA တပ်မှူးတွေဘက်ကလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အကြိမ်ကြိမ် အာမခံစကားပြောခဲ့ပြီး ရွေးကောက်ပွဲဟာ ပြည်သူတွေ ဆုံးဖြတ်ရမဲ့ကိစ္စသာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

SSPP/SSA ကိုထောက်ခံကြတဲ့ ကျေးသီးမြို့နယ်တစ်ဝိုက်မှာ SSPP/SSA နဲ့ ရှည်လျှားပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ကျားခေါင်းပါတီက အနိုင်ရဖို့အတွက် အလားအလာ ကောင်းနေပါတယ်။

အကြိတ်အနယ် ပြိုင်ရဖွယ်ရှိတဲ့ မိုင်းရှူး

မိုင်းရှူးဟာလည်း ကျေးသီးလိုပဲ ၂၀၁၀ ရွေးကောက်ပွဲအပြီး ခုနစ်နှစ်အကြာမှ ရွေးကောက်ပွဲ ပြန်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးအမတ် ဦးကျော်တင်ရွှေက ပြည်သူ့လွှတ်တော်မှာ ပြန်လည် အရွေးခံမှာဖြစ်ပြီး သူ့နဲ့အတူ ယှဉ်ပြိုင်ဖို့ NLD၊ ကျားခေါင်းနဲ့ ကျားဖြူပါတီတို့က စာရင်းပေးသွင်းထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးအမတ်က ပြိုင်ဘက် ကျားခေါင်းအမတ်လောင်းကို မဲစုစုပေါင်းရဲ့ ခြောက်ရာခိုင်နှုန်းဖြစ်တဲ့ မဲပေါင်း ၁,၀၀၀ လောက်အသာနဲ့ အသာရခဲ့တာ ဖြစ်ပါတယ်။ ဒါဟာလည်း ကြိုတင်မဲ အရေအတွက် အများအပြားပါဝင်နေခဲ့ပြီး မဲပေးတဲ့နေ့ ရလဒ်တစ်ခုတည်းအရဆိုရင်တော့ ကျားဖြူပါတီကသာ အနိုင်ရမှာပါ။

အခုတော့ ပြည်ခိုင်ဖြိုးအမတ်အတွက် စိန်ခေါ်မှုအသစ်တွေအဖြစ် ၁၉၉၀ ရွေးကောက်ပွဲတုန်းက မိုင်းရှူးမှာ အနိုင်ရခဲ့တဲ့ ကျားခေါင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD တို့ ပါဝင်လာပါပြီ။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ကျားခေါင်းပါတီဟာ မိုင်းရှူးမှာ အနိုင်ရဖို့အတွက် သူတို့ပါတီက လူသိများတဲ့ ထိပ်ပိုင်းခေါင်းဆောင် အတော်များများ သွားရောက်မဲဆွယ်နေပြီး ရွေးကောက်ပွဲအတွက် အာရုံစိုက် ပြင်ဆင်နေကြပါတယ်။

တောင်ပေါ်ဒေသတွေဖြစ်တဲ့ ပြည်နယ်လွှတ်တော်အမှတ်(၁)နေရာမှာ NLD က အနိုင်ရဖို့ အလားအလာကောင်း နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် ပြည်ခိုင်ဖြိုးဘက်ကလည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို အနိုင်ရဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

“ကျွန်တော်တို့ ကိုယ်စားလှယ်တွေတိုင်းက မြို့ခံတွေချည်းပဲ ဖြစ်တယ်။ နောက်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အခြေအနေကောင်းပါတယ်” ဟု မိုင်းရှူး ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးစိုင်းမြတ်ကျော်က ပြောပါတယ်။

ရွေးကောက်ပွဲမစတင်မီ နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ NLD ဘက်က တောင်းဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်က ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မဲဆန္ဒရှင် ၅,၀၀၀ နီးပါးရှိတဲ့ မဲရုံငါးရုံကို ရွေ့ဆိုင်းခဲ့တဲ့အတွက် ရွေးကောက်ပွဲအခြေအနေဟာ တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်စရာ ရှိပါတယ်။

အဲဒီနေရာတွေဟာ ကျားခေါင်းပါတီကို ထောက်ခံတဲ့သူအများစု နေတဲ့နေရာဖြစ်တဲ့အတွက် အကယ်လို့ မဲပေးမယ့်သူတွေ မဲရုံကို မသွားရောက်နိုင်ခဲ့ရင် ရွေးကောက်ပွဲအဖြေဟာ အကြိတ်အနယ် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

၁၉၉၀ မှာ ကျားခေါင်း၊ ၂၀၁၀ မှာ ပြည်ခိုင်ဖြိုးအနိုင်ရခဲ့တဲ့ မိုင်းရှုးက ကိုယ်စားလှယ်နေရာတွေအတွက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်မှာတော့ ဘယ်ပါတီအနိုင်ရမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ပြည်မပါတီတွေ အသာရနိုင်တဲ့ ကျိုင်းတုံ

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပြည်နယ်အမတ် ဆုံးပါးသွားတဲ့အတွက် ကျိုင်းတုံ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ ကျင်းပရတာ ဖြစ်ပါတယ်။

ကျိုင်းတုံဟာ ၁၉၉၀၊ ၂၀၁၀ နဲ့ ၂၀၁၅ စတဲ့ ရွေးကောက်ပွဲတွေမှာ အစဉ်အဆက် ပြည်မပါတီလို့ သတ်မှတ်လို့ရတဲ့ NLD၊ ပြည်ခိုင်ဖြိုးစတဲ့ ပါတီတွေ အားကောင်းခဲ့တဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် ကျိုင်းတုံ(၂) နေရာအတွက် ပြည်ခိုင်ဖြိုး၊ ကျားခေါင်း၊ ကျားဖြူ၊ NLD၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။

အစဉ်အလာအရ အနိုင်ရခဲ့တဲ့ ပြည်မပါတီတွေလို့ ဆိုနိုင်တဲ့ ပြည်ခိုင်ဖြိုးနဲ့ NLD ကို စိန်ခေါ်နိုင်ဖို့အတွက် ကျားဖြူပါတီက ပြင်ဆင်နေပါတယ်။

“ကျိုင်းတုံ NLD က ဘယ်လောက်ဘဲ သွားနေတယ်ပြောပြော ရှေ့ကနေသွားနေတာက ပြည်ခိုင်ဖြိုးပါတီပါ” လို့ ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကနေစပြီး ၂၇ နှစ်ကြာ ရှမ်းအခြေစိုက်ပါတီတွေ အနိုင်မရခဲ့တဲ့ ကျိုင်းတုံမှာ ၂၀၁၇ ကြားဖြတ်မှာတော့ ပြည်မပါတီတွေကို ရှမ်းအခြေစိုက်ပါတီတွေ အနိုင်ရမလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.