ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါက်တာအေးမောင်၏သားက ရေပန်းစား

မြတ်ကျော်သူ

ဖမ်းဆီးခံထားရသည့် နိုင်ငံရေးသမားဖြစ်သူ ဒေါက်တာအေးမောင်၏ သားဖြစ်သူမှာ မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရွေးချယ်ခံရရန် အလာအလာရှိသူအဖြစ် ရေပန်းစားနေသည်။

ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်ဟောင်းဖြစ်သူ ဒေါက်တာအေးမောင်မှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရသည်။ ဗမာအများစုပါဝင်သည့် အစိုးရက ရခိုင်ပြည်သူများကို ကျွန်များသကဲ့သို့ ဆက်ဆံနေသည်ဟု ဘူးသီးတောင်မြို့နယ်၌ ကျင်းပခဲ့သည့် လူထုဟောပြောပွဲတွင် ၎င်းက ပြောကြားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြင့် စက်တင်ဘာလတွင် စွဲချက်တင်ခံခဲ့ရပြီးနောက် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင် သားဖြစ်သူအား မဲပေးကြရန် ၎င်းက လူသိရှင်ကြား တိုက်တွန်းထားသည်။

ရသေ့တောင် မဲဆန္ဒနယ်-၂ တွင် ကိုတင်မောင်ဝင်းက တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိန်းမောင်တို့နှင့်အတူ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင် ရွေးချယ်ခံခဲ့ရပြီးနောက် ကိုတင်မောင်ဝင်းက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ဦးမောင်လှမြင့်မှာမူ ဘူးသီးတောင်တွင် ရေထွက်ပစ္စည်းများ ရောင်းဝယ်သည့်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။

တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၃ ခုတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုမှာ ယေဘုယျအားဖြင့် နည်းပါးသော်လည်း ရသေ့တောင်တွင်မူ ရွေးကောက်ပွဲကို သေချာစွာ စောင့်ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဒေါက်တာအေးမောင်၏ ပုဂ္ဂိုလ်ရေး ထင်ပေါ် ကျော်ကြားမှုနှင့် ၎င်းပါဝင် တည်ထောင်ခဲ့ပြီး ရွေးကောက်ပွဲ အောင်မြင်မှုရရှိခဲ့သည့် ပါတီတို့အကြား ပြိုင်ဆိုင်မှုဖြစ်သောကြောင့် ဖြစ်သည်။

ကိုတင်မောင်ဝင်းအား မဲပေးခြင်းမှာ ဒေါက်တာအေးမောင်အတွက် မဲပေးခြင်းပင်ဖြစ်သည်ဟု ရသေ့တောင် ဒေသခံ အသက် ၂၆ နှစ်ရှိ ကိုသိန်းထွန်းက ပြောသည်။

“တသီးပုဂ္ဂလ ကိုယ်စားလှယ်ကိုပဲ မဲပေးမှာပါ။ ဘာလို့လဲဆိုတော့ သူ့အဖေက ရခိုင် နိုင်ငံရေးခေါင်းဆောင် ဖြစ်နေလို့ပါ” ဟု ၎င်းက Frontier ကို ပြောကြားသည်။ “ရှင်ဘုရင်ရဲ့သားက ရှင်ဘုရင်ပဲ ဖြစ်ရမှာပေါ့။ ဒေါက်တာအေးမောင်ရဲ့သွေးတွေ သူ့သားရဲ့ ကိုယ်ထဲမှာ စီးဆင်းနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ ဒေါက်တာ(အေးမောင်)က သူ့သားကို လမ်းညွှန်ပေးနေမယ်ဆိုတာ သေချာတယ်” ဟုလည်း ၎င်းကပြောသည်။

မလေးရှားနှင့် ထိုင်းတွင် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသား ရွှေ့ပြောင်းလုပ်သားများက ၎င်းတို့ မိဘများအနေဖြင့် ကိုတင်မောင်ဝင်းကို မဲမပေးပဲ အခြားသူတစ်ဦးကို မဲပေးခဲ့ပါက အိမ်သို့ ငွေပြန်ပို့တော့မည်မဟုတ်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားထားမှုများလည်း ရှိနေသည်။

သို့သော် ယှဉ်ပြိုင်ပွဲတွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ရှိနေသည်။ ထိုသို့ ကွဲပြားမှုများ ရှိနေခြင်းက မဲဆန္ဒရှင်များအတွက် စိတ်ရှုပ်ထွေးဖွယ်ဖြစ်နေပြီး အများစုမှာ မည်သူ့အား မဲပေးရမည်ကို ဝေခွဲမရဖြစ်နေကြသည်ဟု ရခိုင်အမျိုးသားပါတီ၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်က ပြောကြားသည်။ ၎င်း၏ ပါတီ အနိုင်ရခြေမှာ ၅၀-၅၀ ရာခိုင်နှုန်းသာရှိသည်ဟု ၎င်းကပြောသည်။

“ရိုးရိုးသားသား ပြောရရင် ဒေါက်တာအေးမောင်က ရသေ့တောင်မှာ လူသိများတဲ့သူပဲ။ အဲဒီမှာ သူ့ကို ထောက်ခံတဲ့သူ အများကြီးရှိတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။ “ကြားဖြတ်မှာ သူ့သား ရှုံးသွားရင် သူလည်း နိုင်ငံရေးလောကကနေ ထွက်တော့မယ်လို့ သူတစ်ခါ ပြောဖူးတယ်။ အဲဒါကြောင့် လူတွေက (ကိုတင်မောင်ဝင်းကို) မဲပေးသင့်တယ်လို့ ယူဆထားကြတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ၆၃ နေရာရှိသည့်အနက် ၄၄ နေရာကို ရခိုင်အမျိုးသားပါတီက အနိုင်ရရှိခဲ့သော်လည်း ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ နုတ်ထွက်သွားကြပြီး ယခင်ပါတီဟောင်းကို ၎င်းတို့က ပြန်လည် ထူထောင်ခဲ့ကြသည်။

ဒေါက်တာအေးမောင်က၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့ပြီး အချို့သော ပါတီဝင်များကလည်း ၎င်းတို့၏ ခေါင်းဆောင်ဟောင်းနှင့် စည်းလုံးမှုကို ပြသသည့်အနေဖြင့် ပါတီမှ နုတ်ထွက်ခဲ့ကြသည်။

အမှုရင်ဆိုင်နေဆဲဖြစ်သည့် ဒေါက်တာအေးမောင်မှာ ရခိုင်ပြည်နယ် နိုင်ငံရေးအခင်းအကျင်းတွင် လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ ၎င်းကိုယ်တိုင် ဦးဆောင်မည်ဟု ပြောကြားထားသည့် ရခိုင်ရှေ့သို့ ပါတီ (Arakan Front Party) တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် အောက်တိုဘာလတွင် ခွင့်ပြုခဲ့သည်။

မကြာသေးမီက တရားရုံးအပြင်ဘက်တွင် သတင်းထောက်များအား ပြောကြားရာတွင် ဒေါက်တာအေးမောင်က ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပါတီသစ်တစ်ခု တည်ထောင်ရန် စီမံထားသည်ဟု ပြောကြားခဲ့သည်။ ထိုအထဲတွင် အဆင့်မြင့် အရာရှိဟောင်းများအပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ အရာရှိဟောင်းများ ပါဝင်သည်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါက်တာအေးမောင်က ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့သည်။ သို့သော် ထိုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ ရည်မှန်းချက်လည်း ပျက်ပြယ်သွားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးဖြစ်သွားသည့် အန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ၏ နေရာအတွက် ပြီးခဲသည့်နှစ်က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင် အနိုင်ရရှိခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar