နေပြည်တော်၊ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အမေရိကန်နိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ချီးကျူးခဲ့သော်လည်း လက်ရှိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ မှတ်ကျောက်တစ်ခုအဖြစ် အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၁,၃၀၀ ကျော်အား လွှတ်ပေးရန် ဖြစ်သည်ဟု ၎င်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
အန်တိုနီဘလင်ကန်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်နေ့များက လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။
သမ္မတဦးသိန်းစိန်နှင့် ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံစဉ် အန်တိုနီဘလင်ကန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်မှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်မှုများအပေါ် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြု ချီးကျူးကြောင်း ပြောကြားခဲ့ပြီး အနာဂတ်ကာလတွင်လည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
“ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးသလို တချို့ကလည်း တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်” ဟု အန်တိုနီဘလင်ကန်က သမ္မတနှင့် တွေ့ဆုံအပြီးတွင် သတင်းထောက်များကို ပြောသည်။
“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားချိန်၊ နောက်အစိုးရသစ် တာဝန်ယူချိန်မှာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ပြည့်စုံသွားပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
သတင်း- Frontier သတင်းအဖွဲ့