ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ်ကို အာဆီယံအတွက်သုံးပေးရန် စင်ကာပူဝန်ကြီးချုပ် တောင်းဆို

နေပြည်တော်၊ ဇွန် ၈

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာအလယ်မှာပိုမိုမြှင့်တင်နိုင်ဖို့ ပုံရိပ်ကောင်း ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်တက်ကြွကြွ ဦးဆောင်ကူညီစေလိုတယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဇွန် ၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ စင်ကာပူဝန်ကြီးချုပ်ဟာ နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပန်ကြားလိုက်တာဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာကလည်း လေးစားရတဲ့ ပုံရိပ်ရှိတယ်။ အာဆီယံအနေနဲ့ နိုင်ငံတကာမှာပူးပေါင်းဆောင်ရွက်နေတဲ့G 20၊ ရာသီဥတုပြောင်းလဲမှုစသဖြင့် ကိစ္စတွေမှာ အာဆီယံက အဖွဲ့အစည်းသေးသေးလေးဖြစ်နေတယ်။ အသံက သိပ်မထွက်ဘူး။ အဲဒီတော့ အာဆီယံကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကနေပြီး တက်တက်ကြွကြွနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်ပေးဖို့ တောင်းဆိုတာပါ” လို့ တွေ့ဆုံပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်တာပါ။

စင်ကာပူဝန်ကြီးချုပ်ရဲ့ တောင်းဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဆီယံကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းခဲ့တာပါ။ စစ်တပ်က နှစ်ပေါင်းများစွာ အာဏာသိမ်းထားခဲ့တဲ့ မြန်မာနိုင်ငံကိုတော့ ၁၉၉၇ ခုနှစ်ရောက်မှ အဖွဲ့ဝင်အဖြစ်လက်ခံခဲ့တာပါ။

ဇူလိုင်လမှာ လာအိုနိုင်ငံ၌ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး စတင်တက်ရောက်ရမယ့် အစည်းအဝေးဖြစ်ပြီးတော့ အာဆီယံနိုင်ငံတွေနဲ့ ပထမဆုံး စတင်ထိတွေ့ရမယ့် ပွဲလည်း ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများက ခေါင်းဆောင်များဟာ ယခင်စစ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ သိပ်မရင်းနှီးကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ချိန်မှာ အာဆီယံနိုင်ငံတွေအနက် စင်ကာပူနိုင်ငံကပဲ ပထမဆုံး တရားဝင် ဝမ်းသာဂုဏ်ယူကြောင်း ချီးကျူးခဲ့ပေမယ့် ကျန်တဲ့ နိုင်ငံတွေကတော့ နှုတ်ဆိတ်နေခဲ့ကြပါတယ်။

ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုက တာဝန်ယူထားပြီး အာဆီယံအနေဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်တဲ့အချိန်မှာ နိုင်ငံတကာ ခေါင်းဆောင်များနှင့် ရင်းနှီးပြီး အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသူ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံအတွက် အရေးပါအရာရောက်သူ တစ်ဦးဖြစ်လာမည်ဟု လေ့လာသူများက သုံးသပ်ထားကြပါတယ်။

‘‘ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သူအကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့မှုတွေကြောင့် နိုင်ငံတကာအခြေအနေအပေါ် သူ့အမြင်တွေဟာ အာဆီယံအတွက် အသုံးဝင်ပါလိမ့်မယ်။ အာဆီယံတစ်ဖွဲ့လုံး ဆိုတာကို ကိုယ်စားပြုဖို့အတွက် သူနဲ့ မြန်မာနိုင်ငံဟာ အာဆီယံအမြင်တွေနဲ့ အဆက်အစပ်ရှိ ပူးပေါင်းဖို့ အရေးကြီးပါတယ်’’ ဟု ဒေသတွင်း နိုင်ငံရေးလေ့လာသူ ဝါရင့်ထိုင်းသတင်းစာဆရာ ကာဝီ ချောင်ကစ်တဗွန်က ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းစာမှာ ရေးသားခဲ့ဖူးပါတယ်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar