နေပြည်တော်၊ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၁၇ ကြိမ်မြောက် အာဆီယံ ပါလီမန်များ အစည်းအဝေးဖွင့်ပွဲတွင် ”ရွှေမောင်း”ကို အားမာန်အပြည့်ဖြင့် တီးခတ်ပြလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်တာဝန်များကို နားနားနေနေ ပြန်လည် ထမ်းဆောင်နေပြီဖြစ်သည်။
ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် နှစ်ပတ်ကျော်ကြာခရီးမှ အပြန်တွင် ခရီးပန်းခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း၊ ဇက်ကြောကျီးပေါင်းတက်ခြင်း၊ အားနည်းခြင်း ဝေဒနာများကြောင့် စက်တင်ဘာ ၂၅ ရက်နေ့ညက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိချိန်မှ စတင်ကာ ရန်ကုန်မြို့ရှိ နေအိမ်တွင် လေးရက်ခန့် အနားယူခဲ့ရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စက်တင်ဘာ ၃၀ ရက်၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၁ တွင် ပြုလုပ်သော အဆိုပါအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
”နားနားနေပေါ့။ အလုပ်အများကြီးတော့ မဟုတ်ဘူး။ နည်းနည်းတော့ လုပ်နေပြီ”ဟု အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည် “ကျန်းမာနေပါပြီ”ဟု Frontier ကို ပြောသည်။
အာဆီယံပါလီမန်များ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က သဝဏ်လွှာပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းနှင့် အာဆီယံပါလီမန်များအထွေထွေ အတွင်းရေးမှူးချုပ်တို့က ရွှေမောင်းတီးကာ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း