ဒုတိယအကြိမ်မြောက် TEDxYangon ကို မေလတွင် ကျင်းပမည်

ရန်ကုန်၊ မတ် ၂၇

“လူမျိုးပေါင်းစုံ၊ အတွေးအမြင်ပေါင်းစုံနှင့် အတွေ့အကြုံပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားခြင်း” ဟူသောဆောင်ပုဒ်ဖြင့် TEDxYangon ပွဲကို ရန်ကုန်မြို့တွင် ဒုတိယအကြိမ်အဖြစ် မေလအတွင်း ကျင်းပသွားမည်ဖြစ်သည်။

“မြန်မာ့လူအဖွဲ့အစည်းကို ပညာရေးဆိုင်ရာအရင်းအမြစ်နဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို အချင်းချင်း ဖလှယ်နိုင်တဲ့ နေရာတစ်ခုအဖြစ် ဖန်တီးဖို့ TEDxYangon ကို ယူဆောင်လာခဲ့ချင်တာပါ” ဟု TEDxYangon အား ဦးဆောင်စီစဉ်သူနှင့် ပွဲပြုလုပ်ခွင့် လိုင်စင်ရရှိသူ မသီရိသန့်မွန်က မတ် ၂၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါပွဲကို မေ ၂၁ ရက်နေ့၊ နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။

ပွဲတွင် ဆွေးနွေးသူပေါင်း ၁၆ ဦးမှ ၂၀ ဦးအထိ ပါဝင်မည်ဖြစ်ပြီး၊ ဆွေးနွေးမည့် အကြောင်းအရာများအား ကဏ္ဍပေါင်းစုံမှ ရွေးချယ်ထားကြောင်း မသီရီသန့်မွန်က ပြောသည်။

အဆိုပါကဏ္ဍများတွင် ရန်ကုန်မြို့၏ အမွေအနှစ်ထိန်းသိမ်းခြင်းနှင့် မြို့ပြကို ပြန်လည်ဆန်းသစ်ခြင်းလုပ်ငန်း၊ အမျိုးသမီးများနှင့် ကလေးများအတွက် ပညာရေး၊ တရားမျှတရေးနှင့် တန်းတူအခွင့်အရေးရရှိရေး၊ မြန်မာ့မှတ်တမ်းရုပ်ရှင် ဖန်တီးသူတို့အပြင် မီဒီယာကဏ္ဍနှင့် စာရေးဆရာများက ၎င်းတို့ကျင်လည်နေသည့် အခြေအနေများကို ဦးဆောင် ဆွေးနွေးမည် ဖြစ်သည်။

ယခုနှစ် TEDxYangon အနေဖြင့် မြန်မာနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အကြောင်းအရာများကို ထုတ်ဖော် ဆွေးနွေးပြီး အတွေးအမြင်များကို စိတ်အားထက်သန်စွာနှင့် ပွင့်ပွင့်လင်းလင်း မျှဝေနိုင်ရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

ပွဲကို တက်ရောက်လိုသူများအနေဖြင့် လက်မှတ်တစ်စောင်လျှင် ကျပ် ၁၃၅,၀၀၀ ကျပ်ဖြင့် အွန်လိုင်းမှ ဝယ်ယူရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများတက်ရောက်လိုပါက ပွဲစီစဉ်သူများအနေဖြင့် အထူးလျော့ဈေးဖြင့် စီစဉ်ပေးသွားမည်ဖြစ်သည်။

ပြီးခဲ့နှစ် မတ်လအတွင်းက ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် TEDxYangon ပွဲကို Myanmar Connects ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကာ တက်ကြွ လှုပ်ရှားသူများ၊ လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အပါအဝင် နယ်ပယ်အသီးသီမှ ကျွမ်းကျင်သူများ ပါဝင်ဟောပြောခဲ့ကြသည်။

TED( နည်းပညာ၊ ဖျော်ဖြေရေးအနုပညာ၊ ဒီဇိုင်း)သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Sapling Foundation က တစ်ကမ္ဘာလုံးတွင် ဦးဆောင်ပြုလုပ်သော ဟောပြောပွဲတစ်ခု ဖြစ်သည်။ TED ဟောပြောပွဲများတွင် ပါဝင်ခဲ့သော အထင်ကရ ပုဂ္ဂိုလ်များမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျီမီကာတာနှင့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ်တို့ ဖြစ်ကြသည်။

TEDx ဟောပြေပွဲများမှာမူ လွတ်လပ်သော ဟောပြောပွဲများဖြစ်ပြီး TED အဖွဲ့အစည်းထံမှ တရားဝင် လိုင်စင်ရယူထားသူများက စီစဉ်ကျင်းပကြခြင်း ဖြစ်သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar