ပြည်ခိုင်ဖြိုးနှင့် ပါတီ ၁၁ ခု ပူးပေါင်း၍ ရခိုင်ကော်မရှင်အရေး အစိုးရကို ကန့်ကွက် သတိပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ နိုင်ငံရေးပါတီ ၁၁ ခုပူးပေါင်း၍ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်ကို မထောက်ခံဘဲ ကော်မရှင်၏ ဆုံးဖြတ်ချက်များ၊ ရပ်တည်ချက်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို “စိုးရိမ်သည်” ဟု ထုတ်ပြန်လိုက်သည်။

ပါတီပေါင်း ၁၃ ခုသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုး ပါတီရုံးခွဲတွင် စက်တင်ဘာ ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီမှ စတင်ကာ လေးနာရီခွဲကြာ ဆွေးနွေးခဲ့ကြပြီး ပါတီ ၁၁ ခုက ကိုဖီအာနန်နှင့် ပတ်သက်၍ ကန့်ကွက်ရန်၊ ရခိုင်တိုင်းရင်းသားများဖက်မှ ရပ်တည်ရန် သဘောတူခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ စည်းကမ်းထိန်းသိမ်းရေးနှင့်၊ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်ရီက “စ ဖွဲ့ကတည်းက ကျနော်တို့ စိုးရိမ်ခဲ့တယ်။ ဆန္ဒပြကြတယ်။ အားလုံးက ကန့်ကွက်ခဲ့ကြပေမယ့် သူတို့ကော်မရှင်က ဆက်သွားနေတယ်။ ပြည်သူတွေက ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်နေကြတယ်။ ဒီလိုစိုးရိမ်တာကို အစိုးရအနေနဲ့ ဘယ်လိုတာဝန်ယူပေးမလဲဆိုတာ အစိုးရကို တိုက်တွန်းတာပါ” ဟု ဆွေးနွေးပွဲအပြီးတွင် ပြောဆိုသည်။

ဆွေးနွေးပွဲတွင် သဘောတူညီချက်များအရ “ဥပဒေတွင်၊ လုပ်ပိုင်ခွင့်တွင် မပါဝင်သော ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့သည့်အမိန့်မှာ မူလကပင် တရားမဝင်” ဟု ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ကော်မရှင်ဖွဲ့စည်းမှုကို တုန့်ပြန်ထားသည်။

“ဒီကော်မရှင်ကြီးဟာ ၁၂ လလောက်ကြာမယ်။ အဲ့ဒီအသုံးစရိတ်တွေ ဘယ်ကရမလဲ။ ဘတ်ဂျက်က သုံးမယ်ဆိုလည်း လွှတ်တော်တင်ပြရမှာပေါ့။ ဒါတွေလည်း ကျနော် မတွေ့ခဲ့ဘူး။ ဆိုတော့ OIC လို အဖွဲ့မျိုးကများ ထောက်ပံ့နေသလား” ဟု ဦးခင်ရီက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ကာ အဖွဲ့ဝင် ကိုးဦးပါဝင်သည့် ရခိုင်ကော်မရှင်သည် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ရန် အချိန် ၁၂ လ ရရှိမည်ဖြစ်ပြီး အစိုးရအနေနှင့် ကော်မရှင်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို မည်ကဲ့သို့ ဆက်လက်တာဝန်ယူသွားမည်ကို မသိရသေးပေ။

ယခုဆွေးနွေးပွဲအတွက် စက်တင်ဘာ ၅ ရက်က စတင်၍ ယခုတက်ရောက်လာသည့် ပါတီများကို ဖိတ်ကြားထားခြင်းဖြစ်ပြီး တက်ရောက်သည့်ပါတီထဲတွင် ရခိုင်အမျိုးသားပါတီ ပါဝင်လာခဲ့ခြင်း မရှိဘဲ “ရခိုင်ပါတီနဲ့ကတော့ ဖုန်းနဲ့ အဆက်အသွယ်ရပါတယ်” ဟု ဦးခင်ရီက ဆိုသည်။

_tzh6142.jpg

 title=

title=

ရခိုင်ပြည်နယ်လွှတ်တော်အနေနှင့် စက်တင်ဘာ ၁၄ ရက်လွှတ်တော်တွင် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ကော်မရှင်ကို ကန့်ကွက်သည့်အရေးကြီး အဆိုကို အတည်ပြုခဲ့သေးသည်။

ကော်မရှင်၏ တွေ့ရှိချက်နှင့်အတူ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာပါက “ပြည်ထောင်စု တခုလုံး အန္တရယ်ကျရောက်မည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက လက်ရှိအစိုးရအနေဖြင့် ပေါ်ပေါက်လာမည့် အကျိုးဆက်များအတွက် တာဝန်ကျရောက်မည်ဖြစ်သည်” ဟု ဆွေးနွေးပွဲက ဆုံးဖြတ်ထားသည်။

ယခုဆွေးနွေးပွဲကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ခေါ်ယူဆွေးနွေးခြင်းဖြစ်ပြီး “ဒါက သူ့ပါတီတခုတည်းရဲ့ သဘောထားတော့ မဟုတ်ဘူး။ အားလုံးရဲ့ ဘုံသဘောတူညီချက်နဲ့ ဆွေးနွေးကြတာပါ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆိုသည်။

ပါတီ ၁၃ ခုတက်ရောက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ ဒီမိုကရေစီပါတီတို့ သဘောတူခဲ့ကြသည်။

ကျန်သည့် ရှမ်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားဖြူ) နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ကမူ ၎င်းတို့၏ အခြားမဟာမိတ်အဖွဲ့များနှင့် ဆွေးနွေးရဦးမည့်အတွက် လက်မှတ်ထိုးခဲ့ခြင်းမရှိဘဲ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar