နေပြည်တော်၊ ဒီဇင်ဘာ ၃
ပြီးခဲ့သည့် ၂၇ နှစ်အတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တဲ့အကြိမ်တိုင်း ပြိုင်ဘက်ပါတီတွေကို အပြတ်အသတ် အနိုင်ရလေ့ရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ယခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အားလျော့သွားဖို့ရှိတယ်လို့ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်ဖြစ်တဲ့ ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့မှာ အမှတ်စဉ် နံပါတ် ၁ နေရာကနေ တာဝန်ယူထားတဲ့သူက “မဲဆွယ်စည်းရုံးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ပါလို့မရတဲ့အတွက် အဲဒါတစ်ခုကတော့ ကျွန်တော်တို့အတွက် အားလျော့သွားတာပေ့ါ။ ကျန်တဲ့သူတွေ ဝိုင်းကြိုးစားရမှာပေ့ါ” လို့ ပြောကြားပါတယ်။
နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ UEC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအတွင်း ခေတ္တအားလပ်ချိန်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဦးဝင်းထိန်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေကို ပါတီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားတာကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးနဲ့ သမ္မတရုံးတွေရဲ့ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ရာထူးတာဝန်တွေယူထားတဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အတွက် အရင်ရွေးကောက်ပွဲတွေကလို ရှေ့ထွက်ပြီး နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးပေးလို့ မရတော့ပါဘူး။
NLD ဟာ အာဏာရယူထားတဲ့ စစ်တပ်က ဦးဆောင်ကျင်းပပြီး အာဏာလွဲပြောင်းပေးခြင်း မရှိတဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ၈၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်မှာ လစ်လပ်နေရာ ၄၅ ခုအတွက်လုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၉၀ ရာခိုင်နှုန်းကျော်နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းခန့်အထိ အသီးသီး အောင်ပွဲခံနိုင်ခဲ့တဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။
မကြာတော့တဲ့ ဧပြီ ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာအတွက် ကျင်းပမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ NLD ဟာ ၁၈ နေရာ ဝင်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။
ကယားပြည်နယ်လွှတ်တော်၊ ဖရူဆိုမဲဆန္ဒနယ် (၁) နေရာအတွက် အမတ်လောင်းစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ချိန်အတွင်း မပေးပို့နိုင်ခဲ့တာကြောင့် ရာနှုန်းပြည့် ယှဉ်ပြိုင်မယ့် အဓိက ပြိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ထက် တစ်နေရာလျော့နည်းပြီး NLD ကယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နဲ့ နီးပါး ပါဝင်ယှဉ်ပြိုင်မယ့် USDP နဲ့ NLD ပါတီအပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ ၂၄ ခု နဲ့ တသီးပုဂ္ဂလ ခုနစ်ဦး၊ စုစုပေါင်း ၉၅ ဦးက ပါဝင်ယှဉ်ပြိုင်ဖို့ UEC ထံမှာ စာရင်းပေးသွင်းထားကြပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း