ဓာတ်အားခနှုန်းထားသတ်မှတ်သည့် မူဝါဒ အပြောင်းအလဲဖြစ်လာမည်

နေပြည်တော်၊ မေ ၁၁

လျှပ်စစ်ဓာတ်အားခနှုန်းထား သတ်မှတ်သည့် မူဝါဒအပြာင်းအလဲရှိမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်(စွမ်းအင်) က Frontier ကို ပြောကြားသည်။

နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရုံးတွင် မေ ၁၁ ရက်နေ့က ပြုလုပ်သည့် လစဉ်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းရာတွင် “ရှိပါတယ်။ သိသင့်သိထိုက်တဲ့အချိန်ကျရင် ပြောပါမယ်” ဟု ဖြေကြားပြီး “ဘယ်အလွှာကို ဘယ်လောက်တက်ရမလဲဆိုတာကို ပြုပြင်ပြောင်းလဲဖို့ လိုလာပြီ” ဟုလည်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။ သို့သော် လက်ရှိတွင် အိမ်သုံး၊ စီးပွားရေးသုံး၊ ကုန်သွယ်ရေးသုံးစသည်ဖြင့် ခွဲခြားသတ်မှတ်ကောက်ခံနေသည့် မူဝါဒကို မည်သို့ပြောင်းလဲမည်ဆိုသည်နှင့် ဈေးနှုန်းမည်မျှ ဖြစ်မည်တို့ကိုမူ မပြောနိုင်သေးဟု ဝန်ကြီးဌာန တာဝန်ရှိသူတို့က ဆိုကြသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ပညာရှင်များနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများပါဝင်သည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ကြိမ်တိုင် ပြုလုပ်ပြီးလည်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့နေရာမှာ ဘယ်နေရာ၊ ဘယ်လိုကာလမှာ ဘယ်သူတွေ ဘယ်လောက်ထိ သုံးနိုင်တယ်ဆိုတဲ့ အဆင့်ပေါ် မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်မှာဖြစ်ပါတယ်”ဟု ဦးဌေးအောင်က ဆိုသည်။ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံရန် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအစတွင် တာဝန်ယူခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း စီစဉ်ခဲ့ဖူးပြီး ပြည်သူများ၏ ကန့်ကွက်မှုကြောင့် မူလ စီစဉ်ထားသည့်နှုန်းထားထက် လျှော့ချ၍ သတ်မှတ်ခဲ့ရဖူးသည်။

ယူနစ် ၁၀၀ နှင့်အထက် အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ ဟု မူလသတ်မှတ်ရာမှ ၁၀၀ ယူနစ်အထိသုံးလျှင် ၃၅ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိသုံးလျှင် ၄၀ ကျပ်၊ ၂၀၁ နှင့် အထက်သုံးလျှင် ကျပ် ၅၀ ဟု အဆင့်ဆင့်ခွဲခြား သတ်မှတ်ခြင်း ဖြစ်သည်။

စက်မှုလုပ်ငန်းများတွင်လည်း ယူနစ် ၅,၀၀၀ နှင့် အထက်ကို ကျပ် ၁၅၀ နှုန်းကောက်ခံမည့် မူလအစီအစဉ်မှ ယူနစ် ၅၀၀ အထိ တစ်ယူနစ်လျှင် ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁,၀၀၀၀ အထိ ကျပ် ၁၀၀၊ ယူနစ် ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ ၁၂၅ ကျပ်၊ အဆိုပါယူနစ်ထက် ကျော်လွန်ပါက ကျပ် ၁၅၀ ဟု ပြင်ဆင် သတ်မှတ်ခဲ့ရဖူးသည်။

ယခုအစိုးရ၏ မီတာခကိစ္စ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍မူ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက “ဈေးနှုန်းသတ်မှတ်တဲ့ကိစ္စက တိုင်း၊ ပြည်နယ်နဲ့ ညှိနှိုင်းဆဲဖြစ်ပြီးတော့ ပြည်သူကို ရှင်းပြပြီးသွားရင် အထက်အဆင့်ကို တင်ပြပြီးတော့ ဈေးနှုန်းကို ညှိမှာပါ”ဟု ပြောကြားသလို ဦးဌေးအောင်ကလည်း “လျှပ်စစ်ဈေးနှုန်းပြင်မယ်ဆိုရင် ပြည်သူလူထုသိအောင် ချပြမှာဖြစ်ပါတယ်” ဟု အာမခံလိုက်သည်။

သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် (လျှပ်စစ်)၏ ထုတ်ပြန် ပြောဆိုချက်များအရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍတွင် အစိုးရက နှစ်စဉ် ကျပ် ၃၃၃ ဘီလျံခန့် အရှုံးခံ စိုက်ထုတ်နေရပြီး တစ်နိုင်ငံလုံး၏ ၃၇ ရာခိုင်နှုန်းကိုသာ ဓာတ်အားဖြန့်ဖြူးနိုင်သေးသည်ဟုဆိုသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar