ဓာတ်ခွဲခန်းများ ဝင်ရောက် စီးနင်းမှုမှ ကန်ဒေါ်လာ ၇ သန်း တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

အေအက်ဖ်ပီ

မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများအား ဝင်ရောက်စီးနင်းမှုမှ အမေရိကန်ဒေါ်လာ ခုနစ်သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို မြန်မာစစ်သားများက ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က ယနေ့ ပြောကြားသည်။ မူးယစ်ဆေးဝါးကုန်သွယ်မှုများမှ အမြတ်အစွန်းများ ရရှိနေသည်ဟု စွပ်စွဲခံထားရသည့် တိုင်းရင်းသားအဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် ထိုသို့ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာတစ်ခုဖြစ်သည့် လွယ်ခန်ကျေးရွာအနီး ပြန့်ကျဲနေသည့် အဆောက်အဦး ၃၄ လုံးတွင် တည်ရှိသည့် မူးယစ်ဆေးထုတ် စက်ရုံများအား တပ်မတော်သားများနှင့် ဒေသခံတာဝန်ရှိသူများက ဝင်ရောက်စီးနင်းရာတွင် စိတ်ကြွဆေး ၂၅၉ ကီလိုဂရမ်နှင့် ဘိန်း ၁၂၀ ကီလိုဂရမ်တို့အား ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖမ်းဆီးရမိသည့် ပစ္စည်းကိရိယာများ၏ အသေးစိတ်စာရင်းကို ဖော်ပြထားရာ အက်စစ်နှင့် ဒီဇင်တိုင်ကီအများအပြား၊ ကော့စတစ်ဆိုတာ ၇၅၀ အိတ်၊ Freezer ၂၂ လုံး၊ မီးစက် ၁၂ လုံးအပါအဝင် ကာဖိန်းနှင့် အခြားဓာတုပစ္စည်း အများအပြားလည်း ပါဝင်သည်။

“ဝင်ရောက်စီးနင်းမှုမှာ တပ်မတော်က မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တရားစွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်နေဆဲပါ” ဟု မူးယစ်တိုက်ဖျက်ရေးဌာနမှ အမည်မဖော်လိုသည့် အဆင့်မြင့် ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

ပြီးခဲ့သည့်လက စုစုပေါင်းတန်ဖိုး ဒေါ်လာ ၅၄ သန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား သန်း ၃၀ နှင့် အိုက်စ် နှစ်တန်အပါအဝင် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည့် ကွတ်ခိုင်မြို့နယ်တွင် ယခုဖမ်းဆီးမှုကို ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်စပ်ဒေသများတွင် တပ်မတော်က တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်အဖွဲ့များအား ထိုးစစ်ဆင်နွှဲနေသည့်ရာသီတွင် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် တစ်ပတ်အတွင်းမှာပင် ကွတ်ခိုင်နှင့် သိန္ဒီမြို့နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၈၇၀ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပဋိပက္ခများ ဖြစ်ပွားနေသည့် အရှေ့မြောက်ပိုင်းဒေသသည် အာရှ၏ စိတ်ကြွဆေးထုတ်လုပ်ရာ ပင်မအချက်အချာ ဖြစ်သည်။ ထွက်ရှိသည့် မူးယစ်ဆေးဝါးများကို အရှေ့တောင်အာရှဒေသကိုပင် ကျော်လွန် ဖြန့်ဖြူးနေသည်။

စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများကို မူးယစ်ဆေးကုန်သွယ်မှုများက မီးစာထိုးပေးသကဲ့သို့ ဖြစ်နေပြီး မူးယစ်ဆေးကုန်သွယ်မှုများမှ အမြတ်အစွန်းများ ရရှိနေသည်ဟုလည်း အပြန်အလှန်စွပ်စွဲနေကြသည်။

စိတ်ကြွဆေးလိုအပ်ချက် မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားသော်လည်း အာဖဂန်နစ္စတန်အပြီးတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဘိန်းအများဆုံး ထုတ်လုပ်သူဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar