မြန်မာ့စီးပွားရေးနှင့် ဖေ့စ်ဘွတ်ခ် လွှမ်းမိုးမှု

မြန်မာနိုင်ငံသားများ အင်တာနက်ကို အသုံးပြုမှု၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ် လွှမ်းမိုးမှုသည် စီးပွားရေးလုပ်ငန်းများနှင့် ကြော်ငြာအေဂျင်စီများအပေါ် ဂယက်ရိုက်ခတ်မှုများ ရှိခဲ့သည်။

ဘင်န် ရိုချယ် ရေးသားသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်ဆိုသည်မှာ အင်တာနက်ပင် ဖြစ်တော့သည်။

နိုင်ငံအများအပြားတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုမှုမှာ မြင့်မားလျက်ရှိသော်လည်း စမတ်ဖုန်းနှင့် အင်တာနက်ကို နောက်ဆုံးအဆင့်အဖြစ် အသုံးပြုမှုက အခြားမည်သည့်နိုင်ငံများနှင့်မျှမတူသော နည်းပညာ ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ဖန်တီးပေးသည်။ သို့ဖြစ်ရာ ယင်းအခြေအနေမျိုး မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သနည်း။ မည်သည့်အရာနှင့် တူပါသနည်း။ မည်သည့်သဘောကို ဆောင်ပါသနည်း။

အနာဂတ်ဖြစ်နိုင်ခြေကို နားလည်နိုင်ရန် ဒီမိုကရေစီအကြိုကာလ မြန်မာနိုင်ငံ၏ အခြေအနေကို ပြန်ကြည့်ရပါမည်။

“မြန်မာနိုင်ငံက ကမ္ဘာ့ကျန်နေရာတွေနဲ့ တူညီတဲ့နည်းပညာမျိုး ဘယ်တုန်းကမှ မရခဲ့ပါဘူး” ဟု  Mango Myanmar Group ၏ လက်အောက်ခံအေဂျင်စီ ဖြစ်သော Wave Digital ၏အထွေထွေ မန်နေဂျာဟောင်း ဒေါ်ယုယုဒင်က ပြောသည်။

မြို့ကြီးများ၌ ဆိုင်ဘာကဖေးများ ရှိခဲ့သော်လည်း ဝက်ဘ်ဆိုက်နှင့်ဝန်ဆောင်မှုအများအပြားကို ပိတ်ထားခဲ့သည်။ ဂျီမေးလ်နှင့် ဖေ့စ်ဘွတ်ခ် နည်းတူ စကိုက်ပ် Skype ကိုလည်း ကန့်သတ်ထားခဲ့သည်။ ဂူးဂဲလ်၊ အက်ပဲလ်နှင့် ဖေ့စ်ဘွတ်ခ်တို့မှာ ယနေ့အချိန်ကဲ့သို့ အဆမတန် ကြီးထွားခဲ့သော်လည်း  ချိတ်ဆက်မှုက လုံးဝနီးပါး ပြတ်တောက်နေခဲ့သည်။

အင်တာနက်မှာ အသုံးပြုခွင့် မရနိုင်သကဲ့သို့ သုံးစွဲခက ဈေးကြီးပြန်သောကြောင့် လူအများစုက အသုံးမပြုခဲ့ကြပေ။ ၂၀၁၀ ပြည့်နှစ်အထိ ဆင်းမ်ကတ်များမှာ မသုံးနိုင်လောက်အောင် ဈေးကြီးနေပြီး ဒေါ်လာထောင်ချီကုန်ကျခံနေရသည်။

ယင်းအခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံအတွင်း၌ မိုဘိုင်းဖုန်းနှင့် အင်တာနက်ဆက်သွယ်မှု လိုအပ်ချက်ကို  အဆမတန် မြင့်မားလာစေသည်။ “ဒီဟာတွေမရဘဲ ကြီးပြင်းလာရတဲ့အခါ ပိုပြီးလိုချင်လာကြတာပေါ့” ဟု အိန္ဒိယနှင့် မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ်ရောင်းဝယ်ရေး အတွေ့အကြုံ ၁၃ နှစ်ရှိသော ဒေါ်ယုယုဒင်က ဆိုသည်။

ထို့အပြင် ဆင်းကတ်ဈေးနှုန်းများကလည်း တစ်ခုကို ကျပ် ၁,၅၀၀ ထိ အဆမတန် ထိုးကျခဲ့ပြီး ဈေးပေါပေါ တရုတ်စမတ်ဖုန်းများတွင် ထည့်သုံး၍ရသည်။ ဒေတာပေးပို့နှုန်းကလည်း ကောင်းပြီး အင်တာနက် ချိတ်ဆက်မှု ကန့်သတ်ချက်များကိုလည်း ဖယ်ရှားပေးခဲ့သည်။ အနောက်နိုင်ငံများနှင့်မတူဘဲ တယ်လီဖုန်း ဆက်သွယ်ရေး၊ ကွန်ပျူတာ အသုံးပြုမှုနှင့် အင်တာနက်တို့ကို ကိရိယာတစ်ခုတည်းဖြင့် တပြိုင်နက်တည်း အသုံးပြုနိုင်သည်။

ဖုန်းကို ပထမဆုံးစသုံးသူများသည် မည်ကဲ့သို့ အသုံးပြုရမည်ကို မသိသော်လည်း ဖုန်းဆိုင်ကလေးများက ဖုန်းကို အထိုင်ချပေးပြီး ဖိုင်မျှဝေ အသုံးပြုသော ဇာပြာ Zapya ဖြင့် အက်ပလီကေးရှင်းများကို ထည့်ပေးသည်။ ဖုန်းအသစ်ဝယ်ပြီး မသုံးတတ်သေးသူများကို  ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်ပေးကာ ပေ့ချ်အနည်းငယ်ကို လိုက်ခ် Like လုပ်ပေးလိုက်သည်။

ဖုန်းဆိုင်က အကောင့်အသင့်ဖွင့်ပေးထားပြီး အများစုက သတင်းဌာနများနှင့် Myanmar Model Girls စာမျက်နှာတို့ အဓိကပါသည့် လိုက်ခ်ကြိုတင်ပေးပြီးသားစာမျက်နှာ ငါးမျက်နှာပါ ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုကို ကျပ် ၅,၀၀၀ ပေးဝယ်ပြီး ကျွန်တော်တို့စမ်းကြည့်သည်။ ကျွန်တော်တို့ စောင့်နေကြစဉ် အသက် ၆၇ အရွယ် ရန်ကုန်မှ အဖိုးအိုတစ်ဦးနှင့်တွေ့သည်။ သူ့ှဆီမှာ ဆင်းကတ်သုံးကတ်နှင့် ဖေ့စ်ဘွတ်ခ်အကောင့် နှစ်ခုပါသော ဖုန်းနှစ်လုံးရှိသည်။

သူအကြိုက်ဆုံး အက်ပလီကေးရှင်းမှာ ဗိုက်ဘာ Viber ဖြစ်ပြီး ယင်းအက်ပလီကေးရှင်းဖြင့် မိတ်ဆွေများနှင့် မိသားစုများထံ မြတ်စွာဘုရား၏ ဆုံးမစာများ ပို့ပေးသည်။ သူသည် လက်ဖွာသူ ဖြစ်ပြီး တစ်လလျှင်  ဖုန်းဘီလ်ဖိုး ရှစ်သောင်းသုံးကာ အများအားဖြင့် နိုင်ငံခြားရှိ မိသားစုများနှင့်ဖုန်းပြောသည်။ ဂူးဂဲလ်ကို သုံးသလားဟု ကျွန်တော်တို့က မေးသောအခါ ကြားပင် မကြားဘူးပါတဲ့။

သူသည် ဖေ့စ်ဘွတ်ခ်က အရာရာကို ဖြည့်ဆည်းပေးသည်ကို ရယူနေသော မြန်မာဖုန်းသုံးသူများကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်သည်။ “မြန်မာလူမျိုးတွေက လူမှုရေး ဦးစားပေးသူတွေပါ” ဟု ဒေါ်ယုယုဒင်က ပြောသည်။

ထိုမျှမက ယူနီကုတ်နှင့် ဇော်ဂျီဖွန့်စာသားကို သုံးစွဲရသော နည်းပညာပြဿနာများကလည်း မြန်မာ ဘာသာစကားဖြင့် အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည်။ ယခုထိ ဖေ့စ်ဘွတ်ခ်က အကောင်းဆုံး ဖြေရှင်းပေးနိုင်သည်မှာ ဤမျှသာ ဖြစ်ပုံရသည်။

ပထမဆုံး စတင်သုံးသူတစ်ဦးအတွက် ဖေ့စ်ဘွတ်ခ်သည် သူဆန္ဒရှိသလောက်ကို ပေးနိုင်ကြောင်း၊ အသုံးပြုသောနေရာ၊ သတင်းများ၊ အချက်အလက်များ၊ လူများ၊ ထင်ပေါ်ကျော်ကြားသူများအကြောင်း စသည်တို့ ပါဝင်ကြောင်း၊ ဖေ့စ်ဘွတ်ခ် ဝန်ဆောင်မှုအကြောင်း ပိုနားလည်လာပါက ဖေ့စ်ဘွတ်ခ်တွင်ပို၍ အချိန်ဖြုန်းတော့မည်ဖြစ်ကြောင်း Helium Communications ၏ အထွေထွေမန်နေဂျာ ရှိန်း နျူဘရွန်နားက ပြောသည်။

အဖြစ်ကတော့ ထိုအတိုင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထူးခြားသော အင်တာနက် အလေ့အကျင့် ရှိသည်။ ယခုအခါ ဖေ့စ်ဘွတ်ခ်သည် အင်တာနက်အသုံးပြုမှု စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းရှိသည်။ လူအများစုသည် ဝက်ဘ်ဆိုက်စာမျက်နှာကို ရှာဖွေခြင်း၊ သို့မဟုတ် ကြည့်ရှုခြင်း မရှိပေ။

ထို့ကြောင့် ကြော်ငြာကုမ္ပဏီများက ကြော်ငြာအတွက် ငွေကြေးသုံးစွဲရန် မည်သည့်နေရာကို ညွှန်ပြပါသနည်း။ မြန်မာနိုင်ငံတွင် အီးမေးလ်ဆက်သွယ်မှုနှင့် အီးမေးဖြင့် ဈေးကွက်ရှာဖွေမှု မထွန်းကားခဲ့သည်မှာ မဆန်းပေ။ ဖုန်းနံပါတ်ကပို၍ အရေးကြီးသည်။ တက္ကစီဝန်ဆောင်မှု လုပ်ငန်း ဂရက်ဘ်အတွက် အီးမေးလ်ဆိုသည်မှာ အရန်မျှသာ ဖြစ်သည်။ ဒစ်ဂျစ်တယ်ဖြင့် ရောင်းဝယ်ရေး ကုမ္ပဏီများသည် ဖေ့စ်ဘွတ်ခ်တွင် အများအပြား ရင်းနှီးမြှုပ်နှံကြရာ ဖောက်သည်များ၏ စုစုပေါင်း ကြော်ငြာအသုံးပြုမှုတွင် ရာခိုင်နှုန်းအများဆုံး ဖြစ်နိုင်ပေသည်။

၂၀၁၅ သြဂုတ်လက ရန်ကုန်မြို့တွင်းပြေးဆွဲသည့် ဘတ်စ်ကားပေါ်၌ ဖေ့စ်ဘွတ်ခ်သုံးနေသော အမျိုးသမီးကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၅ သြဂုတ်လက ရန်ကုန်မြို့တွင်းပြေးဆွဲသည့် ဘတ်စ်ကားပေါ်၌ ဖေ့စ်ဘွတ်ခ်သုံးနေသော အမျိုးသမီးကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ယင်းမှာ ပြောင်းလဲမည့်အခြေအနေ မရှိကြောင်း Echo Myanmar မှ မစ္စတာ အန်ထော်နီ လာမွန်က ပြောသည်။ မြန်မာလူမျိုးများက ဖေ့စ်ဘွတ်ခ်မှ ဖေ့စ်ဘွတ်ခ်ဖြစ်နေပြီး သူတို့လိုချင်သည်ကို ဖေ့စ်ဘွတ်မှ ရှာရသည်ကို အရိုးစွဲနေကြောင်း သူက ဆိုသည်။

ဝက်ဘ်ဆိုက်လေးတစ်ခုပေါ်တွင် အကြောင်းအရာတစ်ခု တင်ရန် အင်တာနက် အသုံးပြုသူများအား အားပေးကူညီသော လှုပ်ရှားမှုတစ်ခု အကြောင်းကို နျူဘရွန်နားက ပြန်ပြောပြသည်။ မအောင်မြင်ခဲ့ပေ။ လူအများက ဖေ့စ်ဘွတ်ထဲမှ မထွက်လိုကြ။ ဝက်ဘ်ဆိုက်တင်ခြင်းကို အားကိုး၍ မရပေ။ ဖောက်သည်များသည် ဝက်ဘ်ဆိုက်တင်သည့်အလုပ်နှင့် အကျွမ်းတဝင် မရှိလှပါ။ မိုဘိုင်းအော်ပရေတာများက ယူသည့်နှုန်းထား နည်းသောကြောင့် ဒေတာဈေးနှုန်း အလေးထားသော  အင်တာနက ်အသုံးပြုသူများကို ဖေ့စ်ဘွတ်ခ်က မခွာအောင် ထိန်းထားနိုင်ကြလေသည်။

ဖေ့စ်ဘွတ်ခ်ကိုယ်ပိုင် ဗီဒီယိုများကြောင့် ယူကျု Youtube တွင် ဗီဒီယိုအမြောက်အမြား ဖြစ်လာသည်ဟု ယူဆရသည်။ အင်စတာဂရမ် Instagram ကကော။ Instagram သည် နိုင်ငံခြားမှ ပညာသင်ယူလာသူများ၊ အထက်တန်းလွှာများနှင့် ပြည်တွင်းမှ လူငယ်ဒစ်ဂျစ်တယ်သမားများအပေါ် သြဇာလွှမ်းမိုးမှုရှိသည်။ ယင်းမှာလည်း နေ့စဉ်အသုံးပြုသူ ၁၄ သန်း မှ ၁၈ သန်းအထိရှိသော ဖေ့စ်ဘွတ်ခ်နှင့်နှိုင်းယှဉ်ပါက ဈေးကွက် မှာ သေးငယ်နေဆဲဖြစ်သည်။

ယင်းသို့ဆိုပါက ကုမ္ပဏီများသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် အခြေခံ Digital Platform များကို မည်သို့ လည်ပတ်မည်နည်း။ စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူ B2C တိုက်ရိုက်ဆက်သွယ်သော ကုမ္ပဏီများအတွက် စုံစုံလင်လင် ဖော်ပြထားသော ဖေ့စ်ဘွတ်ခ်စာမျက်နှာက အရေးပါသည်။ ကုမ္ပဏီများသည် သတင်းအချက်အလက် ပေးပို့သော ပလက်ဖောင်းမှတဆင့် ဖောက်သည်လောင်းများ၊ ကန့်ကွက်မှုများနှင့် စုံစမ်းမေးမြန်းမှုများကို ရနိုင်သည်ဖြစ်ရာ ယင်းအတွက် ပြင်ဆင်ထားရန် လိုပေသည်။ အဘယ့်ကြောင့်ဆိုသော် လူအများစုကြီးက ဖေ့စ်ဘွတ်ခ်တစ်ခုတည်းကိုသာ အသုံးပြုနေသဖြင့် ကြော်ငြာနေရာရရှိရန် ယှဉ်ပြိုင်မှုများ မြင့်မားလာနေသောကြောင့်ဖြစ်သည်။

သို့ရာတွင် ကျေးဇူးတင်စရာကောင်းသည်မှာ အချက်အလက်ရှာစနစ်ဖြစ်သည့် ဆာ့ချ်အင်ဂျင် Search Engine ကို အကောင်းဆုံးအနေအထား ဖန်တီးမှု Search Engine Optimization နှင့် ဆာ့ချ်အင်ဂျင်မှတဆင့် ရောင်းဝယ်ဖောက်ကားမှု Search Engine Marketing နှစ်ခုစလုံး အရေးပါမှု ကျဆင်းလာခြင်းဖြစ်သည်။ ကုမ္ပဏီအချို့အတွက် စားသုံးသူများကို ဦးတည်သောဝက်ဘ်ဆိုက်များ လိုချင်မှ လိုတော့မည်ဖြစ်သည်။

နျူဘရွန်နားကမူ အသေးစိတ် အချက်အလက်များပါသည့် ကုန်အမှတ်တံဆိပ်များ၊ နည်းဥပဒေအရ တင်ပြရမည့် လိုအပ်ချက်များ၊ သို့မဟုတ်  ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ဖော်ပြခြင်းဖြင့် ဝက်ဘ်ဆိုက်များပေါ်တွင် ဤအချက်အလက်များကို ထိန်းထားရန်ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းနှင့် ဖောက်သည်တို့ တိုက်ရိုက်ဆက်ဆံမှု B2C content ကိုမူ ဖေ့စ်ဘွတ်ခ်ပေါ်၌ ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုထားသည်။

မြန်မာနိုင်ငံသည် FMCG ဟုခေါ်သော လျင်မြန်စွာ ရောင်းချရသော စားသုံးကုန်များအတွက် အခွင့်အလမ်း ကြီးမားစွာရှိသော နိုင်ငံဖြစ်သည်။ လောလောဆယ် ဖေ့စ်ဘွတ်ခ်ပရိသတ်တွင် ၆၄ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်စုအများအပြားတွင် တစ်အိမ်လျှင်ဖုန်းတစ်လုံးသာ ရှိသည့်သဘောဖြစ်သည်။

စားသုံးကုန်များကို ဝယ်ယူရာတွင် အဓိက အဆုံးအဖြတ်ပေးသူ အမျိုးသမီးများ အွန်လိုင်းပေါ်သို့ ပိုမိုရောက်ရှိလာ၍ စားသုံးသူအမှန်ကို ပစ်မှတ်ထား ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း ကြီးမားစွာ ရှိနေသည်။ ယင်းနယ်ပယ်တွင် ဒပ်ချ်လေဒီ Dutch Lady သည် အထူးကောင်းမွန်စွာ ဆောင်ရွက်နိုင်လျက်ရှိပြီး ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှတဆင့် ကုန်ပစ္စည်း စုံစမ်းမှုများကို နားရက်မရှိ၊ တစ်ရက် ၂၄ နာရီ ချက်ဘောက် chatbox ကို အသုံးပြုနေပြီဖြစ်သည်။

အင်န်ဂျီအိုများအတွက်လည်း အလားတူနည်းလမ်းများဖြင့် ကောင်းစွာဆောင်ရွက်နိုင်ပေသည်။ လိုအပ်သူထံ လိုအပ်ချိန်တွင် အချိန်ကိုက်ရောက်ရှိစေရန် ကုန်ပစ္စည်းရောင်းချရာ၌ ဖေ့စ်ဘွတ်ခ်ကို အင်တာနက် ပလက်ဖောင်းအဖြစ် အသုံးပြုနိုင်သည်။ အင်န်ဂျီအိုများသည် ယင်းအခွင့်အလမ်းကို သုံးပြီး ကိုယ်ဝန်သည်ဆိုင်ရာ အချက်အလက်၊ ဓာတ်စာ၊ မိသားစုစီမံကိန်း၊ သို့မဟုတ် ငွေကြေးဆိုင်ရာ အကြံပြုချက် စသည်တို့နှင့်ပတ်သက်သော အချက်အလက်များကိုရယူကာ အသက်အပိုင်းအခြားအလိုက် ရည်ရွယ်ထားသူများထံ ပေးပို့သွားနိုင်လေသည်။

စီးပွားရေးလုပ်ငန်းများ အချင်းချင်းဆက်ဆံရေး B2B အတွက် ကျွန်တော်တို့ ပေးလိုသော အကြံဉာဏ်မှာ အံ့သြဘွယ်ကောင်းအောင် တမူကွဲပြား ခြားနားပေသည်။ အသက်မွေးမှုပညာရှင်များ Professionals မှာ အီးမေးလ်သုံးသော အုပ်စုတစ်စုတစ်စုဖြစ်ပြီး လင့်ခ်ဒင် LinkedIn ကို ထူးထူးကဲကဲ အသုံးပြုသူများဖြစ်သည်။  LinkedIn သည် ဖောက်သည်ဖြစ်လာရန် အလားအလာရှိသူများနှင့် စီးပွားရေးလုပ်ငန်း စိတ်ဝင်စားသူများကို ရှာဖွေရာတွင် အရေးပါကြောင်း JobNet.com.mm မှ မစ္စတာ ဂျပ်စတင်ဆွေနှင့် CarsDB မှ ကိုဝေဖြိုးကျော်တို့ နှစ်ဦးစလုံးက ပြောသည်။

အသက်မွေးမှုပညာရှင် များပြားလာ၍ စီးပွားရေးထောက်လှမ်းမှု ဆော့ဖ်ဝဲများမှတဆင့်သော်လည်းကောင်း၊ သမားရိုးကျ SEO နှင့် SEM တို့မှတဆင့်သော်လည်းကောင်း ဝင်ရောက်လာရန် ဂူးဂဲလ်အတွက် လမ်းစရှိနေသည်။ ယင်းသို့ဖြစ်ရသည်မှာ အဓိကအားဖြင့် ယင်းတို့ကို အသုံးပြုသူ Users များတွင် အဆင့်မြင့် နိုင်ငံခြားရပ်ခြား ပညာတတ်ကျွမ်းမှုနှင့် အင်္ဂလိပ်ဘာသာဖြင့် ဂူးဂဲလ်၌ အချက်အလက်များ ရှာဖွေရာတွင် တတ်ကျွမ်းကြသောကြောင့်ဖြစ်သည်။

အွန်လိုင်းအသေးစားကြော်ငြာသည် ဖေ့စ်ဘွတ်ခ်က လွှမ်းမိုးမထားနိုင်သော နယ်ပယ်အချို့တွင်ပါဝင်သည်။ ပညာပိုတတ်သော အင်တာနက်သုံးသူများနှင့် ဖေ့စ်ဘွတ်ခ်အက်ပလီကေးရှင်းကို စာရင်းသွင်း အသုံးပြုရန် မသင့်သူများရှိနေခြင်းကြောင့် JobNet နှင့်  CarsDB ကဲ့သို့သော ကြော်ငြာကုမ္ပဏီများအတွက် မိုဘိုင်းအခြေပြု ဝက်ဘ်ဆိုက်များကို ထူထောင်ရန် အခွင့်သာစေသည်။

အမှန်စင်စစ် စာရင်းပေးသွင်းမှု အများအပြားကို ဖေ့စ်ဘွတ်ခ် ၊ JobNet သို့မဟုတ် CarsDB တို့မှတဆင့် တင်ပြနေဆဲဖြစ်သည်။ သို့ရာတွင် မိမိတို့၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များပေါ်၌ အဓိကလုပ်ငန်းများ ဆောင်ရွက်နေကြဆဲဖြစ်သည်။ မကြာသေးမီက ၎င်းတို့ရရှိထားသောအောင်မြင်မှုကို ကြည့်ပါက  အင်တာနက်သုံးစွဲသူအချို့က အသစ်အဆန်းများ စမ်းသုံးရန်ဆန္ဒ ရှိသည်ကို ပြသလျက်ရှိသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar