“ဓာတ်ငွေ့သုံး လျှပ်စစ် စီမံကိန်းတွေအတွက် ငွေကြေးထောက်ပံ့ဖို့ ဆွေးနွေးမှုတွေ စတင်နေပါပြီ”

မြန်မာနိုင်ငံတွင် ဓါတ်ငွေ့လောင်စာသုံး ဓါတ်အားပေးစက်ရုံများ တည်ဆောက်ရေးအတွက် အဆိုပြုထားသည့် ကုမ္ပဏီစုလေးခုအား ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားစာကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မီးစိမ်းပြလိုက်သည့် အကြီးမားဆုံးစီမံကိန်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မီးလောင်ချိုင့်ရှိ ဓာတ်အား ၁,၃၉၀ မဂ္ဂါဝပ် ထုတ်ပေးမည့် စက်ရုံဖြစ်ပြီး စက်ရုံအတွက်လောင်စာအဖြစ် ပြည်ပမှ သဘာဝဓါတ်ငွေ့ရည်များ တင်သွင်းမည်ဖြစ်သည်။ ထိုဓါတ်ငွေ့ရည်များကို ဧရာမသင်္ဘောကြီးများဖြင့် သယ်ယူကာ ကမ်းခြေမှ ၁ ဒသမ ၆ ကီလိုမီတာအကွာရှိ ဓါတ်ငွေ့အဖြစ် ပြန်လည်ပြောင်းလဲမည့် ရေပေါ်ယူနစ်တစ်ခုသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ Zhefu Holding Group နှင့် Supreme Trading တို့က အဆိုပြုခဲ့သော ၎င်းစီမံကိန်းကို ၂၀၂၁ ခုနှစ် နှစ်လယ်တွင် အပြည့်အဝ ပြီးစီးရန် စီစဉ်ထားပြီး ခန့်မှန်း ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံဖြစ်ရာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားကဏ္ဍတွင် အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်သည်။

Supreme Trading သည် စီမံကိန်းလေးခုထဲမှ နောက်ထပ်တစ်ခုတွင်လည်း ပါဝင်နေသည်။ Sinohydro of China နှင့် အကျိုးတူပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူတွင် ၁၃၅ မဂ္ဂါဝပ်ထုတ်ပေးမည့် ဓါတ်ငွေ့လောင်စာသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေးတွင်လည်း ၎င်းတို့ ပါဝင်မည်ဖြစ်သည်။

မီးလောင်ချိုင့် စီမံကိန်းနှင့် ပတ်သက်ပြီး Supreme Group မှ အမှုဆောင်ဒါရိုက်တာ ဦးထူးထူးအောင်အား Frontier မှ ကျော်ရဲလင်းက အီးမေးလ်ဖြင့် မေးမြန်းခဲ့သည်။

ခင်ဗျားတို့ရဲ့ စီမံကိန်းမှာ တခြားကုမ္ပဏီတွေ ပါသေးလား။

Zhefu Holding နဲ့ Supreme Trading တို့က ကုမ္ပဏီလုပ်ငန်းစုအနေနဲ့ ရင်းနှီးမြုပ်နှံသူတွေပါ။ တခြား ကုမ္ပဏီတွေအနေနဲ့ကတော့ ဖြစ်နိုင်ခြေလေ့လာမှုနဲ့ ဒီဇိုင်းအတွက် နည်းပညာကျွမ်းကျင်မှုတော့ ပေးနေပါတယ်။

အဲဒီကုမ္ပဏီတွေက ဘာကုမ္ပဏီတွေပါလဲ။ နောက်ပြီးတော့ သူတို့ရဲ့ တိကျတဲ့ အခန်းကဏ္ဍတွေက ဘာတွေလဲ။

China Energy Engineering Corporation (CEEC) ကတော့ ဖြစ်နိုင်ခြေ လေ့လာမှုအတွက် အဓိကအကြံပေးပါ။ သဘာဝဓါတ်ငွေ့ရည်၊ အဏ္ဏဝါပိုင်း တည်ဆောက်မှု၊ ထပ်ဆင့်ပို့လွှတ်မှုလိုင်းနဲ့ ဓါတ်အားပေးစက်ရုံဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာသိ ကုမ္ပဏီတွေကလည်း နည်းပညာကျွမ်းကျင်မှုတွေ ပေးနေပါတယ်။ ဒိန်းမတ်က Ramboll Environ ကတော့ စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအပေါ် ရိုက်ခတ်မှု အကဲဖြတ်ချက်ကို လုပ်ဆောင်နေပါတယ်။

ဆွစ်ဇာလန်ရဲ့ Gunvor Group က စီမံကိန်းမှာ ပါဝင်ခဲ့တယ်လို့ ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ Supreme Group က ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့က ပါနေတုန်းလား၊ ပါသေးရင် သူ့ရဲ့အခန်းကဏ္ဍက ဘာတွေလဲ။

Gunvor ဟာ စီမံကိန်းမှာ ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီစုရဲ့ အစိတ်အပိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်  သဘာဝဓါတ်ငွေ့ရည်အတွက် အနာဂတ်မှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ပစ္စည်းတင်သွင်းသူတစ်ဦးဖြစ်ပါတယ်။

China Energy Engineering Corporation လို ကျောက်ဖြူစီမံကိန်းမှာ ပါဝင်တဲ့ တခြားကုမ္ပဏီတွေ ရှိသေးလား။

ကျောက်ဖြူစီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကိုတော့ Sinohydro Corporation က လုံးဝတာဝန်ယူထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Sinohydro က Power Construction Corporation of China ရဲ့(PCCC) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီ PCCC က ကမ္ဘာလုံးဆိုင်ရာ Fortune 500 ကုမ္ပဏီစာရင်းဝင်ပြီး နည်းပညာနယ်ပယ် အားလုံးအတွက် ကုမ္ပဏီတွင်းမှာတင် လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါတယ်။

ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ဆက်လက်ဆောင်ရွက်ဖို့ အကြောင်းကြားစာရဲ့ ထူးခြားမှုက ဘာဖြစ်သလဲ။ ဒါက ခင်ဗျားတို့ရဲ့ အဆိုပြုထားတဲ့ စီမံကိန်းတွေကို ဘယ်လို ရှေ့ဆက်စေပါသလဲ။

ဝန်ကြီးဌာနရဲ့ ဆက်လက်ဆောင်ရွက်ဖို့ အကြောင်းကြားစာကြောင့် စီမံကိန်းကို အကောင်အထည်ဖော်တဲ့ ကုမ္ပဏီတွေဟာ စီမံကိန်းကို အကောင်အထည်ဖော်ရင်း ဆက်လုပ်နိုင်တာပေါ့။ ဒီအထဲမှာ စေ့စပ်ညှိနှိုင်းခြင်း၊ ဝန်ကြီးဌာနနဲ့ စီမံကိန်း သဘောတူညီချက်တွေကို စာရင်းသွင်းခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအပေါ် ရိုက်ခတ်မှုအကဲဖြတ်ချက်တွေကို အပြီးသတ်ခြင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်၊ စီမံကိန်းဆောက်လုပ်ခြင်းတို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုကို စတင်ခြင်းတွေလည်း ပါဝင်ပါတယ်။

ဆက်လုပ်ဖို့ အကြောင်းကြားစာက စီမံကိန်းအဆိုပြုချက်တွေအတွက် မြန်မာအစိုးရထံက ခိုင်မာတဲ့ အတည်ပြုချက်တွေ ပေးလိုက်တာပါ။ ပြီးတော့ စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံမှုစတင်ဖို့ စီမံကိန်း အကောင်အထည်ဖော်သူတွေဆီက ကတိကဝတ်တစ်ခုလည်း ဖြစ်ပါတယ်။

စီမံကိန်းနှစ်ခုလုံး ရှေ့တိုးဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ နောက်ခြေလှမ်းတွေက ဘာတွေဖြစ်ပါသလဲ။

နောက်လုပ်မယ့်အရာတွေက ဝန်ကြီးဌာနနဲ့ စီမံကိန်းသဘောတူညီချက်တွေကို ညှိနှိုင်းပြီး လက်မှတ်ရေးထိုးဖို့ရယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအပေါ် ရိုက်ခတ်မှုအကဲဖြတ်မှုကို အပြီးသတ်ဖို့၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်ရဖို့၊ ဒါ့အပြင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ထပ်ဆင့်လွှင့် လိုင်းတွေနဲ့ ဆက်စပ်အဆောက်အအုံတွေ တည်ဆောက်ဖို့တွေ ဖြစ်ပါလိမ့်မယ်။

မီးလောင်ချိုင့်အတွက် အချိန်ကန့်သတ်ချက်က ဘယ်လောက်များ လက်တွေ့ကျပါသလဲ။

ဧရာဝတီ သဘာဝဓါတ်ငွေ့ရည် စီမံကိန်းအတွက် ပစ်မှတ်အချိန် ကန့်သတ်ချက်ဘောင်ကတော့ ကျွန်တော်တို့ရဲ့ ဖြစ်နိုင်ချေလေ့လာမှုအရဆို တော်တော်လေး လက်တွေ့ကျပါတယ်။ စီံမံကိန်း အကောင်အထည်ဖော်သူတွေ၊ ဒေသခံ လူ့အသိုင်းအဝိုင်းတွေ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကြား ပူးပေါင်း ဆောင်ရွက်မှုကနေ စီစဉ်ထားတဲ့အတိုင်း လိုအပ်တဲ့ စီမံကိန်းကြီးတွေ အောင်မြင်ရင်ပေါ့။

တည်ဆောက်ရေးစတင်ဖို့ ကျော်လွှားရမယ့် အဓိကအခက်အခဲတွေက ဘာတွေပါလဲ။ စိန်ခေါ်မှုတစ်ခုက ထပ်ဆင့်ပို့လွှတ်မယ့် လိုင်းတွေအပေါ် ဘယ်လိုမျိုး သိသိသာသာ သက်ရောက်စေမလဲ။

စီမံကိန်းက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ခြင်း၊ သန့်ရှင်းတဲ့ သဘာဝဓါတ်ငွေ့ရည်ကို အသုံးပြုခြင်း၊ ဓါတ်အား ထုတ်လုပ်မှုကလည်း အရေးပါပြီး နိုင်ငံအတွက် မြန်မြန်ဆန်ဆန်လုပ်ရမယ့် ရင်းနှီးမြုပ်နှံမှုဖြစ်တာကြောင့် တည်ဆောက်ရေးစတင်ဖို့ ကြီးမားတဲ့ အခက်အခဲတွေတော့ မရှိပါဘူး။

ကျွန်တော်တို့ရဲ့ လူထုနဲ့ တိုင်ပင်မှုတွေအရတော့ စီမံကိန်းဧရိယာမှာရှိတဲ့ ဒေသခံလူ့အသိုင်းအဝိုင်းက စီမံကိန်းကို အပြည့်အဝ ထာက်ခံ ကြိုဆိုကြပါတယ်။ ဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့ကလည်း ထပ်ဆင့်ပို့လိုင်းတွေအတွက် လမ်းဖောက်လုပ်ခွင့်အပါအဝင် လိုအပ်တဲ့ အတည်ပြုချက်တွေ၊ ဆောင်ရွက်ခွင့်တွေ ရရှိဖို့ ကူညီပေးမယ်လို့ ကတိပြုထားပါတယ်။

မီးလောင်ချိုင့်က သဘာဝဓါတ်ငွေ့ရည်ကို အသုံးပြုမယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် ကျောက်ဖြူအတွက် သဘာဝဓါတ်ငွေ့အရင်းအမြစ်က ဘယ်ကပါလဲ။

ကျောက်ဖြူ စီမံကိန်းက  ရွှေသဘာဝဓါတ်ငွေ့သိုက်ရဲ့ လက်ရှိဓါတ်ငွေ့ခွဲတမ်းကို အသုံးပြုမှာပါ။

ပိုပြီးကြီးမားတဲ့ စီမံကိန်းတစ်ခုမဟုတ်ပဲ ၁၃၅ မဂ္ဂါဝပ်ထုတ်လုပ်မယ့် combined-cycle ဓါတ်ငွေ့စက်ရုံကို ကျောက်ဖြူအတွက် ကုမ္ပဏီစုက ဘာကြောင့် အဆိုပြုခဲ့တာလဲ။

ကျောက်ဖြူစီမံကိန်းက ရွှေဓါတ်ငွေ့သိုက်က သဘာဝဓါတ်ငွေ့ကို သုံးမှာဖြစ်လို့ ၁၃၅ မဂ္ဂါဝပ်ဆိုတာ သဘာဝဓါတ်ငွေ့ ရနိုင်မှုအပေါ် အခြေခံတဲ့ အသင့်တော်ဆုံးပမာဏဖြစ်ပါတယ်။

မီးလောင်ချိုင့်အတွက် ကုမ္ပဏီစုက အကောင်အထည်ဖော်သူ ဖြစ်လာမလား၊ ဒါမှမဟုတ် စီမံကိန်းကို ဈေးကွက်ကို ချပြပြီး ပြင်ပက အကောင်အထည်ဖော်သူတစ်ဦးကို ရှာယူဖို့ စီစဉ်သလား။

ကျွန်တော်တို့ လုပ်ငန်းစုကပဲ အကောင်အထည်ဖော်မှာပါ။ နောက်ပြီး ခွင့်ပြုကာလတစ်လျှောက်လုံးအတွက် ကျွန်တော်တို့ဟာ စီမံကိန်းမှာ ရင်းနှီးမြုပ်နှံသူတွေအဖြစ် ဆက်ရှိနေမှာပါ။ အထူးသဖြင့် Supreme က စီမံကိန်းရဲ့ လူမှုရေး ရည်မှန်းချက်တွေ၊ ကျွန်တော်တို့နိုင်ရဲ့ အကျိုးစီးပွားနဲ့ ဒေသခံလူ့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ခွင့်ပြုကာလတစ်လျှောက်လုံး စီမံကိန်းမှာ ဆက်ပြီး ရင်းနှီးမြုပ်နှံနေမှာပါ။

ဒါပေမယ့် စီမံကိန်းကုမ္ပဏီစုကို ဝင်ရောက်ဖို့က သာဓကအနေနဲ့ သဘာဝဓါတ်ငွေ့ရည် ကျွမ်းကျင်မှုလို တိကျတဲ့ နည်းပညာ စွမ်းဆောင်ရည်တွေရှိတဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေအတွက် ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်က ကျွန်တော်တို့ရဲ့ စီမံကိန်းတွေနဲ့ ပိုပြီးလိုက်ဖက်ပြီး ပိုပြီး ကောင်းနိုင်ရင်ပေါ့။

ဓါတ်အားပေးစက်ရုံတွေမှာ ဘယ်လိုမျိုးနည်းပညာတွေ အသုံးပြုဖို့ စီစဉ်ထားပါသလဲ။ ဘယ်လို တာဘိုင်သွင်းသူတွေကို စဉ်းစားထားပါသလဲ။

ကျွန်တော်တို့ စီမံကိန်းအဆိုပြုချက်တွေနဲ့အညီ စီမံကိန်းနှစ်ခုလုံးမှာ အဓိကတပ်ဆင်မှုအတွက် ဥရောပနဲ့ အမေရိကားက နာမည်ကြီး ကုမ္ပဏီတွေ နည်းပညာတွေကို အသုံးပြုမှာပါ။

စီမံကိန်းနှစ်ခုလုံးအတွက် မျှော်မှန်းထားတဲ့ ရင်းနှီးမြုပ်နှံမှုက ဘယ်လောက်ပါလဲ။

ဧရာဝတီ သဘာဝဓါတ်ငွေ့ရည်စီမံကိန်းအတွက် မျှော်မှန်းထားတဲ့ ရင်းနှီးမြုပ်နှံမှုက ဒေါ်လာ ၂ ဒသမ ၄ ဘီလျံဖြစ်ပြီး ကျောက်ဖြူ ဓါတ်ငွေ့စွမ်းအင်သုံး ဓါတ်အားစီမံကိန်းအတွက်ကတော့ ဒေါ်လာ သန်း၂၀၀ နီးပါးဖြစ်ပါတယ်။

2-5.jpg

Zhefu Holding နှင့် Supreme Trading တို့မှ ကိုယ်စားလှယ်များအား ဇန်နဝါရီ ၃၀ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ရစဉ်။ ဓာတ်ပုံ- Supply

ဘဏ္ဍာငွေထောက်ပံ့မှုရရှိဖို့ အချိန်ဘယ်လောက်ကြာမယ်လို့ မျှော်မှန်းပါသလဲ။ ဓါတ်ငွေ့ဝယ်ယူမှု သဘောတူညီချက် စည်းကမ်းတွေကို လိုက်နာရမယ့် မြန်မာအစိုးရဆီက အပြည့်အဝ အာမခံချက်ရမှာလား။

စီမံကိန်းနှစ်ခုစလုံးကို နိုင်ငံတကာဘဏ်တွေဆီက ချေးငွေတွေနဲ့ ငွေကြေး ထောက်ပံ့မှာပါ။ ကျွန်တော်တို့ မျှော်မှန်းထားတာကတော့ နိုင်ငံတကာက ရရှိမယ့် ချေးငွေတွေကို နိုင်ငံတကာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်းကြီးတွေက အာမခံပေးမှာပါ။ ပြီးတော့ စီမံကိန်းသဘောတူညီချက်တွေကနေ မြန်မာအစိုးရကလည်း အာမခံပေးမှာပါ။

အစိုးရရဲ့ အာမခံမှုတစ်ခုဟာ နှစ်သက် လိုလားဖွယ်ပါ။ ဒါပေမယ့် ဒီစီမံကိန်းကို ငွေကြေးထောက်ပံ့ဖို့အတွက် မဖြစ်မနေ လုပ်စရာတော့ မလိုပါဘူး။ စီမံကိန်းတွေကို ငွေကြေးထောက်ပံ့ရေး ညှိနှိုင်းမှုတွေ စနေတာ အခုဆို အတော်လေးတောင် ကြာလာပါပြီ။ လိုအပ်တဲ့ စီမံကိန်းသဘောတူညီချက်တွေကို လက်မှတ်ထိုးပြီးတာနဲ့ အချိန်တိုအတွင်းမှာ ငွေကြေးမတည်မှုကို အပြီးသတ်လို့ရပါတယ်။

ဒီစီမံကိန်းတွေအတွက် တရုတ်တို့ရဲ့ ခါးပတ်တစ်ခု ရပ်ဝန်းတစ်ခု အစီအစဉ် (Belt and Road Initiative) ကနေ ကူညီထောက်ပံ့မှုတွေ ရယူဦးမှာလား။

တရုတ်နိုင်ငံက ကုမ္ပဏီတွေပါဝင်နေတော့ ဒီအစီအစဉ်အောက်ကနေ တရုတ်အစိုးရဆီက ဖြစ်နိုင်ဖွယ်အကူအညီတွေ ယူတာ သဘာဝတော့ ကျပါတယ်။ ဒါပေမယ့် ဒီလိုမျိုးရယူမှုတွေကို တရုတ်နဲ့ မြန်မာကြား ဆက်ဆံရေးတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ စီးပွားရေးနယ်ပယ်တွေမှာ ကန့်သတ်မှုတွေ ရှိပါလိမ့်မယ်။

အစိုးရရဲ့ အာမခံ ကတိကဝတ်မရှိဘဲ အစိုးရရဲ့ ဓါတ်အားခအခွန်တွေ နည်းပါးနေချိန် ဒီလိုစီမံကိန်းတွေထဲ ဝင်လုပ်ဖို့ ဘယ်လောက် ယုံကြည်မှုရှိလဲ၊ ပြီးတော့ အမတော်ကြေးတွေလည်း တစ်နှစ်ကို ဒေါ်လာသန်းရာပေါင်းများစွာ ပေးနေတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ လွတ်လပ်တဲ့ ဓါတ်အားထုတ်လုပ်သူတွေဆီကနေ နိုင်ငံနဲ့ ပြည်သူတွေအတွက် အယှဉ်ပြိုင်နိုင်ဆုံး အခွန်နှုန်းထားတွေနဲ့ လျှပ်စစ်ဓါတ်အားရရှိဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ ဒီပေါ်လစီကို မပြောင်းလဲသေးပါဘူး။ ပြီးတော့ ကျွန်တော်ရဲ့စီမံကိန်းအဆိုပြုချက်တွေကို အကဲဖြတ်ရာမှာလည်း ဒီပေါ်လစီကိုပဲ သုံးပါတယ်။

ဈေးကွက်က ပိုပြီးကောင်းလာပြီး ကမ္ဘာတစ်ဝန်းမှာလည်း သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု မြင့်မားလာတာကြောင့် ကျွန်တော်တို့ဟာ နိုင်ငံတကာ လောင်စာဈေးကွက်မှာ အယှဉ်ပြိုင်နိုင်ဆုံးဈေးနှုန်းနဲ့ လောင်စာရင်းမြစ်ကို ရယူနိုင်ပါတယ်။

ပိုမိုထိရောက်ပြီး အရည်အသွေးမြင့်မားတဲ့ ဓါတ်ငွေ့တာဘိုင်စက်ကြီးတွေကို ပိုပြီး ယှဉ်ပြိုင်နိုင်တဲ့ဈေးနှုန်းတွေနဲ့ ရရှိနိုင်မှု၊ နောက်ပြီး လုံခြုံမှုရှိတဲ့ သဘောတူညီချက်တွေရဲ့ ကျောထောက်နောက်ခံမှုရှိတဲ့ ကာလရှည် ရင်းနှီးမြုပ်နှံမှုအတွက် အတိုးနှုန်း အလွန်သက်သာတဲ့ ချေးငွေရရှိမှုတွေကြောင့် ဓါတ်အားထုတ်လုပ်မှု ဈေးနှုန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.