ဒေါက်တာအေးမောင်ကို စစ်တွေ၌ ဖမ်းဆီး

မြတ်ကျော်သူ

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်ကို စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်တွင် ယနေ့မွန်းလွဲပိုင်းက ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Frontier ကို ပြောသည်။

ဒေါက်တာအေးမောင်၏ နေအိမ်သို့ ရဲများရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗီဒီယိုအချို့မှာ လူမှုကွန်ယက်ပေါ်တွင် ပျံနှံ့နေသည်။

ရသေ့တောင်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတွင် ပြောကြားခဲ့မှုများနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေမှူး ဦးစိုးဝင်းနှင့် မြောက်ဦးမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူးတို့က အစိုးရကိုယ်စား ဒေါက်တာအေးမောင်ကို တရားစွဲဆိုသွားမည်ဟု ဆိုသည်။

“တရားစွဲဆိုဖို့အတွက် အာဏာပိုင်တွေကို လုပ်ပိုင်ခွင့် အပ်နှင်းထားပြီး ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

ဒေါက်တာအေးမောင်အား ချုပ်နှောင်ထားသည့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့တွင် လူ ၁၅၀ ခန့် စုရုံးရောက်ရှိနေကြောင်းလည်း ဒေသခံအချို့က ပြောကြားသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်သည် ဇန်နဝါရီ ၁၅ ရက်ညက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အခမ်းအနား၌ ရခိုင်စာရေးဆရာ ဝေဟင်အောင်နှင့်အတူ ဟောပြောမှု ပြုလုပ်ခဲ့ပြီးနောက် အစိုးရက အရေးယူရန် စီစဉ်ခဲ့ခြင်းသည်။

အဆိုပါဟောပြောပွဲတွင် ဗမာများက ရခိုင်လူမျိုးများကို ကျွန်အဖြစ်လောက်သာထားပြီး တန်းတူအခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာအာဏာရရှိ ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း စသဖြင့် ဒေါက်တာအေးမောင်က ထည့်သွင်းဟောပြောခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်ရန်၊ အချုပ်အခြာအာဏာ ပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန် အဆိုပါဟောပြောပွဲ၌ ဒေါက်တာအေးမောင်က တိုက်တွန်းခဲ့ကြောင်းလည်း အစိုးရက ပြောကြားသည်။

ထို့ကြောင့် “ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းတို့၏ ဟောပြောချက်များနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) မှ ၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီး ရသေ့တောင်မြို့နယ် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ထို့နောက် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းအား စစ်တွေမြို့နယ် ရဲစခန်းအချုပ်၌ အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်” ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားချက်များအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်အား အရေးယူရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယမန်နေ့ညတွင် ခွင့်ပြုပေးခဲ့သည်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.