တပ်မတော်က နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အား တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
“၂၀၁၁ ခုနှစ် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်ရှိနိုင်ငံရေးစနစ်မှာ သက်တမ်းနုနယ်သေးသဖြင့် နိုင်ငံရေးစနစ်တည်ငြိမ်မှုရှိအောင် တပ်မတော်က ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း” ဒီဇင်ဘာ ၂၇ ရက်နေ့က ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ တပ်မတော်သားများနှင့် မိသားစုဝင်များသည် နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို အတူမျှဝေခံစားကြရန် တာဝန်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု ဆိုသည်။
စစ်ရေးလှုပ်ရှားမှုများအား ရပ်စဲထားမည်ဟု ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းမှာ “တပ်မတော်၏ ရှင်းလင်းပြတ်သားသော သဘောထားဖြစ်သည်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါကြေညာချက်တွင် အစိုးရ၏ အုပ်ချုပ်မှုအဆင့်အဆင့်ကို မထိခိုက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံမှုအား မထိခိုက်ရန်၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့မှုကို မထိခိုက်ပါက တပ်မတော်အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုကို ရပ်ဆိုင်းထားမည်ဟု ဖော်ပြထားသည်။