ပင်စင်စားများအတွက် အရောင်းနှင့် အငှား အိမ်ရာများ တည်ဆောက်မည်

ရန်ကုန်၊ သြဂုတ် ၁၅

အစိုးရဝန်ထမ်းတွေ ပင်စင်ယူပြီးပါက နေထိုင်ရေး အခက်အခဲမရှိစေဖို့အတွက် အရောင်းနဲ့ အငှားအိမ်ရာတွေကို စတင် ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအိမ်ခန်းများကို ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးအပြင် နေပြည်တော်မှာပါ ဆောက်လုပ်မှာဖြစ်ပြီး ပင်စင်ယူဖို့ နီးကပ်နေသူတွေနဲ့ ပင်စင်ယူပြီးတဲ့ အစိုးရဝန်ထမ်းတွေကို ရောင်းချ၊ ငှားရမ်းပေးသွားမယ်လို့ ဆိုပါတယ်။

“အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာတွေကို ဆောက်မှာ။ အရောင်းအိမ်ရာကတော့ ပိုများမှာပါ။ ရောင်းတာကလည်း ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး တန်ဖိုးနည်းအပြင် တန်ဖိုးသင့်တင့် အခန်းတွေပါ ပါမှာပါ” လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

မန္တလေးနဲ့ နေပြည်တော်နှစ်ခုပေါင်းမှာ အခန်းပေါင်း ၁,၆၄၀ တည်ဆောက်ဖို့ ရည်မှန်းထားပေမယ့် ရန်ကုန်မှာ ဆောက်လုပ်ဖို့ အခန်းအရေအတွက်ကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ရာတွေကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေ ၁၈၃ ဧက၊ မန္တလေးတိုင်းရှိ မြေ ၃၃ ဧကနှင့် နေပြည်တောင်ကောင်စီနယ်မြေထဲရှိ မြေ ဧက ၂၀ ပေါ်မှာ တည်ဆောက်သွားမှာပါ။

ဒီအိမ်ရာတွေကို တာဝန်ယူ တည်ဆောက်မယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ အမှုဆောင်အဖွဲ့ဝင် MKT ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးမျိုးမြင့်ကတော့ “ဆောက်မှာ ဟုတ်ပေမယ့် အစီအစဉ် အသေးစိတ်ကို မသိသေးတော့ သေချာမပြောနိုင်သေးသလို ပိုက်ဆံဘယ်လောက်ချပေးပြီး ဆောက်ရမယ်ဆိုတာတွေက မသိရသေးတော့ ပြောလို့မရသေးပါဘူး” လို့ဆိုပါတယ်။

ဦးဝင်းနိုင်ကတော့ “ပြည်ထောင်စုအစိုးရက ဆောက်လုပ်စားရိတ်အတွက် အဲဒီသုံးနေရာလုံးကို တစ်နေရာ ကုန်ကျစားရိတ် ကျပ်ငွေ ငါးဘီလျံစီ ထုတ်ပေးမှာပါ။ ဒါကပထမခြေလှမ်းပါ။ အများကြီးလည်း တန်းဆောက်မှာ မဟုတ်ပါဘူး။ ပင်စင်ရမယ့်နှုန်းနဲ့ တွက်ချက်ဆောက်လုပ်မှာပါ” လို့ပြောကြားပါတယ်။

ဘဏ်တွေနဲ့ ပူးပေါင်းပြီး ချိတ်ဆက် ရောင်းချနိုင်ဖို့ စီစဉ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဆောက်လုပ်ရေးလုပ်ငန်းအတွက် ထုတ်ချေးပေးရမယ့်ငွေ၊ အရစ်ကျဝယ်နိုင်ဖို့အတွက် ချေးပေးရမယ့် ငွေတွေကို နှစ်ရှည် ချေးပေးဖို့အတွက်ဆိုရင်တော့ အစိုးရက ငွေပင်ငွေရင်းတစ်ခုခုကို စိုက်ထုတ်ပေးထားနိုင်မှ ပိုအဆင်ပြေနိုင်မယ်လို့ ပြောပါတယ်။

တိုက်ခန်းတွေ တည်ဆောက်မယ့် ကြာချိန်နဲ့ ရောင်းချမယ့်နှုန်းထားတွေကိုတော့ မသိရှိရသေးပါဘူး။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar