ရန်ကုန်
ဂျပန် ကားကုမ္ဗဏီတစ်ခုဖြစ်သည့် နစ်ဆန်းက မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုများကို ယခုနှစ်အတွင်း စတင်တော့မည်ဟု ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားသည်။
မလေးရှားကုမ္ဗဏီဖြစ်သည့် Tan Chong Motor Group နှင့် ပူးပေါင်းတည်ထောင်ထားသည့် စက်ရုံတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုများ စတင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပဲခူးမြို့အနီးရှိ စက်ရုံသစ်သို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု နစ်ဆန်း၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံကို တည်ထောင်မည့် အစီအစဉ်ကို နစ်ဆန်းက ပြီးခဲ့သည့်သုံးနှစ်က ကြေညာထားပြီးဖြစ်သည်။
တစ်နှစ်လျှင် မော်တော်ယာဉ်စီးရေ ၁၀,၀၀၀ ထုတ်လုပ်မည့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးလိုင်းတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၂၀၀ အား မလေးရှားနိုင်ငံတွင် သင်တန်းပေးမည်ဖြစ်သည်။
သို့သော် အဆိုပါ မော်တော်ယာဉ်များအား ပြည်တွင်းဈေးကွက်တွင် ရောင်းချမည်၊ သို့မဟုတ် ပြည်ပတင်ပို့မည်ဆိုသည်ကိုမူ မသိရှိရသေးပေ။
အရှေ့တောင်အာရှတွင် နစ်ဆန်း၏ အဓိက ထုတ်လုပ်ရေးဌာနနှစ်ခုဖြစ်သည့် ထိုင်းနှင့် အင်ဒိုနီးရှားတွင် ဝယ်လိုအား ကျဆင်းလာသည်ဟု အစီရင်ခံစာ တစ်စောင် ပြီးခဲ့သည့် ရက်သတ္တပတ်က ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ထွင်ရန် စတင်မည့်အစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် နစ်ဆန်းက ပြည်တွင်းတွင် ကားများ စတင်ရောင်းချခဲ့သည်။
ဂျပန်နိုင်ငံမှ ဆူဇူကီးက မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ စတင်တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ကာ အမေရိကန်နိုင်ငံမှ ဖို့ဒ်ကလည်း ရန်ကုန်မြို့တွင် အရောင်းပြခန်း ဖွင့်လှစ်ထားပြီး ဖြစ်သည်။
သတင်း- အေအက်ဖ်ပီ