ပုဂံဒေသ၌ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ ၃,၈၀၀ ကျော် ကျန်ရှိနေသေး

မြန်မာဗိသုကာပညာရှင်များအသင်း (AMA) က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ပုဂံဒေသတွင် ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံပေါင်း ၃,၈၂၂ ခု ကျန်ရှိနေသေးကြောင်း သိရသည်။

“သိပ္ပံနည်းကျ ကောက်ယူပြုစုထားတဲ့ ဒီစစ်တမ်းဟာ ပုဂံဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် စာရင်းဝင်နိုင်ရေး လုပ်ငန်းစဉ်အပေါ် အကျိုးပြုနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာဗိသုကာပညာရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောကြားသည်။

အဆိုပါစစ်တမ်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီဖြစ်သည်ဟုလည်း စက်တင်ဘာလအစောပိုင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။

အဆိုပါစစ်တမ်းအတွက် ပဏာမသုတေသနပြုလုပ်မှုများကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လက ပုဂံရှိ စေတီပုထိုးများစွာ ထိခိုက်မှု ဖြစ်ပွားစေခဲ့သည့် ငလျင်မလှုပ်ခင်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

စစ်တမ်းအား ပြုစုရာတွင် ယခင်က ရှိပြီးဖြစ်သည့် ပြင်သစ်လူမျိုး ဗိသုကာပညာရှင် မစ္စတာ ပီရဲပစ်ချတ်၏ ပုဂံဒေသ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများစစ်တမ်း (Inventory of Monuments at Pagan) အပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယူနက်စကို၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ပီရဲပစ်ချတ်၏ စစ်တမ်းအား ပြုစုချိန် ဆယ်စုနှစ်တစ်ခုမျှ ကြာမြင့်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင်မှ ထုတ်ဝေနိုင်ခဲ့သည်။

ယခုစစ်တမ်းတွင် ပါဝင်သည့် အဆောက်အအုံ ၃,၈၂၂ ခုတွင် ဘုန်းကြီးကျောင်းများ၊ ဂူကျောင်းများ၊ ထူပါစေတီများနှင့် အခြားသော မြင်တွေ့နိုင်သည့် သမိုင်းဝင်နေရာများ အားလုံးပါဝင်သည်။

ထို့ပြင် ပုဂံဒေသတစ်ခွင်၌ တွေ့မြင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံအားလုံး ပါဝင်စေရန် AMA က ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် အသစ်တွေ့ရှိသော ကုန်းများ၊ ခြုံများ၊ သစ်ပင်များ ဖုံးကွယ်နေပြီး သွားရောက်နိုင်ခြင်း မရှိသော်လည်း တွေ့မြင်နိုင်သော ကုန်းအသစ်များနှင့် ကုန်းဟောင်းကို အခြေခံလျက် အသစ်တည်ဆောက်ထားသော အဆောက်အအုံများ အားလုံးကို စစ်တမ်းတွင် ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်သည်။

“ပီရဲပစ်ချတ်ရဲ့ သုတေသနစစ်တမ်းမရှိဘဲနဲ့ ကျွန်မတို့ ဒီစစ်တမ်းကို ဘယ်လိုနည်းနဲ့မှ ပြုစုနိုင်မှာ မဟုတ်ပါဘူး” ဟု AMA အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စီမံကိန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့် ဒေါက်တာပွင့်က ပြောကြားသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ယခု စက်တင်ဘာလနှောင်းပိုင်းတွင် ယူနက်စကိုသို့ အကြိုအစီရင်ခံစာတစ်စောင် တင်သွင်းရန်စီစဉ်နေရာ ယခုအစီရင်ခံစာက အထောက်အကူဖြစ်စေမည်ဟုလည်း ဆိုသည်။

“ဒီစစ်တမ်းမှာပါဝင်တဲ့ အချက်အလက်တွေက အဲဒီအကြိုအစီရင်ခံစာအတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ” ဟု AMA ၏ ဒုတိယ ဥက္ကဋ္ဌ ဦးမော်လင်းက ပြောကြားသည်။

ပုဂံဒေသတွင် ထပ်မံဆောင်ရွက်ရန် လိုအပ်နေသည့် အခြားစစ်တမ်းအမျိုးအစားတစ်ရပ်မှာမူ ပုဂံမြေအောက်တွင် ရာစုနှစ်ပေါင်းမှာစွာ တည်ရှိနေသည့် သမိုင်းဝင်အဆောက်အအုံများအား တူးဖော်ရှာဖွေ မှတ်တမ်းပြုစုရေး လုပ်ငန်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“ဒါပေမယ့် ဒီလိုစီမံကိန်းတွေ လုပ်ဖို့ဆိုတာက ပြည်တွင်းပညာရှင်တွေကိုပဲ အားကိုးလို့တော့ မရနိုင်ပါဘူး။ မြေပြင်အောက်ကို စကန်ဖတ်ဖို့နဲ့ တူးဖော်ရှာဖွေဖို့ နောက်ဆုံးပေါ်နည်းပညာတွေ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် စစ်တမ်းပါအချက်အလက်များကို အသုံးပြုရန်အတွက်မှာ AMA နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း အဆိုပါဌာန၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဒေါက်တာသန်းထိုက်က ပြောကြားသည်။

AMA ကမူ လာမည့်နှစ်အနည်းငယ်အတွင်း များပြားလာမည့် ကမ္ဘာလှည့်ခရီးသွားများအတွက် လိုအပ်မည့် အစီအစဉ်များကို အစိုးရက ပုဂံဒေသ၌ ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ခြင်း မရှိမည်ကို စိုးရိမ်လျက်ရှိသည်။ အစိုးရအနေဖြင့် သမိုင်းဝင်အဆောက်အအုံတစ်ခုချင်းစီ၏ အခြေအနေအသေးစိတ် ဖော်ပြထားသော ၎င်းတို့၏ စစ်တမ်းကို အသုံးပြုမည်ဟုလည်း ၎င်းတို့က မျှော်လင့်နေကြသည်။

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးနှင့် အဆောက်အအုံများသည် ခရီးသွားများ၏ ပွတ်တိုက်မှုဒဏ်ဖြင့်ပင် ပျက်စီးနိုင်ကြောင်း ဦးဆန်းဦးက ပြောကြားသည်။ ထို့အပြင် မော်တော်ကားများက ယင်းသမိုင်းဝင် အဆောက်အအုံများအနီး သွားလာနေခြင်းကြောင့်လည်း တုန်ခါမှုဒဏ်များက အဆိုပါရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့အနေနဲ့ ဒီထိရှလွယ်တဲ့ သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အာမခံ မပေးနိုင်ဘူးဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဒီဘုရားပုထိုးတွေပေါ် တက်ရောက်ခွင့်၊ ထိတွေ့ခွင့်တွေ မပေးဘဲ တားမြစ်ထားသင့်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လက ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပုဂံဒေသရှိ ဘုရားပုထိုးများအား ထိခိုက်မှုများ ရှိခဲ့ရာ ပုဂဒေသ၏ အနာဂတ်နှင့် ပတ်သက်ပြီး ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်လာခဲ့သည်။ ထိုသဘာဝဘေးဒဏ် ဖြစ်ပွားပြီး မကြာမီမှာပင် ငလျင်ကြောင့် အရေးပေါ်ပြင်ဆင်ရန် လိုအပ်သည့် ရှေးဟောင်းအဆောက်အအုံ ၃၀၀ ကျော်ရှိကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သတင်း-ကျော်လင်းထွန်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.