ဒေါ်လာ ၉၂ သန်းတန် လောင်စာဆီသိုလှောင်ရုံကို သီလဝါတွင် ဖွင့်လှစ်

မြန်မာနိုင်ငံ၏ လျှင်မြန်စွာတိုးတက်လာနေသည့် စီးပွားရေးကြောင့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နိုင်ငံတကာ ကုန်စည်ရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်သည့်Trafigura က ကျောထောက်နောက်ခံပြုထားသည့် စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၉၂ သန်းတန် လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့သိုလှောင်ရုံကို ဖွင့်လှစ်ခဲ့သည်။

Puma Energy နှင့် ၎င်း၏ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun တို့က တည်ဆောက်ခဲ့သော ၎င်းသိုလှောင်ရုံကို ရန်ကုန်မြို့အပြင်ဘက်ရှိ သီလဝါဆိပ်ကမ်းတွင် မေ ၆ ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသိုလှောင်ရုံကြောင့် ဂျက်လေယာဉ် လောင်စာဆီမှစတင်ကာ ရေနံ၊ ရေနံကတ္တရာအထိ ကုန်စည်များအတွက် တင်သွင်းမှုကုန်ကျစရိတ်များကို လျှော့ချဖြတ်တောက်နိုင်မည်ဟု Puma Energy Asia Sun ၏ အထွေထွေမန်နေဂျာ ဒေးဗစ်ဟိုးလ်ဒင်းက ပြောကြားသည်။

“လိုအပ်ချက်ရှိနေတဲ့နေရာက မြန်မာပြည်ဖြစ်သလို ရင်းနှီးမြုပ်နှံမှုတွေကို တွန်းအားပေး မောင်းနှင်ခဲ့တာလည်း မြန်မာပြည်ပဲဖြစ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို တနင်္လာနေ့က ပြောကြားသည်။ လာမည့်နှစ်များအတွင်း လောင်စာဆီလိုအပ်ချက်မှာ နှစ်စဉ် ငါးရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟုလည်း ၎င်းကခန့်မှန်းခဲ့သည်။

မြန်မာနိုင်ငံတွင် လောင်စာဆီဖြန့်ဖြူးရေးလုပ်ငန်းကို စွမ်းအင်ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းလုပ်ကိုင်ရန်အတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ပကုမ္ပဏီသုံးခုအနက် စင်ကာပူတွင် အခြေစိုက်သည့် Puma Energy က နောက်ဆုံးအဆင့်တွင် ရွေးချယ်ခံခဲ့ရသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဖြေလျော့မှုများ ပါဝင်လာပြီးနောက် ပြည်တွင်းတွင် လောင်စာဆီဆိုင်များ ဖွင့်လှစ်ခွင့်ရရှိရန်နှင့် လွတ်လပ်စွာဖြန့်ဖြူးနိုင်ရန်ကိုလည်း ၎င်းကုမ္ပဏီက လိုလားနေသည်။

ကုမ္ပဏီအနေဖြင့် ရန်ကုန်နှင့် မန္တလေးအကြား တစ်လျောက်တွင် လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားနေပြီး လက်လီရောင်းချမှုမှ တစ်နှစ်လျှင် လောင်စာဆီ လီတာပေါင်း ၁ ဒသမ ၅ ဘီလျံအထိ ရောင်းရမည်ဟု ခန့်မှန်းထားကြောင်း ဟိုးလ်ဒင်က ပြောကြားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar