မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၁၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၉၅ သန်းခန့်) အား ပေးအပ်ရန် စီစဉ်နေသည်ဟု ဂျပန်အစိုးရ သတင်းအရင်းအမြစ်များကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက သြဂုတ် ၂၆ ရက်နေ့က ရေးသားထားသည်။
အဆိုပါအကူအညီ အတည်ဖြစ်ခဲ့ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ယူပြီးနောက် ဂျပန်နိုင်ငံက ပထမဆုံး ပေးအပ်မည့် အကူအညီဖြစ်လာမည် ဖြစ်သည်။
လာမည့်လအစောပိုင်းတွင် ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးပွဲများသို့ တက်ရောက်ချိန်တွင် အကူအညီပေးမည့် အစီအစဉ်များကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာမည်ဖြစ်သည်ဟု သတင်းတွင် ရေးသားထားသည်။
တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအား တုန့်ပြန်ရန်အတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား အကူအညီများပေးရန် စိတ်အားထက်သန်နေသည်။
အကူအညီပေးမည့် ငွေများဖြင့် ရန်ကုန် မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးကဲ့သို့ စီမံချက်များအတွက် အသုံးပြုဖွယ်ရှိသည်ဟု သတင်းက ရေးသားထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပေကျင်းတွင် သြဂုတ် ၁၉ ရက်နေ့က တွေ့ဆုံစဉ် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ကျိုဒိုက ရေးသားထားသည်။
တရုတ်နိုင်ငံသို့ သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရရှိပြီးနောက် အာဆီယံနိုင်ငံများ အပြင်ဘက်သို့ ပထမဆုံး သွားရောက်ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ လာမည့်လအတွင်း သွားရောက်ရန် စီစဉ်ထားကာ သမ္မတ ဘာရတ်အိုဘားမားနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ထို့ပြင် ၎င်းသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း မိန့်ခွန်းပြောကြားမည်ဟု မေ ျှာ်လင့်ရသည်။