နိုင်ငံတော်က အကြွေး ကျပ်သန်း ၅,၃၂၄ ခန့် ရရန် ကျန်နေ

နေပြည်တော်၊ ဒီဇင်ဘာ ၅

ရောင်းချပြီးဖြစ်သည့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံတော်က ကျပ်သန်း ၅,၃၂၃ ဒဿမ ၃၄၁ ရရှိရန် ကျန်ရှိနေသေးသည်ဟု ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီက အမျိုးသားလွှတ်တော်သို့ ယနေ့ တင်ပြခဲ့သည်။

ပြည်ထောင်စုအစိုးရ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီက ရောင်းချခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မဟာဗန္ဓုလလမ်း အမှတ် ၇၂/ ၇၄ D ပေါ်ရှိ မော်တော်ရုံသိုလှောင်ရုံမြေနှင့် အဆောက်အအုံအတွက် ကျပ်သန်း ၂,၃၄၄ ဒဿမ ၈၄၁၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ စမ်းချောင်းမြို့နယ်၊ မြေကွက်အမှတ် (၇ /A) အတွက် ကျပ်သန်း ၃၆၀ ဒဿမ ၅၊ ရွှေတောင်ကြားလမ်းရှိ မြေကွက်အတွက် ကျပ်သန်း ၂,၅၂၀ အပြင် ပညာရေးဝန်ကြီးဌာနသို့ ဆောက်လုပ်ရေး ကုမ္ပဏီသုံးခုက ကျပ် ၉၈ သန်း ပေးသွင်းရန် ကျန်ရှိနေသည့်အတွက် နိုင်ငံတော်က စုစုပေါင်းကျပ် ၅,၃၂၃ ဒဿမ ၃၄၁ သန်း ရရှိရန် ကျန်ရှိနေခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဝင်းက အစီရင်ခံစာကို တင်ပြခဲ့သည်။

အိမ်ယာစီမံကိန်း အဆောက်အအုံများ၊ မြေကွက်များ ရောင်းချမှုအပေါ် နှစ်ကာလကြာရှည်စွာ အကြွေးကျန်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဘဏ်ချေးငွေရမှ အကြွေးဆပ်မည်ဟူသည့် ကတိကဝတ်မှာ လိုက်လျောလွန်းရာကျကြောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း၊ ပညာရေးဝန်ကြီးဌာနကို အကြွေးပေးရန် တာဝန်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီသုံးခုမှာ ကုမ္ပဏီ မှတ်ပုံတင်ထားမှု မရှိခြင်း၊ သက်တမ်းကုန်ဆုံးနေခြင်း၊ စာရင်းမှ ပယ်ဖျက်ထားသော ကုမ္ပဏီဖြစ်နေခြင်း စသည်တို့သည် အစိုးရ၏ စီမံခန့်ခွဲမှု ပေါ့လျော့မှုကို ပြသနေကြောင်းနှင့် အကြွေးမကျေသည့် မြေကွက်များ၊ အိမ်ယာများကို လွှဲပြောင်းခြင်း မပြုပဲ ပြန်လည်သိမ်းယူ စာရင်းရှင်းလင်းသင့်သည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မော်တော်ယာဉ် သိုလှောင်ရုံမြေနှင့် အဆောက်အအုံကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောင်းချခဲ့သော်လည်း မြေဧရိယာ ကွဲလွဲနေမှုကြောင့် ငွေပေးသွင်းမှု နောက်ကျရသည်ဟု အစိုးရအဖွဲ့က တင်ပြခဲ့ပြီး ယနေ့ ငါးနှစ်ကြာအထိ တိုးတက်လာမှုမရှိခြင်းမှာ အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟုလည်း ဦးသိန်းဝင်းက တင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ထုခွဲရောင်းချမှုအပေါ် အခွန်ကောက်ခံရာတွင်လည်း အားနည်းချက်များ ရှိနေသည်။

“နိုင်ငံပိုင်ပစ္စည်းတွေ ထုခွဲရောင်းချမှုအပေါ် အခွန်ကောက်ခံရာမှာလည်း အားနည်းနေတာ တွေ့ရပါတယ်”ဟု ဦးသိန်းဝင်းက ထောက်ပြခဲ့သည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်သည် အခွန်ကောက်ခံရန် အမှုပေါင်း ၇၇၃ ခုရှိသည့်အနက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ၂၀၂ မှုကိုသာ ကောက်ခံပြီးစီးခဲ့သဖြင့် ၅၇၁ မှု ကျန်ရှိနေသေးသည်။ နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီသည် ၈၃၁ မှုအနက် ၂၃၉ မှုကိုသာ ကောက်ခံပြီးဖြစ်သဖြင့် ၅၉၂ မှု ကျန်ရှိနေသေးသည်။ ထို့ကြောင့် အခွန်ကောက်ခံရမည့် စုစုပေါင်း အမှု ၁၁၆၃ မှု ရှိနေသည်ဟု ဦးသိန်းဝင်းက တင်ပြခဲ့သည်။

ထို့အပြင် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အကုန်တွင် သတ္ထုတွင်းဝန်ကြီးဌာနက နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေစင် ပိဿာ ၃၂၁၂၀ ဒဿမ ၀၄ အနက် ၁၁၇၅၁ ဒဿမ ၇၈ ပိသာကိုသာ ရရှိသေးရာ ရွှေစင် ၂၀၃၆၈ ဒဿမ ၂၆ ပိသာ ပေးသွင်းရန် ကျန်နေသေးကြောင်း ၎င်းက တင်ပြခဲ့သည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar