နေရပ်စွန့်ခွာသူ ၂၇၀,၀၀၀ အတွက် ရေရှည်ခိုင်မြဲသည့် ဖြေရှင်းချက်များရှာဖွေဆောင်ရွက်ရန် ကုလတိုက်တွန်း

နေရပ်စွန့်ခွာထွက်ပြေးနေရသူများအတွက် ဖြေရှင်းချက်များရှာဖွေရန် အစိုးရက ဖော်ဆောင်နေသည့် အမျိုးသားမဟာဗျူဟာက ပြဿနာ၏ ဇစ်မြစ်အကြောင်းရင်းများကို ထုတ်ဖော်ရန် အလွန်အရေးကြီးကြောင်း ကုသသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

နေရပ်စွန့်ခွာမှုများအတွက် ရေရှည်ခိုင်မာသည့် ဖြေရှင်းချက်များ ရှာတွေ့ရန် အာဏာပိုင်များအနေဖြင့် မိတ်ဖက်အားလုံးအပြင် ဒုက္ခသည်စခန်းများရှိ လူ ၂၇၀,၀၀၀ ကျော်နှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ဒု-ညိနှိုင်းရေးမှူး မစ္စအာဆူလာမူလာက အာဏာပိုင်များကို တောင်းဆိုလိုက်သည်။

နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် အန္တရာယ်ကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်သည့် အခွင့်အရေး၊ သို့မဟုတ် မိမိတို့နှစ်သက်ရာအခြားနေရာတွင် ပြန်လည်အခြေချနိုင်သည့် အခွင့်အရေးရရှိရန် ၎င်းက တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်ပြီးနောက် မေ ၁၄ ရက်နေ့တွင် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် မူလာက ပြောကြားထားခြင်းဖြစ်သည်။

နေရပ်စွန့်ခွာသူများနေထိုင်သည့် IDP စခန်းများ ပိတ်သိမ်းမှုသည် လွတ်လပ်စွာရွှေ့ပြောင်းသွားလာမှု တိုးတက်လာခြင်းများ၊ သို့မဟုတ် အစိုးရ၏ဝန်ဆောင်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရယူနိုင်မှုတို့နှင့် ဆက်စပ်နေရမည်ဟုလည်း မူလာကပြောသည်။ မူလာသည် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ်ကတည်း လူမျိုးစုများကြား ပဋိပက္ခများကြောင့် IDP စခန်းများတွင် ရောက်နေကြရသည့် ရိုဟင်ဂျာနှင့် ကမန်မူဆလင် ၁၂၈,၀၀၀ ခန့်အပါအဝင် လူ ၇၀၀,၀၀၀ ကျော်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်ကို တွေ့ရှိခဲ့သည်။

“နေရပ်စွန့်ခွာပြီး ၇ နှစ်အကြာမှာတော့ စခန်းတွေရဲ့ အခြေအနေက ယိုယွင်းနေပါပြီ။ လက်ခံနိုင်ခြေမရှိတော့ပါဘူး” ဟု မူလာကဆိုသည်။ လွတ်လပ်စွာသွားလာလှုပ်ရှားမှုနှင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများတွင် ဆိုးဆိုးဝါးဝါး ကန့်သတ်ခံထားရသည့် စခန်းအပြင်ဘက်၌ နေထိုင်သူ မူဆလင်များမှာလည်း ဆိုးဝါးခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ထောက်ခံအဆိုပြုထားသည့်အချက်များကို အကောင်အထည်ဖော်ရန် အစိုးရက လုပ်ဆောင်နေမကို မူလာကအသိအမှတ်ပြုသော်လည်း ပြဿနာ၏ ရင်းမြစ်အကြောင်းတရားများကို ကိုင်တွယ်ရန် နောက်ထပ် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဟု မူလာက ပြောကြားခဲ့သည်။ အေအေနှင့် တပ်မတော်ကြား တိုက်ခိုက်မှုများ တဟုန်ထိုး များပြားလာမှုကို လွန်စွာစိုးရိမ်သည်ဟု ၎င်းကထုတ်ဖော်ပြောကြားခဲ့သည်။ တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ခြောက်လအတွင်း လူ ၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

အရပ်သားများကို ကာကွယ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရယူခွင့်ပြုရေးအတွက် နိုင်ငံတကာဥပဒေအရ ၎င်းတို့၏တာဝန်ဝတ္တရားများကို ထိန်းသိမ်းဆောင်ရွက်ကြရန် ပါဝင်သည့်အဖွဲ့အားလုံးကို ကုလက တောင်းဆိုခဲ့သည်။

ဒုက္ခရောက်နေသူများထံ ရောက်ရှိရန် ခရီးသွားလာရာတွင် ရှုပ်ထွေးတင်းကျပ်လှသည့် လုပ်ထုံးလုပ်နည်းများကြောင့် ၎င်းတို့ စိုးရိမ်မိကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီဆောင်ရွက်နေသူ အများအပြားက မူလာကို ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ လိုအပ်နေသူများထံသို့ ဘက်မလိုက်သည့် အကူအညီများ ရောက်ရှိရန်မှာ ရိုးရှင်း၍ ပြင်လွယ်ပြောင်းလွယ်နည်းလမ်းများ အသုံးပြုရေးမှာ အရေးကြီးကြောင်းလည်း မူလာက အလေးအနက်ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်ကတည်းက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ၁၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်သော ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မူလာသည် နေရပ်စွန့်ခွာခဲ့ရသူများနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်အခြေချထားပေးသည့် နေရာတစ်ခုသို့ သွားရောက်ခဲ့သည်။ “ကချင်ပြည်နယ်က အခြေအနေကလည်း စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြား အားကောင်းတဲ့ ပူးပေါင်းမှုအပေါ် တည်ဆောက်ထားတဲ့ အထင်ကြီးလောက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာဆောင်ရွက်ချက်ကတော့ ဆက်လက်ရှိနေပါတယ်” ဟု မူလာက ပြောသည်။

ကချင်နှင့် ရှမ်းပြည်နယ်တွင် တစ်ဘက်သတ်အပစ်ရပ်စဲမှုကို မကြာသေးခင်က တပ်မတော်က နှစ်လသက်တမ်းတိုးခြင်းကို နောက်ထပ်သက်တမ်းတိုးရန်လည်း မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကချင်မှာ လူတိုင်းက ငြိမ်းချမ်းရေး သိပ်လိုချင်တယ်ဆိုတာကိုပဲ ပြောကြတယ်။ ဒါမှ သူတို့ အိမ်ပြန်နိုင်မှာလေ” ဟု မူလာက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.