Residents man an informal checkpoint at the entrance to a street in Yangon's Sanchaung Township on September 11 after the government announced stay-at-home orders for most of the city. (Nyein Su Wai Kyaw Soe | Frontier)
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အတော်များများကို နေအိမ်တွင်သာနေထိုင်စေရေးအမိန့် ထုတ်ပြန်ပြီး စက်တင်ဘာ၁၁ရက်က စမ်းချောင်းမြို့နယ်အတွင်း လမ်းတစ်ခုတွင် ကိုဗစ်-၁၉စည်းမျဉ်းများ လိုက်နာစေရေးအတွက် တာဝန်ယူနေသော ဒေသခံအချို့ကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကိုဗစ် ဒုတိယလှိုင်း၊ ဘယ်လောက်ပြင်းထန်သလဲ၊ ဘယ်ကဏ္ဍတွေ ဘယ်လောက် ထိခိုက်နေသလဲ

ဩဂုတ်လလယ်တွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းသည် မြန်မာနိုင်ငံကို အပြင်းအထန်ရိုက်ခတ်လျက်ရှိပြီး နိုင်ငံ၏ အရေးပါသည့် ကဏ္ဍအားလုံးကို ချိနဲ့စေသည်။ ယင်းမှာ မြန်မာပြည်အတွက် အဆိုးဆုံးအခြေအနေဟုတ်၊ မဟုတ်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

စည်သူအောင်မြင့် ရေးသားသည်။

လက်ရှိအချိန် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ပျံ့နှံ့ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် ပထမလှိုင်းကာလနဲ့မတူ ကူးစက်ပျံ့နှံ့မှု အရေအတွက် များပြားတာ၊ ကူးစက်မှု မြန်ဆန်တာ၊ နေရာအနှံ့အပြားမှာ တစ်ပြိုင်နက်တည်း ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်နေတာ၊ လူသေဆုံးမှု မြင့်တက်နေတာ စတဲ့ အခြေအနေတွေ ရင်ဆိုင်နေရပါတယ်။

အစိုးရဟာ ကိုဗစ်-၁၉ကို ကုသ၊ ထိန်းချုပ်နိုင်ဖို့ အတွက် ရုပ်ဝတ္ထု၊ ငွေကြေးတွေတင်မက လူသားအရင်းအမြစ်တွေကိုလည်း အများကြီး အသုံးပြုနေရပါတယ်။ ပထမလှိုင်းတုန်းကနဲ့မတူ ပြည်သူ့ကျန်းမာရေးတင်မက ကျန်နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေး အဘက်ဘက်ကို ကြီးကြီးမားမား ထိခိုက်နစ်နာနေစေတာကိုလည်း တွေ့မြင်နေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်ဒုတိယလှိုင်း ဘယ်လောက် ပြင်းထန်သလဲ၊ ဘယ်နယ်ပယ်တွေကို ဘယ်လောက်ထိ ထိခိုက်နစ်နာစေနိုင်မလဲဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြဿနာအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

ကိုဗစ်-၁၉ကြောင့် မြန်မာနိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်ကဏ္ဍတွေကို ဘယ်လောက် ထိခိုက်စေနိုင်မလဲ ဆိုတာ မှန်းဆနိုင်ဖို့ လက်ရှိမြန်မာ့ကိုဗစ်ပြဿနာ ဘယ်လောက်ကြီးမားသလဲ ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ၂၀၂၀ စက်တင်ဘာ၃၀ရက် နေ့ခင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံလူနာ ၁၂၄၂၇ဦး၊ ကုသပျောက်ကင်းပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၃၉၁ဦး၊ သေဆုံးသူ ၂၈၄ဦးရှိပြီး လက်ရှိကိုင်တွယ်ကုသပေးနေရတဲ့ Active လူနာ ၈၇၅၂ ယောက်ရှိနေပါတယ်။ လက်ရှိ ဒုတိယလှိုင်းနဲ့ ပထမလှိုင်း ဘယ်လို ကွာခြားလည်း အရင် ကြည့်ကြရအောင်ပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ၂၀၂၀မတ်၂၃ရက်မှာ စတွေ့ခဲ့ပါတယ်။ ကူးစက်မှု ဒုတိယလှိုင်းလို့ သတ်မှတ်နိုင်တဲ့ စစ်တွေမှာ ကိုဗစ်ကူးစက်ခံ လူနာကို သြဂုတ်၁၆ရက်မှာ စတွေ့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကူးစက်ခံ စတွေ့ချိန်အထိ အချိန် ငါးလ၊ ရက်ပေါင်း ၁၅၀ အတွင်း ကိုဗစ်-၁၉ကူးစက်ခံရသူ ၃၇၅ ယောက်ပဲ ရှိခဲ့ပါတယ်။ နောက်ထပ် ၁၃ရက်အကြာ သြဂုတ်၂၉ရက်မှာတော့ နှစ်ဆတိုးပြီး ၇၄၉ ယောက်ဖြစ်သွားပါတယ်။

ဒီလိုနည်းနဲ့ နောက်ထပ် ခုနှစ်ရက် သို့မဟုတ် ရှစ်ရက်ကြာတိုင်း ကူးစက်သူ အရေအတွက် နှစ်ဆနှုန်း တိုးတိုးလာတာ အခုဆိုကူးစက်ခံရသူ စုစုပေါင်း ၁၂၄၂၇ ယောက်ရှိနေပါပြီ (ဆောင်းပါးရေးသားချိန် စက်တင်ဘာလကုန်အထိ စားရင်းအရဖြစ်သည်)။

ပထမလှိုင်းတုန်းက ပျမ်းမျှတစ်ရက် လူနှစ်ယောက်ခွဲနှုန်း ကူးစက်ခဲ့ရာကနေ ဒုတိယလှိုင်းမှာ ပျမ်းမျှ တစ်ရက်ကို လူ၂၇၀လောက် ကူးစက်နေတာမို့ ပထမလှိုင်းတုန်းကထက် အဆပေါင်း ၁၀၀ ကျော်လောက်ကူးစက်မှု မြင့်တက်နေတာကိုလည်း တွေ့မြင်ရပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုက ကိုဗစ်ဗိုင်းရပ်စ်ဟာ နေရာဒေသ တစ်ခုနှစ်ခုမှာ မဟုတ်ဘဲ မြို့နယ်၊ နေရာအနှံ့အပြားမှာ ကူးစက် ပျံ့ပွားနေတဲ့ ပြဿနာပါ။

အနီးဆုံး တစ်ပတ်တာ မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် စက်တင်ဘာ၁၉ရက်က ၆၉မြို့နယ်၊ ၂၀ ရက်က ၆၅ မြို့နယ်၊ ၂၁ ရက်က မြို့နယ်ပေါင်း ၇၀ ၊ ၂၂ ရက်က မြို့နယ်ပေါင်း ၈၅ မြို့နယ်၊ ၂၃ ရက်က ၆၉ မြို့နယ်၊ ၂၄ ရက်က ၇၆ မြို့နယ်၊ ၂၅ ရက်က ၅၄ မြို့နယ်၊ ၂၆ ရက်က ၇၇ မြို့နယ်၊ ၂၇ ရက်က ၈၈ မြို့နယ် ၊၂၈ ရက်က ၈၅ မြို့နယ်မှာ ကူးစက်မှုအသစ်တွေ တွေ့ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံ မြို့နယ် စုစုပေါင်းရဲ့ ၄ ပုံတစ်ပုံကျော်မှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့ပွားနေတဲ့ သဘောမို့ စိုးရိမ်စရာတော့ ကောင်းနေပါသေးတယ်။

နောက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကုသနိုင်မှုနှုန်းနဲ့ သေနှုန်းပါ။ ကိုဗစ်ကြောင့် ကုသနိုင်မှုနှုန်းနဲ့ သေဆုံးနှုန်းကို တွက်ချက်နိုင်တဲ့ နည်းရှိပါတယ်။ အဲဒါကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်ပွားနေဆဲ Active လူနာတွေ မပါ၊ ပြန်ပြီး ကောင်းမွန်လာသူတွေနဲ့ သေဆုံးသူတွေရဲ့ အချိုးကို တွက်ချက်ကြည့်တာပါ။ ဥပမာ ကိုဗစ် အမှုပိတ်သိမ်းပြီး လူ ၁ဝဝမှာ ဘယ်နှယောက် ရောဂါပိုးကင်းစင်သွားပြီး ဘယ်နှစ်ယောက် သေဆုံးသလဲ ဆိုတဲ့ တွက်ချက်မှုပါ။

စက်တင်ဘာ ၃၀ ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းတွေကို အခြေခံပြီး တွက်ချက်ကြည့်ရင် တမ္ဘာလုံးပျမ်းမျှ ကုသနိုင်လို့ ရောဂါပိုးကင်းစင်လာသူ ၉၆ရာခိုင်နှုန်း၊ သေဆုံးသူ ၄ရာခိုင်နှုန်းရှိပါတယ်။ ကိုဗစ် အဖြစ်များဆုံး ထိပ်ဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်မှာ သေနှုန်း ၄ဒသမ၃ရာခိုင်နှုန်း၊ အိန္ဒိယမှာ ၁ဒသမ၈ရာခိုင်နှုန်း၊ ဘရာဇီးမှာ ၃ဒသမ၃ရာခိုင်နှုန်း ရှိပါတယ်။

အာဆီယံနိုင်ငံတွေကိုကြည့်ရင် ကိုဗစ်အဖြစ်များတဲ့ ဖိလစ်ပိုင်မှာ သေနှုန်း ၂ဒသမ၁ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှာ ၄ဒသမ၇ရာခိုင်နှုန်း၊ စင်္ကာပူမှာ သုည ဒသမ၀၅ ရာခိုင်နှုန်း၊ မလေးရှားမှာ ၁ဒသမ၃ရာခိုင်နှုန်း ရှိပါတယ်။ သေနှုန်း အတော်မြင့်တဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဥပမာ အီတလီဆို ၁၃ဒသမ၆ရာခိုင်နှုန်း၊ မက္ကစီကိုက ၁၂ဒသမ၆ရာခိုင်နှုန်း၊ အီကွေဒေါက ၉ဒသမ၁ရာခိုင်နှုန်း ဖြစ်ကြပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံကတော့ ရောဂါပျောက်ကင်းသူ ၃၃၉၁ယောက်၊ သေဆုံးသူ ၂၈၄ မို့ သေနှုန်း ၇ဒသမ၇ရာခိုင်နှုန်း (ဆောင်းပါးရေးသားချိန် စက်တင်ဘာလကုန်အထိ) အထိရှိနေပြီး ကိုဗစ်ကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းမှာ အားနည်းတာကြောင့် သေနှုန်းမြင့်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒီလိုပြောလို့ မြန်မာ့အခြေအနေ အလွန်ဆိုးနေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ worldometers ဝက်ဆိုက်ရဲ့ စာရင်းအရ လက်ရှိအချိန်ထိ (ဆောင်းပါးရေးသားချိန် စက်တင်ဘာလကုန်အထိ) မြန်မာဟာ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အရေအတွက်အရ ကြည့်ရင် ကူးစက်ခံရသူ ၁၂,၀၀၀ ကျော်နဲ့ အမှတ်စဉ်၉၃၊ နိုင်ငံ့လူဦးရေ တစ်သန်းမှာ သေဆုံးသူ ဦးရေ ငါးယောက်ပဲရှိပြီး အဆင့်၁၆၈ မှာပဲ ရှိနေသေးတာ မြင်ကြရမှာပါ။

ဒီအခြေအနေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင်တော့ လက်ရှိကြုံနေရတဲ့ ကိုဗစ်ဒုတိယ လှိုင်းဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေတာကိုတော့ မြင်တွေ့ကြရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကြောင့် အဓိက ထိခိုက်နစ်နာနေရတာကတော့ ကျန်းမာရေးကဏ္ဍမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနဟာ နဂိုကိုဗစ် ပထမလှိုင်းကြုံနေရစဉ်တုန်းက ပြင်ဆင်မှုတစ်ချို့ လုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ရောဂါ ရှာဖွေရေး၊ ကုသရေး၊ ကာကွယ်ရေးဆိုင်ရာ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို ဝယ်ယူဖြည့်တင်းတာတွေ၊ သုတေသနလုပ်တာတွေ အပါအဝင် ဖောင်ကြီးက ကိုဗစ်ကုသရေး ဆေးရုံ ပြင်ဆင်တာတွေလည်း ပါပါတယ်။

အဲဒီအချိန်တုန်းကတော့ ကိုဗစ်ကူးစက်ခံ လူနာ၅၀၀စာ ပြင်ထားပြီး လိုအပ်ရင် ၁,၀၀၀၊ လိုအပ်ရင် နောက်ဆုံးအဆင့် ၂,၀၀၀ လောက်အထိ ကုသမှုပေးနိုင်ဖို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့ တစ်နေ့ ကူးစက်ခံရသူ ၆၀၀၊ ၇၀၀၊ ၈၀၀ ကျော်ရှိလာချိန်မှာတော့ ကုသရေး နေရာတွေ မလုံလောက်တော့သလို၊ Quarantine Center (အသွားအလာကန့်သတ်ရာနေရာ) တွေလည်း အများကြီး လိုအပ်လာတာ တွေ့ရပါတယ်။

ဒါ့ပြင် နောက်ထပ်လိုအပ်တာက လူအများအပြားကို ကိုဗစ်ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးပေးနိုင်ရေးပါ။ (လက်ရှိ [ဆောင်းပါးရေးသားချိန်အထိ] တစ်နေ့ လူ အယောက် ၅၀၀၀ ကျော်လောက်ကိုပဲ စစ်ဆေး ပေးနိုင်ပါတယ်။ ) ဒါတင်မက ဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့နှံ့နေရာ ရန်ကုန်တိုင်း နဲ့ ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံအနှံ့အပြားက ကျန်းမာရေးဝန်ထမ်းတွေ သွားရောက် ကူညီပေးရသလို၊ စေတနာ့ဝန်ထမ်းတွေအများကြီးကလည်း ကူညီပေးနေရပါတယ်။

လတ်တလော အရေးပေါ် လိုအပ်နေတဲ့ ကိုဗစ်-၁၉ရှိ၊ မရှိ အမြန်စစ်ဆေးနိုင်တဲ့ WHO အသိအမှတ်ပြု Antigen Test Kit လေးသိန်း တောင်ကိုရီးယားကနေ ဝယ်ယူထားတာ စပြီးရောက်၊ စပြီး အသုံးပြု စစ်ဆေးနေပြီဖြစ်လို့ ကပ်ရောဂါ ကုသ၊ ထိန်းချုပ်ရေးမှာ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေဆဲ ဖြစ်သလို၊ သေဆုံးမှုကလည်း နောက်ထပ်အများကြီး များပြားလာမယ်လို့ ခန့်မှန်းရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် နောက်ထပ်ထိခိုက်ခံရမှာက စီးပွားရေးကဏ္ဍပါ။ ပထမ လှိုင်းတုန်းက ကူးစက်ခံရမှု၊ သေဆုံးမှုနည်းခဲ့တဲ့အပြင် အစိုးရရဲ့ ကိုင်တွယ်ပုံ မှန်ကန် ကောင်းမွန်ခဲ့တာကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု ရှိပေမဲ့လည်း တခြားနိုင်ငံတွေထက် နည်းခဲ့ပါတယ်။

ဒါကြောင့်လည်း အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ Wellness in Worrying Times အစီရင်ခံစာမှာ အာဆီယံနိုင်ငံတွေမှာ ကိုဗစ်ကြောင့် စီးပွားရေး တိုးတက်မှုနှုန်း သုံညအောက် ရောက်မသွားတဲ့ သုံးနိုင်ငံထဲ မြန်မာနိုင်ငံပါဝင်ခဲ့ပြီး၊ ၂၀၂၀မှာ စီးပွားရေးတိုးတက်မှုနှုန်း ၁ဒသမ ၈ရာခိုင်နှုန်းရှိလိမ့်မယ်လို့ ခန့်မှန်းတာ ခံခဲ့ရပါတယ်။

အခု ဒုတိယလှိုင်းမှာတော့ အများကြီးခြားနားသွားပါပြီ။ ဒုတိယလှိုင်းစပြီး သိပ်မကြာခင် ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှုတွေ အားလုံးရပ်တန့်ထားလိုက်ရပါတယ်။ နဂို ပထမ လှိုင်းတုန်းကတော့ နိုင်ငံတကာနဲ့ ပြေးဆွဲတဲ့ လူစီးလေကြောင်းခရီးစဉ်တွေလောက်ပဲ ရပ်ခဲ့ရတာပါ။ တဆက်တည်း အဝေးပြေးခရီးသည်တင် ကားလိုင်းတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။

နောက်ထပ် အရေးကြီးတာ တစ်ခုက ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲက အထည်ချုပ်စက်ရုံလုပ်ငန်းတွေ အပါအဝင် အလုပ်ရုံ၊ စက်ရုံအားလုံး ရပ်ဆိုင်းထားလိုက်ရတာပါ။ စက်ရုံ၊ အလုပ်ရုံတွေ မရပ်ဆိုင်းခင် ရှေ့ပိုင်းရက်ကတည်းက အရေးကြီးတဲ့ လုပ်ငန်း တစ်ချို့ကလွဲရင် မီဒီယာလုပ်ငန်းတွေ အပါအဝင် ပုဂ္ဂလိကလုပ်ငန်းအားလုံး work from home ပဲ (နေအိမ်ကပဲ အလုပ်လုပ်ဖို့)လုပ်ကြဖို့ ညွှန်ကြားခဲ့ပြီးပါပြီ။ ဒီအတွက် စီးပွားရေးအပေါ် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေပါလိမ့်မယ်။

လက်ရှိအခြေအနေအရ ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲဖြစ်တာမို့ ဘယ်အချိန်လောက်မှာ ထိန်းချုပ်နိုင်မယ်၊ ဘယ်အချိန်လောက်မှာ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်နိုင်မယ် ဘယ်သူမှ မသိနိုင်သေးပါဘူး။ ဒါကြောင့် လာမဲ့၂၀၂၁မှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၆ရာခိုင်နှုန်းလောက်ရှိလိမ့်မယ် ဆိုတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ခန့်မှန်းချက် ပြည့်မီဖို့ဆိုတာလည်း လွယ်ကူတော့မှာ မဟုတ်ပါဘူး။

ကိုဗစ်ကြောင့် ထိခိုက်နေတာက သိပ်မကြာခင် နိုဝင်ဘာ၈ရက်မှာ လုပ်မဲ့ရွေးကောက်ပွဲပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ ပြည်နယ်နဲ့တိုင်းခြောက်ခုက မြို့နယ်ပေါင်း ၇၀ လောက်ကို Stay at home (နေအိမ်တွင်သာ နေထိုင်စေရေး) အမိန့် သတ်မှတ်ထားတာကြောင့် အဲဒီမြို့နယ်တွေမှာ မြေပြင်မဲဆွယ် စည်းရုံးတာတွေ လုပ်လို့မရကြပါဘူး။

အဲဒီထဲမှာ မဲဆန္ဒနယ်မြေ ၂၅၀လောက် အကျုံးဝင်နေပြီး တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေ စုစုပေါင်းရဲ့ ၂၁ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ တကယ်လို့များ မဲပေးရမဲ့ နိုဝင်ဘာ၈ရက် နီးလာချိန် ကိုဗစ်ကူးစက်မှု၊ လူသေဆုံးမှု အခုထက်များ၊ ထိန်းချုပ်လို့လည်း မရနိုင်သေးတဲ့ အခြေအနေမျိုး ကြုံခဲ့ရင် ရွေးကောက်ပွဲ လုပ်ဖို့ အတွက် အများကြီး အခက်အခဲ တွေ့နိုင်ပါတယ်။

ဒါကြောင့် လက်ရှိမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြည်သူတွေကို ကျန်းမာအောင်နေကြ၊ မဲပေးတဲ့နေ့မှာ ကျန်းကျန်းမာမာနဲ့ မဲပေးနိုင်အောင် ကြိုးစားကြ ဆိုတာလောက်ပဲ ပြောနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။ လက်ရှိ ကိုဗစ်ဒုတိယလှိုင်းကြောင့် ပြန်ဖွင့်ကာစ စာသင်ကျောင်းတွေ အားလုံးလည်း ပြန်ပိတ်ထားလိုက်ရပါပြီ။

ပြောရရင် ကိုဗစ်ဒုတိယလှိုင်းဟာ မြန်မာနိုင်ငံအတွက် ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အပါအဝင် ဘက်ပေါင်းစုံမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒီထိခိုက်နစ်နာမှုတွေဟာ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ဒုတိယလှိုင်းကို အောင်အောင်မြင်မြင် ကိုင်တွယ်ထိန်းချုပ်နိုင်ပြီးနောက် အချိန်ကာလ အတော်ကြာတဲ့အထိ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar