မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားဟု အမည်ပေးထားသည့် တံတားသစ်စီမံကိန်း၏ ပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တစ်ဖက်ကမ်း၊ ဒလမြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။
ရန်ကုန်မြစ်ကို ဖြတ်ကျော်ပြီး ရန်ကုန်မြို့လယ်နှင့် ဒလမြို့တို့အား ဆက်သွယ်ပေးမည့် အဆိုပါတံတားကို ကိုရီယားနိုင်ငံ၏ အကူအညီဖြင့် ဆောက်လုပ်မည်ဖြစ်သည်။
“ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို မကြာခင် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံကနေ ဦးဆောင်ပြီး လာရောက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒီတံတားကြီးဟာ ကိုရီးယား-မြန်မာ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် အရေးကြီးတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပသည့် Korea Night အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
တောင်ကိုရီးယား ကျောထောက်နောက်ခံဖြင့် ဆောင်ရွက်မည့် အဆိုပါ တံတားစီမံကိန်းကို ၂၀၁၂ ခုနှစ် မေလက ယခင်သမ္မတ ဦးသိန်းစိန် ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ပထမဆုံး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံမှ အတိုးနှုန်းသက်သာသော ချေးငွေ Soft Loan အမေရိကန်ဒေါ်လာ ၁၃၈ သန်းအတွက် အစိုးရ၏ ပန်ကြားချက်ကို ပြည်သူ့လွှတ်တော်က ၂၀၁၅ ခု မေလတွင် အတည်ပြုပေးခဲ့ပြီးနောက် စီမံကိန်းအတွက် သဘောတူစာချုပ်ကို နိုဝင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့သည်။ လုပ်ငန်းစတင်သည့် အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည်။
လေးလမ်းသွား ကြိုးဆိုင်းတံတားဖြစ်သည့် ၁,၈၇၂ မီတာရှည် တံတားအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ သန်းရှိမည်ဟု ခန့်မှန်းထားရာ ကျန်အသုံးစရိတ်ကို မြန်မာအစိုးရက ကျခံမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ မေလတွင် ကျင်းပသည့် အစည်းအဝေး၌ ရန်ကုန်အစိုးရ၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရ လုပ်ငန်းဌာနများနှင့် တောင်ကိုရီးယား ကန်ထရိုက်တာများသည် အမြင့် ၄၉ မီတာ သတ်မှတ်ချက်အပါအဝင် တံတားအတွက် ဗိသုကာဒီဇိုင်းကို သဘောတူခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၌ အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။
ကိုရီးယားနိုင်ငံ သံအမတ်ကြီးက အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းလာခဲ့သည့် ယင်းတံတားသည် ကိုရီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတဖြစ်လာလိမ့်မည်ဟု ပြောကြားသည်။