ဒေါ်လာသန်း ၂၀၀ ကျော်အကြွေးမဆပ်မှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကို…

ကမ္ဘောဇဘဏ်သည် မြန်မာ့စက်မှုဆိပ်ကမ်း၏ပိုင်ရှင်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် အကြွေးမပေးဟုဆိုကာ တရားစွဲသည်။ ယင်းအမှုက အတိုးနှင့်အရင်းပေးချေရန် အနည်းဆုံးရက် ကိုးဆယ်ကျော်သည့် ပျက်ကွက်ချေးငွေများကို ဖြေရှင်းရန်ကြိုးစားစဉ် နိုင်ငံ၏ဦးဆောင်ဘဏ် ရင်ဆိုင်နေရသည့် ပြဿနာများကြောင့် ဖြစ်ပေါ်လာသည့် အမှုတစ်ခုဖြစ်သည်။

သောမတ်စ် ကင်း(န်)နှင့် ကျော်လင်းထွန်း ရေးသားသည်။

နိုင်ငံ၏အကြီးဆုံးပုဂ္ဂလိကဘဏ်ကြီးက ဦးဆောင်စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် ၎င်း၏ကုမ္ပဏီသည် ပေးရမည့်အကြွေး အမေရိကန်ဒေါ်လာ သန်း ၂၀၀ကျော်ကို မပေးဆပ်ဟုစွပ်စွဲကာ တရားစွဲခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆပ်ရန်ပျက်ကွက်သည့် အကြီးမားဆုံးအကြွေးပမာဏဖြစ်သည်ဟု ယုံကြည်ရသည်။

ကမ္ဘောဇဘဏ်သည် စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုထူးနှင့် မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ကုမ္ပဏီ MAS ကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်တွင် တရားစွဲခြင်းဖြစ်ကာ ဦးကိုကိုထူးနှင့် ယင်းကုမ္ပဏီသည် အကြွေးများပြန်ဆပ်ရန် ပျက်ကွက်နေပြီး အတိုးငွေ ကျပ် ၃၂၆ ဘီလျံအပါအဝင် ဆပ်ရမည့်အကြွေးမှာ စုပုံနေသည်ဟု စွပ်စွဲခဲ့သည်။

ဦးကိုကိုထူးသည် MAS ၏ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး ၎င်း၏မိသားစုက ကုမ္ပဏီကို ရာနှုန်းပြည့်ပိုင်ဆိုင်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများအုပ်ချုပ်ရေးညွှန်ကြားမှုဦးစီးဌာနက ဖော်ပြထားသည်။ MAS သည် နိုင်ငံ၏အလုပ်အများဆုံးဆိပ်ကမ်း တစ်ခုဖြစ်သည့် ရန်ကုန် အလုံမြို့နယ်ရှိ မြန်မာ့စက်မှုဆိပ်ကမ်းကို ပိုင်ဆိုင်ပြီး လည်ပတ်နေသည်။

၂၀၁၆ ခုနှစ်က နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ဆိပ်ကမ်းကို တိုးချဲ့ရန် MAS ကို ပြောင်းလဲအသုံးပြုနိုင်သော ချေးငွေဒေါ်လာ သန်း ၄၀ ချေးပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာပြဿနာများကြောင့် ဆက်ဆံရေးဆိုးဝါးခဲ့သည်ဟု လုပ်ငန်းသဘောတူညီမှုကို သိရှိခဲ့သည့် သတင်းရင်းမြစ်နှစ်ခုက ပြောသည်။

ချေးငွေဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှု၏ ပထမအဆင့်တွင် IFC နှင့် ပြည်ပမှအခြားငွေချေးသူများထံမှ ကာလရှည်ချေးငွေများအဖြစ် ဒေါ်လာသန်း ၁၆၀ ပါဝင်သည်။ သို့သော်လည်း ဒုတိယအဆင့်မှာ အကောင်အထည်ပေါ်မလာတော့ပေ။ ၎င်းတို့အနေဖြင့် ထိုစဉ်ကပင် စီမံကိန်းမှ ထွက်လိုက်သည်ဟု IFC က Frontier ကိုပြောသည်။ သို့သော်လည်း နောက်ထပ်သုံးသပ်ချက်ပေးရန်ကိုမူ ငြင်းဆိုခဲ့သည်။

ကမ္ဘောဇဘဏ်သည် ဦးကိုကိုထူးနှင့် MAS ကို ၂၀၁၉ ဒီဇင်ဘာလတွင် စတင်တရားစွဲခဲ့ပြီး ယခုလတွင် ဘဏ်သည် ယင်း၏စွဲဆိုချက်များအတွက် တရားလိုပြသက်သေများအား တရားရုံးသို့ စတင်တင်သွင်းခဲ့သည်။ မြန်မာတရားရုံးတစ်ခုတွင် ယခုကဲ့သို့ အကြွေးတောင်းမှုမှာ ပမာဏအကြီးဆုံးဖြစ်သည်ဟု Frontier က သိရှိထားသည်။

ဦးကိုကိုထူးသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ တွင် အတိုးရောအရင်းပါ ကျပ် ၆၃ ဘီလျံကျော်ပေးရမည်ဟု ကမ္ဘောဇဘဏ်၏ ရှေ့နေများက Frontier တက်ရောက်ခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ကြားနာမှုတွင် ပြောကြားခဲ့သည်။ နောက်နေ့ သီးခြားကြားနာမှုတစ်ခုတွင် MAS သည် ၂၀၁၈ နိုဝင်ဘာ ၆ တွင် အကြွေးစုစုပေါင်းကျပ်ငွေ ၂၆၂ ဒသမ ၈ ဘီလျံတင်ရှိခဲ့ပြီဖြစ်ကြောင်း ရှေ့နေများက စွပ်စွဲခဲ့သည်။

ချေးငွေများပြန်မဆပ်မှုက ဘဏ်နှင့်ပြည်သူများအတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေနိုင်သဖြင့် ဘဏ်ကတရားစွဲရခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ရှေ့နေများက ကြားနာမှုများတွင် ပြောကြားခဲ့သည်။ ပြည်သူများ၏ အပ်နှံငွေများလည်း MAS နှင့် ဦးကိုကိုထူးကို ချေးခဲ့သောကြောင့်လည်း ပြည်သူများ နစ်နာနိုင်သည်ဟုဆိုခြင်းဖြစ်သည်။

ဦးကိုကိုထူးနှင့် MAS တို့သည် အတိုး ၁၇ ရာခိုင်နှုန်းဖြင့် ကျပ် ၇ ဒသမ၂ ဘီလျံတစ်ကြိမ်နှင့် ကျပ် ၁၄၀ ဘီလျံတစ်ကြိမ် ဘဏ်မှထုတ်ယူခဲ့ကြောင်း ရှေ့နေများက အသေးစိတ်ပြောကြားခဲ့သည်။ အတိုးနှုန်းကို ၂၀၁၇ တွင် ၁၃ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်ဟု ဘဏ်၏ရှေ့နေများက တရားရုံးကိုပြောသည်။

၂၀၁၇ ဒီဇင်ဘာလတွင် အကြွေးဆပ်ရန် ဘဏ်ကတောင်းဆိုချိန်တွင် ဦးကိုကိုထူးသည် အကြိမ် ၂၀ ကျော် ဘဏ်ကငွေပိုထုတ်ခဲ့ပြီးဖြစ်သလို MAS ကလည်း အနည်းဆုံးငါးကြိမ် ပိုထုတ်ခဲ့ပြီးဖြစ်သည်ဟု ဘဏ်ရှေ့နေများက တရားရုံးသို့ ယခုလတွင် ပြောကြားခဲ့သည်။ ချေးငွေများ ထုတ်ပေးခဲ့ကတည်းက ငွေပိုထုတ်မှုလျှော့ချရန် ဦးကိုကိုထူး၊ သို့မဟုတ် MAS က ငွေပေးချေမှုများပြုလုပ်ခဲ့သည်၊ သို့မဟုတ် ငွေပိုထုတ်မှုမြင့်မားမှုက မည်သည့်အတွက် အသုံးပြုခဲ့သည်ဆိုသည်တို့ကို ၎င်းတို့က ခွဲခြားပြောခဲ့ခြင်းမရှိခဲ့ပေ။

ဦးကိုကိုထူးနှင့် MAS က အကြွေးများပြန်ပေးရန် ပျက်ကွက်ခဲ့ပြီးနောက် ၂၀၁၈ ဇွန်လတွင် ကမ္ဘောဇက တရားစွဲဆိုမှုများ စတင်ပြုလုပ်ခဲ့သော်လည်း ၂၀၁၈ ဇူလိုင်လ ၅ ရက်တွင် အကြွေးများပြန်ဆပ်မည်ဟု ဦးကိုကိုထူးက ကတိပြုခဲ့သဖြင့် အမှုရုပ်သိမ်းပေးခဲ့သည်။ သို့သော်လည်း ဦးကိုကိုထူးနှင့် MAS က သဘောတူညီချက်လိုက်နာရန် ပျက်ကွက်သဖြင့် ဘဏ်သည် ၂၀၁၈ ဒီဇင်ဘာတွင် ဦးကိုကိုထူးထံသို့ နောက်တစ်ကြိမ် သတိပေးစာ ပေးပို့ခဲ့သည်။

ဦးကိုကိုထူးနှင့် အခြားဒါရိုက်တာများက ကမ္ဘောဇသို့လာပြီး အကြွေးများပြန်ဆပ်မည်ဟု ကတိပေးခဲ့ကြသော်လည်း အလားတူပျက်ကွက်သည်သာဖြစ်သည်ဟု ဘဏ်၏ရှေ့နေများက ပြောသည်။ ၂၀၁၉ ဇန်နဝါရီတွင် ငွေစာရင်းများကို ပိတ်လိုက်ပြီး ဥပဒေအရအရေးယူမှုအသစ်စတင်ခဲ့သည်။

၂၀၁၈ အတွင်း MAS သည် မြန်မာ့စက်မှုဆိပ်ကမ်း Myanmar Industrial Port ကို အိန္ဒိယကုမ္ပဏီ Adani ကိုရောင်းချရန် နီးစပ်ခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ပျက်သွားခဲ့သည်ဟု ညိနှိုင်းရေးတွင်ပါဝင်ခဲ့သည့် သတင်းရင်းမြစ်သုံးခုက Frontier ကို ပြောသည်။ ယင်းအစား Adani သည် စစ်တပ်ပိုင်ကုမ္ပဏီ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းထံမှ ငှားရမ်းထားသည့် ရန်ကုန်မြို့လယ်မှမြေပေါ်တွင် ဒေါ်လာသန်း ၂၉၀ တန် ဆိပ်ကမ်းသစ်တစ်ခု ဖော်ထုတ်ရန် ၂၀၁၉ ခုနှစ် ဧပြီလက မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ အတည်ပြုချက်ရရှိခဲ့သည်။

ဦးကိုကိုထူးသည် ကြားနာမှုများသို့ တက်ရောက်ခြင်းမရှိခဲ့ဘဲ နိုင်ငံပြင်ပတွင် ရှိနေသည်ဟု ယုံကြည်ရသည်။ ၎င်းကို ရှေ့နေဦးပြည့်ဖြိုးအောင်က ကိုယ်စားပြုပြီး တရားလိုဘက်က စွပ်စွဲချက်များကို ဖြေကြားရန် ၎င်းကို ခေါ်ယူခြင်းမပြုရသေးပေ။

ဦးကိုကိုထူးအပေါ် စွဲထားသည့်အမှုအတွက် နောက်ကြားနာမှုကို ဖေဖော်ဝါရီလ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး MAS ကိုစွဲထားသည့်အမှုကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

နှစ်ဘက်ရှေ့နေများက သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့သလို MAS နှင့် ကမ္ဘောဇတို့ကလည်း ငြင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံ ဘဏ္ဍာရေးအဖွဲ့အစည်းများဥပဒေနဲ့အညီ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုခြင်းမပြုပါဘူး” ဟု ကမ္ဘောဇဘဏ်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Frontier ကိုပြောသည်။

ဦးကိုကိုထူးနှင့် MAS တို့အား ချေးထားသည့်ချေးငွေများမှာ နိုင်ငံ၏ဦးဆောင်ဘဏ်ကြီးများ ရင်ဆိုင်နေရသော ပြဿနာများနှင့်သက်ဆိုင်နေပြီး ယင်းဘဏ်ကြီးများမှာ မြင့်မားသည့် လုပ်ဆောင်မှုမရှိသည့် ချေးငွေများနှင့် နပမ်းလုံးနေရကာ ၂၀၁၇ က မြန်မာနိုင်ငံဗဟိုဘဏ်က စတင်ချမှတ်ခဲ့သည့် သတိထားဆင်ခြင်အပ်သော စည်းမျဉ်းသစ်များကိုလည်း လိုက်နာရန်ကြိုးစားရသည်။

နှစ်များစွာကြာသည်အထိ ဘဏ်များသည် အဆက်အသွယ်ကောင်းသည့် ဖောက်သည်များကို ဆွဲဆောင်မှုရှိသော အတိုးနှုန်းများဖြင့် ငွေပိုထုတ်မှုများကို ကမ်းလှမ်းခဲ့သည်။ သတ်မှတ်ကာလအတွင်း ပုံမှန်ပေးဆပ်ရသည့် ချေးငွေများနှင့်မတူသည်မှာ အကြွေးပေးရမည့်ကာလကို နှစ်စဉ်သက်တမ်းတိုးပေးသည်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက ဗဟိုဘဏ်က စည်းမျဉ်းသစ်များချမှတ်ချိန် ငွေပိုထုတ်မှုများမှာ ပုဂ္ဂလိကဘဏ်များ၏ စုစုပေါင်းချေးငွေ ဒေါ်လာ ခုနှစ်ဘီလျံ၏ ၇၀ ရာခိုင်နှုန်းထိရှိသည်ဟု ခန့်မှန်းသည်။

ဗဟိုဘဏ်၏စာရင်းများအရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန်တွင် ကမ္ဘောဇဘဏ်က အများဆုံးထုတ်ပေးခဲ့ပြီး ပုဂ္ဂလိကဘဏ်ကဏ္ဍတွင် ပိုင်ဆိုင်မှုအားလုံး၏ ၄၁ ရာခိုင်နှုန်းထိရှိသည်။

၂၀၁၆ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများဥပဒေအရ ထုတ်ပြန်ထားသော စည်းမျဉ်းသစ်များက ဘဏ်လုပ်ငန်းမှတဆင့် ဖိအားများပျံ့နှံ့ခဲ့သည်။ မူလက ဗဟိုဘဏ်သည် ငွေပိုထုတ်မှုများကို ၂၀၁၈ ဇန်နဝါရီနောက်ဆုံးထား ရှင်းလင်းရန် ပုဂ္ဂလိကဘဏ်များကို တောင်းဆိုခဲ့သည်။ သို့သော်လည်း ကန့်ကွက်မှုကြောင့် နောက်ဆုံးသတ်မှတ်ရက်ကို နောက်ဆုတ်ခဲ့သည်။

ယင်းအစား ဘဏ်များသည် ငွေပိုထုတ်ချေးငွေများကို ၂၀၁၈ ဇူလိုင်လတွင် အများဆုံး ၅၀ ရာခိုင်နှုန်းထိ၊ ၂၀၁၉ ဇူလိုင်လတွင် ၃၀ ရာခိုင်နှုန်းထိနှင့် ၂၀၂၀ ဇူလိုင်လတွင် ၂၀ ရာခိုင်နှုန်းထိ လျှော့ချရန်လိုအပ်ပြီး အဓိကအားဖြင့် အများဆုံးသုံးနှစ်အတွင်း ပုံမှန်ဆပ်ရသည့်ချေးငွေပုံစံ ပြောင်းခြင်းအားဖြင့် လျှော့ချရန်ဖြစ်သည်။

ဗဟိုဘဏ်ကလည်း ချေးငွေများကို ပျက်ကွက်ချေးငွေများအဖြစ် အတန်းအစားသတ်မှတ်ခြင်းအတွက် လမ်းညွှန်မှုအသစ်များနှင့် ကြီးမားသည့်အာရုံစိုက်မှုများကို ကန့်သတ်သည့် စည်းမျဉ်းများကို ချမှတ်ခဲ့သည်။ ယင်းလမ်းညွှန်မှုများအရ ဘဏ်တစ်ခုသည် ၎င်း၏မတည်ငွေရင်း၏ ၂၀ ရာခိုင်နှုန်းထက်ပိုသော အဖွဲ့တစ်ခုဖြစ်ကြောင်း မကြေညာနိုင်ပေ။

ငွေပိုထုတ်သည့်ချေးငွေများကို ပုံမှန်ပြန်ဆပ်သည့်ချေးငွေများအဖြစ်သို့ပြောင်းလဲရန် ပြည်တွင်းဘဏ်များကို ဗဟိုဘဏ်က အမိန့်ပေးကာ ပျက်ကွက်ချေးငွေများကို အတန်းအစားသတ်မှတ်မှုအတွက် စည်းမျဉ်းသစ်များ ချမှတ်ပြီးနောက် ကမ္ဘောဇဘဏ်သည် ၂၀၁၇ နှစ်ကုန်တွင် မရသေးသည့်အကြွေးများရရှိရေးကို စတင်ကြိုးပမ်းခဲ့သည်ဟု ဘဏ်၏ရှေ့နေများကပြောသည်။

မြန်မာ့စက်မှုဆိပ်ကမ်းသည် ဆပ်ရမည့်အကြွေးထက် များစွာတန်ကြေးရှိပြီး ဒေါ်လာ သန်း ၅၀၀ အထိ တန်ဖိုးရှိနိုင်ကြောင်း လုပ်ငန်းသတင်းရင်းမြစ်များကဆိုသည်။

ဆိပ်ကမ်းအကျယ်အဝန်းမှာ ရန်ကုန်မြို့လယ် တန်ဖိုးရှိသော မြေဧက ၁၀၀ ကျော်ရှိပြီး တစ်နေ့လျှင် ကွန်တိန်နာ ၅,၀၀၀ ဝန်းကျင်ကို လက်ခံနိုင်သည်ဟု မြန်မာ့စက်မှုဆိပ်ကမ်းပိုင်းကပြောသည်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင်လက်ခံသော ကွန်တိန်နာအားလုံး၏ ၄၀ ရာခိုင်နှုန်းဝန်းကျင်ကို ကိုင်တွယ်ခဲ့သည်ဆိုသည်။

သို့သော်လည်း MAS သို့ ချေးငွေအတွက် မြန်မာ့စက်မှုဆိပ်ကမ်းကို အပေါင်အဖြစ်ထားခဲ့သလားဆိုသည်မှာ ရှင်းလင်းမှုမရှိပေ။

ဦးကိုကိုထူးအား ပုဂ္ဂလိက ငွေပိုထုတ်ပေးမှုများအတွက် အပေါင်အဖြစ် နေအိမ်များနှင့် စက်ယန္တရားအချို့ ပါဝင်သည်ဟု ဘဏ်၏ရှေ့နေများက ပြောကြားခဲ့ပြီး ဇန်နဝါရီ ၁၃ က အထောက်အထားများနှင့် ဓာတ်ပုံများကို တင်ပြခဲ့သော်လည်း နောက်တစ်နေ့ MAS ကြားနာမှုတွင် အပေါင်ပစ္စည်းကိစ္စ ဆွေးနွေးမှုမပြုခဲ့ပေ။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အလုံမြို့နယ်ရှိ မြန်မာ့စက်မှုဆိပ်ကမ်းသည် တစ်ရက်လျှင် ကွန်တိန်နာအလုံး ၅,၀၀၀ ဝန်းကျင်လက်ခံနိုင်သည်။ ဓာတ်ပုံ – ခွန်လတ်

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.