ဒီဂျစ်တယ် အောင်မြင်မှု ရစေမယ့် နည်းဗျူဟာတွေ

နည်းပညာသစ်တွေ မွတ်သိပ်လိုလားနေတဲ့ ဈေးကွက်သစ်တစ်ခုမှာ အရေးကြီးဆုံးအချက်က ဒီနည်းပညာသစ်တွေဟာ အသုံးပြုဖို့ လွယ်ကူရမှာ ဖြစ်သလို မြင်မြင်ချင်း သဘောကျနိုင်စေမယ့် အချက်ကလည်း အဓိက ကျပါတယ်။

ရီတာ ငုယင် ရေးသားသည်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက စိတ်ဝင်စားဖို့ အကောင်းဆုံး နည်းပညာဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးအချိန်အဖြစ် တယ်လီကွန်း အခြေခံအဆောက်အအုံတွေ ဆောက်လုပ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အစိုးရကနေ မြန်မာနိုင်ငံရဲ့ ဖုန်းအသုံးပြုမှုနှုန်းကို သုံးနှစ်အတွင်း ၈၀ ရာခိုင်နှုန်း ရောက်ရှိအောင် လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ လူတော်တော်များများက ဒီအဆိုကို ဟာသတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြပေမယ့် နစ်နှစ်ထက် မပိုတဲ့အချိန်မှာပဲ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြား တယ်လီကွန်းကုမ္ပဏီတွေ ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဖုန်းအသုံးပြုမှုနှုန်းကလည်း ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်လာခဲ့ပါတယ်။

မိုဘိုင်းလ် ဖုန်းအသုံးပြုနှုန်း ၁၅ ရာခိုင်နှုန်းအောက်ကနေ သုံးနှစ်အတွင်း ၈၀ ရာခိုင်နှုန်းအထက်ကို ရောက်ရှိခဲ့တဲ့ တခြားနှစ်နိုင်ငံကတော့ ဗီယက်နမ်နဲ့ ရုရှတို့ ဖြစ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက လက်ရှိဖြစ်ပေါ်နေတဲ့ မိုဘိုင်းအသုံးပြုမှုနှုန်း အရှိန်အဟုန်နဲ့သာဆိုရင် အရင်က ရည်မှန်းထားတဲ့ ပစ်မှတ်ကို အခက်အခဲမရှိ ကျော်လွန်သွားနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်းက မိုဘိုင်းအသုံးပြုမှုနှုန်းဟာ အရှိန်အဟုန်မြင့်မြင့်နဲ့ တိုးတက်လာတယ်ဆိုတာ လူတိုင်းသိကြပေမယ့် လူတစ်ဦးစီတိုင်းကို ဈေးသက်သာတဲ့ ဆင်းမ်ကတ် တစ်ကတ်ပေးရုံနဲ့ တခြားအရာတွေအားလုံးနဲ့ ချိတ်ဆက်ပေးနိုင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ဆက်သွယ်ဖို့ဆိုတာ စာပေအကြောင်းအရာ၊ သတင်း၊ အစရှိတာတွေကတစ်ဆင့်သာ ဖြစ်နိုင်ပါတယ်။ လူတွေအနေနဲ့ ဒီလိုမျိုးအရာတွေကို ပြည့်ပြည့်စုံစုံ မသိနိုင်သေးသ၍ကတော့ အခြေခံအဆောက်အအုံတွေဆိုတာကလည်း အဓိပ္ပာယ်မရှိဘဲ ဖြစ်နေပါလိမ့်မယ်။

ဒါဆို မြန်မာနိုင်ငံရဲ့ နည်းပညာလောကက တကယ်တမ်း ဘာတွေဖြစ်နေကြသလဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ် အက်ပလီကေးရှင်း application တွေနဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေ ထိုးထွက်လာခဲ့ပေမဲ့ သူတို့က အသုံးပြုသူဦးရေ မြင့်တက်လာနေတဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေကိုသာ ပစ်မှတ်ထား ဦးတည်ခဲ့ပြီး ဈေးကွက်ကလည်း ဆယ်သန်းထက် မပိုခဲ့ပါဘူး။ ဒါ့အပြင် ဝယ်ယူမှုကို ကန့်သတ်ထားတာလည်းရှိပါတယ်။

မြန်မာနိုင်ငံအတွင်းက ထွန်းသစ်စ လုပ်ငန်းတွေဟာ တခြားလုပ်ငန်းကြီးတွေနဲ့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နေရပါတယ်။ သူတို့အားလုံးကလည်း ဈေးကွက်အတွက် ပြည်တွင်းထုတ် ဝန်ဆောင်မှုတွေကိုပဲ ပေးစွမ်းကြပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် အင်အားကြီး ကုမ္ပဏီတွေက ဈေးကွက်ဝေစု ပိုမိုရရှိဖို့ ငွေကြေးအမြောက်အမြား အသုံးပြုတာလည်း ရှိပါသေးတယ်။

ဥပမာအနေနဲ့ဆိုရင် Chat Wars ဆိုတဲ့ အွန်လိုင်းဆက်သွယ်ပြောဆိုမှုလောကရဲ့ တိုက်ပွဲတွေက ထင်သာမြင်သာ ရှိပါတယ်။ ဒီနေရာမှာ Beeline၊ WeChat နဲ့ LINE အစရှိတဲ့ ဒေါ်လာဘီလျံချီတန်တဲ့ အက်ပလီကေးရှင်းတွေက တစ်ခုနဲ့ တစ်ခု အလဲထိုး ယှဉ်ပြိုင်နေကြစဉ်မှာ တခြားပြည်တွင်းထုတ် ချတ်တင်အက်ပလီကေးရှင်းတွေက ဒီလုပ်ငန်းကြီးတွေနဲ့ ဈေးကွက်နေရာ ယှဉ်ပြိုင်နေကြရပါတယ်။

ပြောရရင် အရင်က နာမည်ကြီးပြီး ဈေးကွက်မှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ Viber ကလည်း အခုဆိုရင် ဈေးကွက်နေရာအတွက် ပြိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ Viber ဟာ လက်ရှိအချိန်မှာ အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်တဲ့ တစ်ခုတည်းသော အက်ပလီကေးရှင်း မဟုတ်တော့တဲ့အတွက် ဒီလိုမျိုး အသစ်ပေါ်လာတဲ့ အက်ပလီကေးရှင်းထက် နောက်မကျရအောင် ပြန်လည်ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။

အရင်က အရာအားလုံး ပိတ်ထားခံရချိန်မှာတော့ နံပါတ် ၁ ဖြစ်ဖို့ လွယ်ပေမဲ့ အစိုးရကနေ အကုန်လုံးကို ဖွင့်ပေးလိုက်ချိန်မှာတော့ အရင်က ဈေးကွက်အတွင်း စိုးမိုးထားတဲ့အရာက ကျဆင်းခဲ့တာ မဆန်းပါဘူး။ ဒီလိုမျိုးအဖြစ်မျိုးက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဗီယက်နမ်နိုင်ငံမှာ ဖြစ်ဖူးပါတယ်။ ဗီယက်နမ်မှာ အစိုးရက ဖေ့စ်ဘွတ်ကို ပိတ်ပင်ထားရက ပြန်ပြီးအသုံးပြုခွင့် ပေးလိုက်တဲ့အခါမှာ ပြည်တွင်းထုတ် ဇင်း အက်ပလီကေးရှင်း Zing application က ဈေးကွက်ဝေစု ထိုးကျသွားရရှာပါတယ်။

မြန်မာနိုင်ငံဟာ အသုံးပြုသူနဲ့ ရင်းနှီးမှုမရှိတဲ့ ဘဏ်စနစ်၊ အများအသုံးပြုရလွယ်တဲ့ အီလက်ထရွန်းနစ် ငွေချေစနစ်၊ အကြွေးဝယ်ကတ်စနစ်တွေနဲ့ တခြား ဒီဂျစ်တယ် ကွန်ရက်ဆိုင်ရာ စနစ်တွေမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အွန်လိုင်းသုံးတဲ့ လူအများစုက အင်တာနက်နဲ့ ဖေ့စ်ဘွတ်တို့ ကွဲပြားခြားနားမှုကိုတောင် မသိကြပါဘူး။ သူတို့ရဲ့ ဖေ့စ်ဘွတ်အကောင့်ဆိုတာကလည်း ဖုန်း ဝယ်ကတည်းက ရောင်းသူက တစ်ခါတည်း လုပ်ပေးလိုက်တဲ့ အကောင့်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အင်တာနက်ဘရောက်ဇာ browser ကို ဘယ်တုံးကမှ မဖွင့်ဖူးသလို အီးမေးလ်အကောင့်တစ်ခုမှလည်း မရှိကြပါဘူး။ ပိုပြီးထူးခြားတာက သူတို့မသိတဲ့ သူစိမ်းတွေ ပြည့်နှက်နေတဲ့ မိတ်ဆွေစာရင်း Friend List တွေ ရှိနေကြတာပါပဲ။

အကောင်းဘက်က ဆိုရရင်တော့ ကျွန်မတို့တွေဟာ အသစ်အသစ်သော နည်းပညာတွေကို လိုချင်စိတ် ပြင်းပြနေကြသူတွေနဲ့ ထိတွေ့ဆက်ဆံနေရတာပါပဲ။ ဒါဆိုရင် နည်းပညာကို လိုလားပြီး အသုံးပြုဖို့ အသင့်မဖြစ်သေးတဲ့ လူတစ်စုအတွက် ကျွန်မတို့ ဘယ်လို နည်းပညာတွေ တည်ဆောက်ပေးကြမလဲ။ အသုံးပြုမှုကို ကန့်သတ်ထားပြီး လူတွေက သူတို့နားမလည်တဲ့ အရာတွေကို စမ်းသပ်မကြည့်ချင်ကြတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဒီမေးခွန်းတွေရဲ့ အဖြေက နှစ်ခုပဲ ရှိပါတယ်။

အတားအဆီးများကို ဖယ်ရှားပါ

တစ်စုံတစ်ခုကို အသုံးပြုဖို့ နည်းပညာအရ တင်းကြပ်စွာ ပိတ်ပင်ထားတဲ့ နိုင်ငံမျိုးမှာ သင့်ရဲ့ထုတ်ကုန်ကို လူအများ အသုံးပြုဖြစ်အောင် လုပ်ဖို့အရေးကြီးပါတယ်။ ဒါက ကိုယ့်ထုတ်ကုန်နဲ့ ပစ်မှတ်ထားတဲ့ ဈေးကွက်အပေါ် မူတည်ပြီး မတူညီတဲ့ အကျိုးအမြတ်တွေ ရရှိလာနိုင်တယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာတော့ အွန်လိုင်း၊ အော့ဖ်လိုင်း နှစ်ခုစလုံးကို ရောစပ်ပြီး စဉ်းစားရပါတယ်။

ကျွန်မတို့ Jzoo မှာဆိုရင်တော့ တက်ဘလက်တွေကို ကျွန်မတို့ ပစ္စည်းရောင်းတဲ့ဆိုင်မှာပဲ အင်စတော install လုပ်ပေးပြီး သုံးသူတွေအနေနဲ့ ပုံနှိပ်ကတ်ကတစ်ဆင့် အသုံးပြုနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် စမတ်ဖုန်းရှိရှိ၊ မရှိရှိ ဘယ်သူမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ ပါတနာတွေအနေနဲ့လည်း ဒါကို အသုံးပြုဖို့ နည်းပညာ အခြေခံအဆောက်အအုံ၊ ဒါမှမဟုတ် ဗဟုသုတ ရှိစရာတောင် မလိုပါဘူး။

ပထမ ငါးမိနစ်ကို အမိအရ ဖမ်းယူပါ

ဒါက ဂိမ်းလောကက အဆိုဖြစ်ပေမဲ့ ထုတ်ကုန် ထုတ်နေသူတွေအတွက်လည်း အသုံးဝင်တဲ့ ဆိုရိုးတစ်ခု ဖြစ်ပါတယ်။ သင့်အနေနဲ့ မြင်မြင်ချင်း စိတ်ကျေနပ်မှု ရနိုင်တဲ့ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ဖို့ အခွင့်အရေးတစ်ခါပဲ ရတယ်ဆိုရင် အဲဒီအခွင့်အရေးကို သေသေချာချာ အသုံးချတတ်ဖို့ လိုပါတယ်။

သင့်အနေနဲ့ အရင်က ထုတ်လုပ်ခဲ့ဖူးတဲ့ ပစ္စည်းအမျိုးအစားသစ်က ဈေးကွက်ထဲ ဘယ်လိုကျရှုံးခဲ့လဲဆိုတာကို မမေ့ဖို့ အရေးကြီးပါတယ်။ မြင်မြင်ချင်းပထမဆုံး စိတ်ကျေနပ်မှု ရနိုင်တဲ့ ပစ္စည်းမျိုးကို ထုတ်လုပ်ဖို့ ကိုယ့်ပစ္စည်းဟာ အပြစ်အနာအဆာ မရှိအောင် ကောင်းမွန်နေရမှာ ဖြစ်ပြီး ထုတ်လုပ်မှုကို စွန့်လွှတ်ချင်တဲ့စိတ်ကိုလည်း မေ့ဖျောက်ထားရမှာ ဖြစ်ပါတယ်။

ဒီကိစ္စကို  အောင်မြင်ဖို့ စိတ်ကူးကောင်းကောင်းနဲ့ လုပ်ဆောင်ရမှာ ဖြစ်သလို သင့်ဖောက်သည်တွေကိုလည်း နားလည်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အသုံးပြုသူတွေဟာ ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ဖို့ sign in လုပ်စရာမလိုဘဲ ဝင်ရောက်စမ်းသပ်ကြည့်ရှုနိုင်ပုံမျိုးတွေ၊ လေ့ကျင့်ခန်း tutorials တွေဟာ ပထမ ငါးမိနစ်အတွင်း သင့်ရဲ့ ဖောက်သည်တွေက သင့်ထုတ်ကုန်ကို အဆက်မပြတ် စိတ်ဝင်စားစေမယ့် အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar