ရဲမွန်
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်း၊ မသွင်း ဆုံးဖြတ်ဖို့အတွက် အစီရင်ခံစာရေးသားပေးရမယ့် သြစတြေးလျနိုင်ငံသားပညာရှင်ဟာ ပုဂံမြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အမွေအနှစ် အဆောက်အအုံများနှင့် ဒေသများထိန်းသိမ်းရေးကောင်စီက သြစတြေးလျနိုင်ငံသား ပညာရှင်ရစ်ချက်မာကေးဟာ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ပြီး ပုဂံကို ရောက်ရှိနေတာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေ၊ အဆောက်အအုံတွေကို လိုက်လံကြည့်ရှု စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ကတော့ ပုဂံ ရှေးဟောင်းသုတေသနပြတိုက်မှာ ဒေသခံလူထုတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သုံးနာရီကျော်ကြာ တွေ့ဆုံခဲ့ပြီး ဒေသခံတွေရဲ့ တင်ပြချက်တွေကို မှတ်သားသွားတယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေး အထောက်အကူပြုကော်မတီ (ပုဂံညောင်ဦး)ရဲ့ အဖွဲ့ဝင် ကိုနိုင်ထွန်းက Frontier ကိုပြောပါတယ်။
ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
“ဒေသခံတွေဘက်က ကမ္ဘာ့အမွေအနှစ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ဥပဒေတွေ၊ စီမံခန့်ခွဲမှုတွေအလွဲတွေကို ထောက်ပြခဲ့ကြတယ်” လို့ သူက ဆိုပါတယ်။
ရစ်ချက်မာကေးဟာ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အစည်းအဝေးအပြီးမှာ ပုဂံမြို့သစ်မှာတည်ရှိတဲ့ စေတီပုထိုးတွေကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ရစ်ချက်မာကေးရဲ့မေးမြန်းမှုတွေကို ရှေး/သုက တာဝန်ရှိတွေက ရှင်းပြပေးခဲ့ကြပါတယ်။
သူဟာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့လည်း စက်တင်ဘာ ၂၂ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
သြစတြေးလျနိုင်ငံသားပညာရှင်ဟာ ပုဂံမြို့ဟောင်းမှာရှိတဲ့ သီရိပစ္စယာဟိုတယ်မှာ တည်းခိုနေပါတယ်။ အဲဒီဟိုတယ်ဝင်းထဲမှာ ရှေးဟောင်းဘုရား ၁၂ ဆူရှိနေတဲ့အပြင် ရှေးဟောင်းအမွေအနှစ်ဇုန်ထဲမှာ ရှိနေတာကြောင့် ၂ဝ၂၈ ခုနှစ်မှာ ဟိုတယ်ဇုန်ကို ရွေ့ပြောင်းပေးရမယ့် ဟိုတယ်တစ်လုံးလည်းဖြစ်ပါတယ်။
ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
မြန်မာဗိသုကာပညာရှင်များအသင်း (AMA)က ယမန်နှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပုဂံဒေသမှာ ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံပေါင်း ၃၈၂၂ခု ကျန်ရှိနေသေးကြောင်းနဲ့ အဲဒီအဆောက်အအုံထဲမှာ ဘုန်းကြီးကျောင်းတွေ၊ ဂူကျောင်းတွေ၊ ထူပါစေတီတွေနဲ့ တခြားသော မြင်တွေ့နိုင်တဲ့ သမိုင်းဝင်နေရာတွေ အားလုံး ပါဝင်ပါတယ်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်း၊ မသွင်းကို ၂ဝ၁၉ ခုနှစ်မှာ အာဇာဘာဂျန်နိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ အဖွဲ့ဝင် ၂၁ နိုင်ငံက မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပြီး ပုဂံကို အခုရောက်ရှိနေတဲ့ ပညာရှင်က သူတို့ ဆုံးဖြတ်နိုင်ရေးအတွက် အစီရင်ခံစာ ရေးသားပေးရမှာ ဖြစ်ပါတယ်။