အေအက်ဖ်ပီ
ပြီးခဲ့တဲ့နှစ်က စစ်ဆင်ရေးတွေ စတင်ခဲ့ပြီးနောက် မူဆလင်အများအပြား ထွက်ပြေးသွားခဲ့ချိန်က စတင်ပြီး နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ စတည်းချ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၆,၀၀၀ ခန့်ထံ ထောက်ပံ့ပေးတာတွေ ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံက ဘင်္ဂလားဒေရှ့်ကို တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ စတင်ချိန်နဲ့ နောက်ပိုင်းလတွေအတွင်းမှာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းကို ဝင်ရောက်ဖို့ အဲဒီအုပ်စုက ငြင်းဆန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လူမျိုးစုရှင်းလင်းရေးလို့ အမည်ပေးထားတဲ့ အဲဒီစစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်ဟာ နယ်စပ်ဖြတ်ပြီး ထွက်ပြေးခဲ့ကြပါတယ်။
အခုအချိန်မှာတော့ သူတို့ဟာ နှစ်နိုင်ငံနယ်စပ်က လူသူနေထိုင်ခြင်းမရှိတဲ့ နယ်မြေကျဉ်းကျဉ်းလေးမှာ ပိတ်မိနေကြပြီး ဘင်္ဂလားဒေရှ့်က ပေးပို့တဲ့ နိုင်ငံတကာ အကူအညီတွေပေါ်မှာ မှီခိုနေကြရပါတယ်။
မြန်မာနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူအာဆန်မာမွတ်အာလီတို့ နေပြည်တော်မှာ သြဂုတ် ၁၀ ရက်နေ့က တွေ့ဆုံစဉ် မြန်မာဘက်က တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
“အဆိုပါလူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ဘင်္ဂလားဒေရှ့်က ပေးအပ်နေမှုအား ရပ်တန့်ရန်အတွက် မြန်မာက အထူးတောင်းဆိုခဲ့ပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား မြန်မာနိုင်ငံဘက်မှ ပေးအပ်မည်ဟု အဆိုပြုခဲ့သည်” လို့ ဖော်ပြထားပါတယ်။
အဲဒီနေရာမှာ စူးစမ်းလေ့လာမှုတွေ ပြုလုပ်ဖို့အတွက် မြန်မာဘက်က အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်က တစ်စုံတစ်ရာ မပြောကြားပေမယ့် “အပြုသဘော တုန့်ပြန်ခဲ့တယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အဲဒီနေရာကို သွားရောက်ခဲ့တဲ့ မြန်မာဝန်ကြီးတစ်ဦးကတော့ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မြန်မာအစိုးရက ကမ်းလှမ်းတဲ့အတိုင်း ပြန်မလာဘူးဆိုရင် နောက်ဆက်တွဲအကျိုးတွေကို ရင်ဆိုင်ရလိမ့်မယ့်လို့ သတိပေးခဲ့ပါတယ်။
မြန်မာဘက်က အခုလို နောက်ဆုံး ဖိအားပေးမှုကြောင့် နယ်စပ်မျဉ်းပေါ်မှာ နေထိုင်နေကြသူတွေအတွက် အခက်အခဲတွေကို ပိုမိုဖြစ်ပေါ်လာစေလိမ့်မယ်လို့ အဲဒီနေရာမှ နေထိုင်တဲ့ ရိုဟင်ဂျာအုပ်စုခေါင်းဆောင် ဒါလ်မိုဟာမက်က အေအက်ဖ်ပီကို ပြောပါတယ်။
“မြန်မာဘက်က စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပုံမှန်ပေးမလားဆိုတာက သိပ်မသေချာလှပါဘူး။ တကယ်လို့ ဘင်္ဂလားဒေရှ့်ဘက်က ကျွန်တောတို့ကို ကူညီတာ ရပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ပြဿနာအကြီးကြီးနဲ့ ကြုံရပါလိမ်မယ်” လို့ သူက ပြောပါတယ်။
ဦးကျော်တင့်ဆွေကတော့ ဘင်္ဂလားဒေရှ့်နဲ့ နိုဝင်ဘာလက ရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးကို အရှိန်မြှင့်တင်ဖို့အတွက် ထပ်မံကတိပြုခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ထဲမှာ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာက ကတိကဝတ်ပြုထားပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်မှ ပြန်လာခြင်းမရှိသေးပါဘူး။ ဘင်္ဂလားဒေရှ့်က လူတွေနဲ့ ပြည့်လျံနေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် အာမခံချက် မပေးမချင်း ပြန်လာကြမှာမဟုတ်ဘူးလို့ ရိုဟင်ဂျာခေါင်းဆောင်တွေက ပြောကြပါတယ်။