မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈-၁၉  တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ဇွန် ၁၈ ရက်နေ့က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အလှုပ်အရမ်းများခဲ့သည့် မြန်မာ့စီးပွားရေးအခြေအနေသည် ယခုအခါ “တဖြေးဖြေးချင်း တည်ငြိမ်လာကာ အရှိန်ပြန်ရလာသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေး စီမံကိန်း (Myanmar Sustainable Development Plan) မှာ ဖော်ပြထားတဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေကို ရောက်ရှိဖို့အတွက် အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကပါ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံရဲ့ မေခရိုစီးပွားရေး တည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုအရှိန်ကို ထိန်းထားနိုင်မှာဖြစ်ပြီး ရေရှည်မျှော်မှန်းထားတဲ့ ပန်းတိုင်းတွေဆီ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Gevorg Sargsyan က ပြောသည်။

သို့သော် မြန်မာအစိုးရက ၂၀၁၈-၁၉ တွင် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။

“နိုင်ငံတော်၏ စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ကုန်ခန့်မှန်းခြေတွင် သင့်တင့်သည့် စီးပွားရေး တိုးတက်မှုနှုန်း ရရှိမည်ဟု မျှော်မှန်းထားပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း” ဇွန် ၁၈ ရက်နေ့က နေပြည်တော်၌ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးတွင် သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းသည် နိုင်ငံ၏ (GDP) ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀-၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ခြင်း၊ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ အာမခံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း၊ အခြေခံအဆောက်အအုံကဏ္ဍတွင် ငွေကြေးသုံးစွဲဆောင်ရွက်ခြင်းတို့ကြောင့်ဖြစ်သည်ဟု အစီရင်ခံစာ၌ ဆက်လက်ဖော်ပြထားသည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာစီးပွားရေး အရှိန်နှေးကွေးနေခြင်း၊ ကုန်သွယ်ရေးစစ်ပွဲ ပိုမိုတင်းမာလာခြင်းနှင့် အီးယူ (ဥရောပသမဂ္ဂ) က ကုန်သွယ်မှု အထူးအခွင့်အရေးများ ရုပ်သိမ်းနိုင်သည့် အလားအလာရှိခြင်း၊ စွမ်းအင်ဈေးနှုန်းများ အတက်အကျ အပြောင်းအလဲမြန်ဆန်ခြင်းတို့က အဓိက စိန်ခေါ်မှုနှင့် အန္တရာယ်များအဖြစ်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည ၆ ဒသမ ၆ ရာခိုင်နှုန်းတွင် တည်ငြိမ်နေမည်ဖြစ်သော်လည်း ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြင်းနှင့် အစိုးရက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များ ကာမိစေရန် ဓာတ်အားခဈေးများ ပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်နေခြင်းတို့က ငွေကြေးဖောင်းပွမှုကို မြင့်တက်လာစေနိုင်သည်ဟုလည်း ဆိုသည်။

“ဥပဒေအသစ်တွေ ရေးဆွဲပြဌာန်းလာတာနဲ့အမျှ စီးပွားရေးဈေးကွက်အလားအလာ မြင့်တက်လာတဲ့လက္ခဏာတွေ မြင့်တွေ့နေရပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံရုံးမှ ဦးဆောင်ဘောဂဗေဒပညာရှင် Hans Anand Beck က ပြောသည်။

ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ရန် ၎င်းက အကြံပြုထားပြီး အာမခံလုပ်ငန်းနှင့် အခွန်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းနှင့်အတူ စွမ်းအင်ကဏ္ဍတွင် ပွင့်လင်းမြင်သာသည့် ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ခြင်းစသည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်ရန်လည်း ၎င်းက အကြံပြုထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားနေမှုကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် စွမ်းအင်ကဏ္ဍတွင် ယခုထက်နှစ်ဆပိုမိုသည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပြီး လက်ရှိစီမံကိန်းများကိုလည်း ယခုထက် သုံးဆပိုမိုမြန်ဆန်စွာ ဆောင်ရွက်ရန်လိုအပ်သည်ဟု အစီရင်ခံစာတွင် အကြံပြုထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်အနိမ့်ဆုံးအောင် ဆောင်ရွက်ရန်နှင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ရန်လည်း ကမ္ဘာ့ဘဏ်က တိုက်တွန်းထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar