နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ အတွေ့အကြုံ ဟောပြော ဖလှယ်ကြမယ့် TED ဆွေးနွေးပွဲ

TEDxInyaLake နှင့် ပတ်သက်ပြီး မသင်းလဲ့ဝင်းက ပြောကြားနေစဉ်။ ဓာတ်ပုံ- အန်းဝမ်

TEDxInyaLake နှင့် ပတ်သက်ပြီး မသင်းလဲ့ဝင်းက ပြောကြားနေစဉ်။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်တွင် မတ် ၂၃ ရက်နေ့မှာ ကျင်းပမယ့် TEDx ဟောပြောပွဲအား Myanmar Connects ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကာ တက်ကြွ လှုပ်ရှားသူများ၊ လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အပါအဝင် နယ်ပယ်အသီးသီမှ ကျွမ်းကျင်သူများ ပါဝင်ဟောပြောသွားမည် ဖြစ်သည်။

TED( နည်းပညာ၊ ဖျော်ဖြေရေးအနုပညာ၊ ဒီဇိုင်း)သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Sapling Foundation က တစ်ကမ္ဘာလုံးတွင် ဦးဆောင်ပြုလုပ်သော ဟောပြောပွဲတစ်ခု ဖြစ်သည်။ TED ဟောပြောပွဲများတွင် ပါဝင်ခဲ့သော အထင်ကရ ပုဂ္ဂိုလ်များမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျီမီကာတာနှင့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ်တို့ ဖြစ်ကြသည်။

TEDx ဟောပြေပွဲများမှာမူ လွတ်လပ်သော ဟောပြောပွဲများဖြစ်ပြီး TED အဖွဲ့အစည်းထံမှ တရားဝင် လိုင်စင်ရယူထားသူများက စီစဉ်ကျင်းပကြခြင်း ဖြစ်သည်။

ယခုလို ဟောပြောပွဲကျင်းပရခြင်းသည် ကမ္ဘာနှင့် အသိဉာဏ်ဗဟုသုတများ ဝေမျှသွားလို၍ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော အင်တာနက်ရရှိလာပြီ ဖြစ်သည့်အတွက် သတင်းအချက်အလက်များလည်း ပိုမိုလွယ်ကူစွာ သိရှိနိုင်ခဲ့ပြီဖြစ်ကြောင်း TEDxInyaLake စီစဉ်ကျင်းပသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သူ မသီရိသန့်မွန်ကဆိုသည်။

“ကျွန်မတို့ရဲ့ ပညာရေးစနစ်က လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးစု (သို့)ဒီထက်ကြာတဲ့ အချိန်အတွင်းမှာ တော်တော်ပျက်စီးခဲ့ပါတယ်”ဟု ရန်ကုန်အခြေစိုက် ရင်းနှီးမြုပ်နှံမှု အုပ်စုဖြစ်သည့် Sandanila တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်နေသူ မသီရိသန့်မွန်က ပြောကြားခဲ့သည်။

“ဒါတွေကို ပိုကောင်းအောင် လုပ်ဖို့လိုပြီး အခုကမ္ဘာနဲ့ ဆက်သွယ်နိုင်တဲ့အချိန်မှာ ပိုကောင်းအောင်လည်း လုပ်နိုင်နေပါပြီ”ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် ကောင်းမွန်စွာ ဆက်သွယ်နိုင်မှု မပြုနိုင်ခဲ့ခြင်းက ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်း၏ အခြားအကြောင်းအရင်း တစ်ရပ်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ “မြန်မာနိုင်ငံရဲ့ အကြောင်းကို ကမ္ဘာက နိုင်ငံရေးလောက်ပဲ သိထားတော့ ကျွန်မတို့အနေနဲ့ ကဏ္ဍပေါင်းစုံအတွက် ဟောပြောပွဲတွေပြုလုပ်ချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ဟောပြောပွဲတွင် ပါဝင်သူများမှာ အင်းလေးကန်တွင် Inthar Heritage House တည်ထောင်သူ မယဉ်မျိုးစု၊ ရန်ကုန်မြို့ရှိ Pandsodan Art Gallery တည်ထောင်သူ ဦးအောင်စိုးနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးတို့အပြင် အခြား တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများလည်း ပါဝင်ကြမည်ဖြစ်သည်။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအကြောင်း မယဉ်မျိုးစုက ဟောပြောပွဲတွင် ဆွေးနွေးဟောပြောမည်ဖြစ်သည်။ ထိုအချက်က ရင်းနှီးမြုပ်နှံမှုအဆင့်ဆင့်ကို စွဲဆောင်နိုင်သော မြန်မာနိုင်ငံအတွက် အရေးကြီးသည်ဟု ၎င်းအနေဖြင့် ထင်မြင်မိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံက ရင်းနှီးမြုပ်နှံဖို့ လာကြမယ့်သူတွေကို တံခါးဖွင့်ပေးလိုက်တဲ့အတွက် ဒီအချိန်မှာ ဒီကိစ္စကို ပြောတာအကောင်းဆုံးပဲလို့ ကျွန်မထင်ပါတယ်။ ဒီအချိန်မှာ နိုင်ငံထဲက လူတွေလုပ်နေကြတဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်မတို့ မီးမောင်းထိုး ပြောပြသင့်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဓာတ်ပုံ- အန်းဝမ်ဦးတင်အေးဟာဒီသည် မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်နေစဉ် ကာလများအတွင်း လွန်ခဲ့သောနှစ် ၂၀ ကျော်ကတည်းက နိုင်ငံမှ ထွက်ခွာသွားခဲ့သူဖြစ်သည်။ ယခုအခါ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြသော ကလေးငယ်များ၏ ပညာရေးကို ထောက်ပံ့နေသည့် Myanmar Mobile Education Project ၏ တွဲဖက် တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာအဖြစ် ၎င်းက တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ ယခုကျင်းပပြုလုပ်မည့် ဆွေးနွေးဟောပြောပွဲကတစ်ဆင့် မြန်မာနိုင်ငံအားရှေ့သို့ အကောင်းဆုံးလှမ်းချီနိုင်မည့်အရေးကို ဆွေးနွေးပြောဆိုခွင့်ရမည်ဟု ၎င်းက ယုံကြည်ထားသည်။

ဓာတ်ပုံ- အန်းဝမ်

“ကျွန်တော်တို့ဟာ အခုချိန်မှာအကောင်းဆုံး အသွင်ကူးပြောင်းရေးကာလကို ရောက်ရှိနေကြတာပါ။ ဒါပေမယ့် အားလုံးအတွက် ကျွန်တော်တို့ ပိုကောင်းတဲ့ နိုင်ငံ၊ ပိုကောင်းတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်မလား။ ဒီပွဲဟာ နိုင်ငံအတွင်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အတွေ့အကြုံတွေကို ကမ္ဘာ့နိုင်ငံတွေနဲ့ မျှဝေနိုင်မယ့် အကောင်းဆုံးအခွင့်အရေးပါပဲ”ဟု ၎င်းကဆိုသည်။

ဝင်ရောက်ကြည့်ရှုသူပေါင်း လေးသန်းခန့်ရှိသည့် TEDx YouTube channle တွင် ဟောပြောမှုများအားလုံးကို တင်ထားမည်ဖြစ်ပြီး ရွေးချယ်ထားသောအချို့ ဗီဒီယိုများကို TEDx ဝက်ဘ်ဆိုက်တွင် တင်ထားမည်ဟု မသီရိသန့်မွန်ကပြောသည်။

မြန်မာနိုင်ငံ၏ အစိုးရတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှဲပြောင်းမယူခင် ရက်ပိုင်းအလိုတွင် ယခုဟောပြောပွဲကို ကျင်းပခြင်းဖြစ်သည်။ အတိတ်က စစ်အုပ်ချုပ်ရေး လက်အောက်တွင် တွေ့ကြုံခံစားခဲ့ကြရသော ဟောပြောသူများထဲမှ အချို့က လာမည့်အစိုးရသစ် ရင်ဆိုင်ရမည့် အရေးကြီးကိစ္စများကို ဆွေးနွေးဟောပြော လိုကြသည်။

“စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးဆုံးဖြစ်မယ်လို့ ထင်ပါတယ်”ဟု မသီရိသန့်မွန်က ဆိုသည်။ ထို့နောက် “ပညာရေးက လစ်ဟာနေပါတယ်၊ အခြေခံအဆောက်အဦးရောပဲ။ ကျွန်တော်တို့ဆီမှာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေရှိတယ်။ ကျွန်မတို့ တိုင်းပြည်မှာ စားနပ်ရိက္ခာဖူလုံဖို့ လိုပါတယ်။ ဒါတွေကို လုပ်ဖို့ ပိုက်ဆံရှိမှရမယ်။ ဒီလိုပိုက်ဆံရှိဖို့လည်း ကျွန်မတို့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရပါမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ပြန်လည်မပြင်ဆင်သ၍ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ဟု ဦးတင်အေးဟာဒီက ဆိုသည်။

“ဒီနိုင်ငံမှာ လုပ်ဖို့လိုတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်ကတော့ အစိုးရအနေနဲ့ နိုင်ငံကို နောက်ပြန်ဆွဲနေတဲ့ ဥပဒေတွေကို ဖယ်ရှားရမှာပါ။ ကျွန်တော်တို့ဆီမှာ အရမ်းကောင်းတဲ့ အကြံဉာဏ်တွေရှိပေမယ့် ဒီဥပဒေတွေကို ဖွံ့ဖြိုးတိုးတက်ဖို့ တားဆီနေသလို ဖြစ်နေတော့ ထင်တိုင်းမပေါက်ဘူး ဖြစ်နေပါတယ်”လို့ ၎င်းက ပြောကြားခဲ့သည်။

Myanmar Now သတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ်ဖြစ်ပြီး ယခုပွဲ၏ ဟောပြောပွဲမှူးတစ်ဦးဖြစ်သူ မသင်းလဲ့ဝင်းကလည်း မြန်မာပြည်သူများအနေနဲ့ နိုင်ငံကို ရှေ့ဆက်ရန် မည်သို့ ကူညီနိုင်မည်ဆိုသည်ကို ပြသနိုင်မည့်ပွဲအဖြစ် ယုံကြည်ထားကြောင်း ပြောကြားသည်။

“ကျွန်မတို့ဆီမှာ အကြံဉာဏ်တွေရှိတယ်။ ဦးနောက်နဲ့ ဒီနိုင်ငံကို အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ စိတ်ဆန္ဒတွေ ရှိတယ်ဆိုတာကို ဒီပွဲမှာမြင်ရမှာပါ။ အရေးကြီးတဲ့အချက်က ကဏ္ဍတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုရှိဖို့ပါ။ ဒီလိုကိစ္စမျိုးက အရင်က မြန်မာနိုင်ငံမှာ မရှိခဲ့ဘူးလေ”ဟု ၎င်းကပြောကြားသည်။

သတင်း- အိုလီဗာဆလိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar