ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဥပဒေကြောင်းအရ တုန့်ပြန်ရန် ပြည်ခိုင်ဖြိုး ဆုံးဖြတ်

နေပြည်တော်၊ စက်တင်ဘာ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဥပဒေကြောင်းအရ တုန့်ပြန်ရန် ယနေ့ဆုံးဖြတ်လိုက်သည်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်ရီက Frontier ကိုပြောသည်။

“ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ များလွန်းအားကြီးလို့ပါ” ဟု ၎င်းက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်အချို့နှင့် ပါတီအပေါ် သရော်လှောင်ပြောင်မှုအချို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ပြုလုပ်နေချိန်တွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အောင်ပွဲဆင်နိုင်ရန်အတွက်လည်း ပြည်ခိုင်ဖြိုးက ပြင်ဆင်နေပြီ ဖြစ်သည်။

“အောင်နိုင်ရေး၊ ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့စသည်ဖြင့် စီမံချက်ကိစ္စတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေး၊ လူထုနဲ့ တစ်သားတည်းကျရေး စတာတွေလည်းပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်ရီက ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ မသိရသေးပေ။

ပြည်ခိုင်ဖြိုးပါတီရုံးချုပ်၏ ကြေညာချက်တွင်လည်း ယနေ့အစည်းအဝေး ဆုံးဖြတ်ချက်၌ ပြည်သူ့သဘောထား၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်သွားရန်၊ အမျိုးသားရေးနှင့် အမျိုးဘာသာ သာသနာရေးကို အလေးထား ဆောင်ရွက်သွားရန်၊ ပါတီအပေါ် ဥပဒေမဲ့ တိုက်ခိုက်ရေးသား ပြောဆိုနေမှုများအား ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်သွားရန် စသဖြင့် ပါဝင်ကြောင်း တွေ့ရသည်။

သြဂုတ် ၂၂ ရက်က စတင်ကာ သုံးရက်ကြာပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီ ညီလာခံက ရွေးချယ်ပေးလိုက်သည့် ခေါင်းဆောင်သစ်များက ယနေ့အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌသစ် ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၃၈ ဦးတက်ရောက်ကြောင်း ဦးခင်ရီက အတည်ပြု ပြောကြားသည်။

ယခင် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် အခြားသော ယခင်ပါတီခေါင်းဆောင်ကိုးဦးမှာမူ ယခုအခါ ပါတီ၏ ဗဟိုနာယကအဖွဲ့ (ပါတီဗဟိုဦးဆောင် ကော်မတီ) အဖြစ် ဆက်လက်တည်ရှိနေသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar