နိုင်ငံရေးဆွေးနွေးမှုမရှိပါက လက်နက်ကိုင်ပဋိပက္ခဆီသို့ ကေအင်န်ယူအဖွဲ့ ပြန်သွားနိုင်

ရန်ကုန်၊ ဧပြီ ၄

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် နေပြည်တော်မှ ပိုမိုအားကောင်းသည့် ကတိကဝတ်မရရှိပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရ၏ အရေးကြီးဆုံးမိတ်ဖက်ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) အနေဖြင့် ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခဆီသို့ ပြန်သွားနိုင်သည့် အန္တရာယ်ရှိနေသည်ဟု အစီရင်ခံစာရေးသားနေသူတစ်ဦးက မတ် ၃၀ ရက်နေ့က ပြောသည်။

ယခင်အစိုးရလက်ထက်က တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူညီချက် (NCA) အား လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် ကေအင်န်ယူအနေဖြင့် ၎င်း၏ နိုင်ငံရေးတောင်းဆိုချက်များကို စဉ်းစားပေးရန် အစိုးရထံမှ လက်ဆုတ်လက်ကိုင် ပြနိုင်သည့် ကတိကဝတ်မရရှိပါက လက်နက်ကိုင်ပဋိပက္ခဆီသို့ ပြန်သွားရမည့် အခြေအနေမျိုးအား ရှောင်လွှဲမရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာ ရေးသားသူ မစ္စတာကင်မ်ဂျောလစ်ဖ်က ပြောကြားသည်။

၂၀၁၂ ခုနှစ် အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးကတည်းက ကေအင်န်ယူက တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် အပြည့်အဝ ထိန်းချုပ်ထားသော ပြည်သူ ၈၀၀,၀၀၀ ခန့်အတွက် ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းတို့မှ ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိသည်မှန်သော်လည်း လက်ရှိအနေအထားများအရ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရန်အတွက် အလားအလာများ လျော့နည်းကျဆင်းနေသည်ဟု ဂျောလစ်ဖ်က သတိပေးခဲ့သည်။

“နိုင်ငံရေးပြောင်းလဲမှုမရှိဘဲ စီးပွားရေးလုပ်ဆောင်မှုတွေ ဆက်လက်တိုးမြင့်နေရင် နောက်ဆုံးမှာ လက်နက်ကိုင်ပဋိပက္ခဆီ ပြန်သွားမှုဟာ အတိုင်းအတာတစ်ခုအထိ ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။ “လက်ရှိ ပိုနေမြဲကျားနေမြဲ အနေအထားထက်ပိုပြီး မသွားနိုင်ဘူးဆိုရင် နောက်တစ်ကြိမ် လက်နက်ကိုင်ပဋိပက္ခတစ်ခုကို မမြင်ရခင်က အချိန်ကာလလေး တစ်ခုပါပဲ။ ဒီနယ်မြေတွေမှာ ဘယ်သူမှ စစ်ပွဲတွေဆီကို ပြန်မသွားချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အမှတ်ရစရာတွေက ဆိုးဝါးလွန်းလို့ပါ။ ဒါပေမဲ့ အချို့နေရာတွေမှာ ခံစားချက်ရှိနေတာက သူတို့ အာဏာသိမ်းခံတော့မယ်။ အားနည်းအောင် လုပ်ခံနေရပြီ။ တစ်နည်းအားဖြင့် သူတို့ရဲ့ လူ့အဖွဲ့အစည်းကို အားလျော့အောင် လုပ်ခံနေရပြီဆိုတဲ့ အချက်ပါ” ဟု ၎င်းကဆိုသည်။

ဆန်ဖရန်စစ္စကို အခြေစိုက် အာရှဖောင်ဒေးရှင်း၏ လုပ်ငန်းအပ်နှံချက်အရ လွတ်လပ်သည့် အဆိုပါသုတေသီက မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သည့် အုပ်ချုပ်ရေးအကြောင်း စတုတ္ထနှင့် နောက်ဆုံးအစီရင်ခံစာအတွက် ရန်ကုန်တွင် အစပျိုးနေစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအစီရင်ခံစာဖြစ်သည့် “အပစ်အခတ် ရပ်စဲရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးမှု- အပြောင်းအလဲကာလ ကရင်အမျိုးသား အစည်းအရုံး (Ceasefires, Governance and Development: The Karen National Union in Times of Change)”တွင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဒေသဆိုင်ရာခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုနှင့်အတူ ကေအင်န်ယူ၏ သမိုင်းကြောင်းနှင့် အဖွဲ့အစည်းများအကြောင်း အသေးစိတ်ဖော်ပြသည်။

ကေအင်န်ယူ ခေါင်းဆောင်အများအပြားက ကေအိုင်အေ၏ အနေအထားနှင့် ဆက်စပ်ချိန်ထိုး၍ သတိရှိနေကြဆဲဖြစ်သည်ဟု ဂျောလစ်ဖ်က ဆိုသည်။ ကေအိုင်အေက ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲမှုပြိုလဲပြီးနောက် တပ်မတော်နှင့် တိုက်ခိုက်နေသည်မှာ အချိန်ကာလ ခြောက်နှစ်ထဲရောက်ရှိနေပြီဖြစ်သလို လူတစ်သိန်းခန့်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်။

“ကေအင်န်ယူနယ်မြေတွေက အခြေအနေတွေက ၁၉၉၄ နဲ့ ၂၀၁၁ ကြား ကေအိုင်အိုနယ်မြေတွေက အခြေအနေတွေနဲ့ အတော်လေး ဆင်တူပါတယ်။ အဲဒီမှာ စီးပွားရေး၊ ဖွံ့ဖြိုးရေးလှုပ်ရှားမှုအများကြီးရှိတယ်။ ဆက်လက်ဖြစ်ပေါ်နေတဲ့ စစ်ပုံသွင်းမှု ရှိတယ်။ ပိုမိုဆိုးဝါးတဲ့ အခြေအနေက ကျယ်ပြန့်နေတယ်။ နောက်ပြီး နိုင်ငံရေးတောင်းဆိုချက်တွေကို အလေးအနက် သဘောမထားခံရဘူးဆိုတဲ့ ခံစားချက်ကလည်း ဒေသဆိုင်ရာခေါင်းဆောင်တွေကြားမှာ ရှိနေတယ်” ဟု ဂျောလစ်ဖ်က ပြောသည်။

“အပစ်ရပ်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်ကတည်းက လူ့အသိုင်းအဝိုင်းတွေက ပြောနေတာ ကချင်လိုဖြစ်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိချင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အခြေခံဇာတ်ကြောင်းကတော့ အစိုးရက သူတို့ကို နိုင်ငံရေးအပြောင်းအလဲအတွက် ကတိပေးတယ်။ ဒါပေမဲ့ ဘယ်တော့မှ မပေးခဲ့ဘူး။ အခု သူတို့တိုက်ခိုက်နေကြပြန်ပြီ။ အခုအစိုးရက ကေအိုင်အိုထက် အများကြီးကို အားပိုကောင်းသွားပြီ။ အဲဒီလိုစိုးရိမ်စရာတွေက နောက်ဆုံးငါးနှစ်ကြာသည်အထိ ဆက်ဖြစ်ပေါ်နေတာပါ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကေအင်န်ယူ၏ အမှုဆောင်ကော်မတီဝင်များကို ရွေးချယ်ပေးမည့် ငါးနှစ်တစ်ကြိမ်ကျင်းပသော ကွန်ဂရက်၏ နောက်ဆုံးရက်သတ္တပတ်ကို ကျင်းပနေသည်။ အဆိုပါကွန်ဂရက်တွင် ပြည်ထောင်စုအစိုးရ၏ လက်ကျန် သက်တမ်းကာလအတွက် မူဝါဒကိုလည်း ချမှတ်မည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်နှစ်ပတ်က ကွန်ဂရက်တွင် ဆွေးနွေးမှုများမှာ အနည်းငယ်သာ ရှိနေသေးသည်။ ၂၀၁၂ ခုနှစ်ကတည်းက ကေအင်န်ယူ၏ ဥက္ကဋ္ဌဖြစ်နေသော စောမူတူးဆေးဖိုးသည် ယခင်နှစ်က အစိုးရနှင့် ကနဦး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိက စေ့စိပ်ညိနှိုင်းသူတစ်ဦး ဖြစ်သည်။ ၎င်းက အဖွဲ့၏ ပဲ့ကိုင်နေရာတွင် နောက်ထပ်သက်တမ်းတစ်ခုရရှိရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း- ရှောင် ဂလေစင်

အစီရင်ခံစာ အပြည့်အစုံကို အာရှဖောင်ဒေးရှင်း၏ ဝက်ဘ်ဆိုက်ဖြစ်သည့် ဤနေရာတွင် ရယူနိုင်ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar