ဒေါ်အောင်ဆန်းစုကြည်၏ ဌာနနှစ်ခုနှင့် ကာကွယ်ရေးဌာနတို့ကို ဘတ်ဂျက် မဖြတ်

အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအပေါ် ပြည်ထောင်စုလွှတ်တော်က အသုံးစရိတ်များ လျော့ချ ဖြတ်တောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ဌာနနှစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် စုစုပေါင်း ဌာန ခြောက်ခုတို့ကို ဖြတ်တောက်ခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့်အစိုးရလက်ထက်က တောင်းခံခွင့်ပြုပြီးဖြစ်သည့် အရအသုံးစာရင်းများကို အစိုးရသစ်လက်ထက်တွင် လျော့ချ သို့မဟုတ် ပူးပေါင်းလိုက်သည့် ဝန်ကြီးဌာန အရေအတွက်နှင့် ဆီလျော်အောင် ပြန်လည်ရေးဆွဲထားမှုကို သြဂုတ် ၂၃ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုရာတွင် စုစုပေါင်း ဝန်ကြီးဌာန ၂၂ ခုရှိသည့်အနက် ၁၆ ခုသာ စိစစ်ဖြတ်တောက်ခံရခြင်းဖြစ်သည်။

ဘတ်ဂျက်ဖြတ်တောက်ခြင်း မခံရသည့် ဌာနစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ၎င်း ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် နိုင်ငံခြားရေးအပြင်ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့ ပါဝင်သည်။

“ပညာရေး၊ ကျန်းမာရေးကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း ဦးစားပေးပြီးတော့ မဖြတ်တောက်ခဲ့ဘူး။ အခုလည်း ဖြတ်တောက်စရာ အကြောင်းမရှိဘူး။ ဝန်ကြီးဌာန အသစ်နှစ်ခုဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ကိုလည်း မဖြတ်ပါဘူး။ အခုမှ အသစ်ဖွဲ့တာဖြစ်လို့ လိုအပ်ချက်တွေများတယ်” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက Frontier ကို ပြောသည်။

ထို့အတူ ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်းအသုံးစရိတ် ကျပ်သန်း ၂၈ သိန်းကျော်သုံးစွဲပြီး ဘဏ္ဍာငွေအများဆုံး သုံးစွဲသည့်စာရင်းတွင်ပါဝင်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ကို မဖြတ်တောက်ရခြင်းမှာ မြန်မာ့ တပ်မတော်ကို ခေတ်မီအောင် တည်ဆောက်ရမည်ဟု ရှုမြင်ခြင်းကြောင့်ဟု ၎င်းက ဆိုသည်။

“အမှန်တော့ တိုင်းပြည်က ဆင်းရဲနေလို့သာ။ ဒီထက်တောင် ပိုပြီးပေးသင့်တယ်လေ။ ကာကွယ်ရေးကလည်း သူ့အစီအစဉ်နဲ့သူ သွားနေတာလေ” ဟု ၎င်းက ပြောသည်။ ထို့ပြင် စုစုပေါင်းအသုံးစရိတ် ကျပ်သန်း လေးသောင်း ခုနှစ်ထောင်ကျော်သုံးစွဲမည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို မဖြတ်တောက်ရခြင်းမှာ “အများကြီးလည်း မတောင်းထားဘူး။ ရုံးလုပ်ငန်းလုပ်ရုံ တောင်းတာမို့ပါ” ဟု ဦးအောင်မင်းက ရှင်းပြသည်။

အစိုးရသစ်၏ ပထမဆုံးဘတ်ဂျက်နှစ်ဖြစ်သည့် ၂၀၁၆-၁၇ တွင် စုစုပေါင်းအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းကျော် တောင်းခံခဲ့ပြီး ဝန်ကြီးဌာန ၁၆ ခုမှ ကျပ်ဘီလီယံ ၄၇၀ ဝန်းကျင်ကို ပြည်ထောင်စုလွှတ်တော်က ပြန်လည် ဖြတ်တောက် အတည်ပြုလိုက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောဆိုမှုများအရ ယခုဘတ်ဂျက်နှစ်အတွင်း ဘဏ္ဍာငွေအများဆုံး သုံးစွဲမည့်ဝန်ကြီးဌာနမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်၏ ၂၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်ဟု သိရသည်။

စုစုပေါင်းဘတ်ဂျက်၏ ၇ ဒသမ ၉ ရာခိုင်နှုန်းကို ပညာရေး၊ ၄ ဒသမ ၂ ရာခိုင်နှုန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အတွက် သုံးစွဲရန် အစိုးရအဖွဲ့က စီစဉ်ထားသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှာမူ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဘတ်ဂျက်သုံးစွဲမှု အနည်းဆုံး ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar