နှစ်သစ်ကူးညက စာတိုပေးပို့မှုနှင့် ဒေတာသုံးစွဲမှု စံချိန်တင်ခဲ့ဟု တယ်လီနောပြောကြား

ပြီးခဲ့သည့် နှစ်သစ်ကူးကာလအတွင်း တယ်လီနောမြန်မာ၏ ကွန်ရက်အတွင်း စာတိုပေးပို့လက်ခံမှု စံချိန်တင်ခဲ့သလို ဒေတာသုံးစွဲမှုလည်း မြင့်မားခဲ့သည်ဟု တယ်လီနောမြန်မာက ပြောကြားသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၂ နာရီအတွင်း စာတိုပေးပို့မှု အရေအတွက် ၂ ဒသမ ၂ သန်းကျော်အထိ စံချိန်တင် ရှိခဲ့သည်ဟု ကုမ္ပဏီ၏ အချက်အလက် ဆန်းစစ်မှုတွင် ဖော်ပြထားသည်။ ထိုအရေအတွက်သည် ယခင်နှစ် အလားတူကာလထက် ၁၅၇ ရာခိုင်နှုန်း ပိုမိုများပြားလာခြင်းဖြစ်သည်။ ယခင်နှစ်အလားတူကာလက စာတိုပေးပို့မှုမှ ၁ ဒသမ ၄ သန်းကျော် ရှိခဲ့သည်ဟု တယ်လီနောက ဆိုသည်။

ထို့ပြင် ပုံမှန်ကာလအတွင်း စာတိုပေးပို့ လက်ခံမှုများထက် ၂၀၈ ရာခိုင်နှုန်း ပိုမိုများပြားနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“မြန်မာနိုင်ငံသူ/သားတွေအနေနဲ့ နိုင်ငံတကာ နှစ်သစ်ကူးအချိန်အခါ ဆင်နွှဲမှုတွေ ပိုမိုရှိလာနေသလို နှစ်သစ်ကူး အချိန်အခါ ရောက်လာပြီဆိုရင်လည်း မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီကို နှစ်သစ်ကူး ဆုတောင်းမှုတွေ ပေးပို့ကြတာ အလေ့အထတစ်ခု ဖြစ်လာနေပါပြီ။ နှစ်ကူးအကြို လူသုံးများတဲ့ အချိန်ကာလအတွင်းမှာ စာတိုပေးပို့မှုနဲ့ ဒေတာသုံးစွဲမှု မြင့်မားနေတာက ဒီအချက်ကို သက်သေပြနေတာပါပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann ကပြောကြားသည်။

ထို့ပြင် ယခုနှစ် နှစ်သစ်ကူးကာလ အသုံးပြုမှု အများဆုံး အချိန်ကာလအတွင်းတွင် Facebook သုံးစွဲမှုသည် နေ့စဉ်ပျှမ်းမျှ သုံးစွဲမှု ပမာဏထက် ၄၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး Viber နှင့် Beetalk တို့အပါအဝင် အခြား အင်တာနက် အသုံးပြုမှုနှုန်းမှာ နေ့စဉ်ပျှမ်းမျှသုံးစွဲမှုထက် ၂၉ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု တယ်လီနောက ပြောကြားသည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းသုံးစွဲသူများ၏ နေ့စဉ် ဒေတာအသုံးပြုမှုမှာ ဖွံ့ဖြိုးပြီး နိုင်ငံများမှ သုံးစွဲမှုနှုန်းများနှင့် အလားတူ ဖြစ်လာနေသည်ဖြစ်ရာ ယခုနှစ်ကူးကာလတွင် Facebook အသုံးပြုမှု မြင့်မားလာသည့် ရာခိုင်နှုန်းမှာ အလွန်သိသာထင်ရှားသည့် နှုန်းတစ်ခုဖြစ်ကြောင်းလည်း Tellmann က ပြောကြားသည်။

တယ်လီနောမြန်မာသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ သုံးစွဲသူပေါင်း ၁၉ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးအပ်နေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar