အေအက်ဖ်ပီ
ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်အတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃ သန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၀ သန်းကျော်ကို ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့က မတ် ၄ ရက်နေ့တွင် ပြောကြားသည်။
အရည်အသွေးမြင့် စိတ်ကြွဆေး၊ သို့မဟုတ် အိုက်စ်ကို ရှုပ်ထွေးလှသည့်ကွန်ရက်များ အသုံးပြုကာ မြန်မာနိုင်ငံမှ ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျတို့ကဲ့သို့ ပိုမိုဈေးကောင်းရသည့် ဈေးကွက်များသို့ တင်ပို့လေ့ရှိသည်။
ဒေသတွင်း၌ ရာဘ၊ သို့မဟုတ် “ရူးသွပ်ဆေး”ဟု သိထားသည့် အရည်အသွေးနိမ့်ဆေးပြားများကိုမူ ပြည်တွင်းဈေးကွက်အပြင် ထိုင်းနှင့် ဘင်္ဂလားဒေရှ့်တို့ကဲ့သို့ မူးယစ်ဆေးစွဲသူအများအပြားရှိသည့် ဈေးကွက်များအတွက် အများအပြား ထုတ်လုပ်နေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ဖမ်းဆီးရမိမှုနှစ်ခုမှာ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ မောင်တောတို့တွင် ဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
“ယခုနှစ်အတွင်း တိုင်းပြည်တွင်းမှာ အများဆုံးဖမ်းဆီးရမိမှုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမှာ အများဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်” ဟု ရဲမှူးကြီးဝင်းကိုကိုက အေအက်ဖ်ပီကို ပြောကြားသည်။
အဆိုပါဆေးပြားများကို ဘင်္ဂလားဒေရှ့်သို့ တင်ပို့ရန် ဖြစ်နိုင်ဖွယ်ရှိနေသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်မှုအများစုကိုမူ ပဋိပက္ခများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်၏ ဒေသများတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။