အာရှဒေသကို ပစ်မှတ်ထားလာတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း

အာရှဒေသနိုင်ငံများမှခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေးအတွက် အစိုးရက မက်လုံးများကို ဖန်တီးပေးနေသည်။ သို့သော် အနောက်နိုင်ငံများမှ ဧည့်သည်များအား ပြန်လည်ဆွဲဆောင်ရန်အတွက်မူ လုပ်ဆောင်ရန် များစွာ ကျန်ရှိနေသေးသည်။

ရဲမွန် ရေးသားသည်။ 

၂၀၁၁ ခုနှစ်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သောအခါ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းလည်း တိုးတက်လာခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကျပ်အတည်းများကြောင့် ယခုအချိန်တွင် ခရီးသွားလုပ်ငန်းမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ငွေကြေး အသုံးအစွဲများသော ဥရောပနှင့် မြောက်အမေရိကမှ ခရီးသွားများ လာရောက်မှု နည်းပါးသဖြင့် မြန်မာ့ခရီးသွားဈေးကွက်က အာရှဈေးကွက်ဘက်သို့ ဦးတည် ဆွဲဆောင်လာခဲ့သည်။ 

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရ ဗီဇာမပါဝင်ဘဲ နယ်စပ်မှ ဝင်ထွက်သူ ၁,၀၃၉,၉၄၉ ဦးကို နှုတ်လိုက်ပါက ၂၀၁၈ ခုနှစ် ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူ ၆၈၂,၁၀၀ ဦး ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းမှာ ပြီးခဲ့သောနှစ် အလားတူ အချိန်ကထက် နှစ်ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။ သို့သော် မြောက်အမေရိကမှ ခရီးသွားများ လာရောက်မှုက ၁၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၄၀,၂၃၃ ဦးသာ ရှိတော့သည်။ ဥရောပ အနောက်ပိုင်းမှ ခရီးသွားများ လာရောက်မှုက ၂၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၉၃,၁၃၈ ဦးသာ ရှိတော့သည်။ 

အာရှဒေသမှ ခရီးသွားများ လာရောက်မှုက ၁၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၅၁၃,၀၇၂  ဦး ရှိခဲ့သည်။ အထူးသဖြင့် တရုတ်ပြည်မှ လာရောက်လည်ပတ်မှုက ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၁၃၃,၆၉၇ ဦး ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံမှ လာရောက်မှုသည် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၁၅၃,၈၁၄ ဦး ရှိခဲ့သည်။ သို့သော် ဆုံးရှုံးသွားသော အနောက်နိုင်ငံ ခရီးသွားများထံမှ ရရှိသော ဝင်ငွေကိုမူ မကာမိနိုင်ပေ။ အာရှဒေသမှ ခရီးသွားများက ခရီးတိုများကိုသာ သွားလာကြပြီး ငွေကြေးအသုံးအစွဲ နည်းပါးကြသောကြောင့် ဖြစ်သည်။ 

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် ခရီးသည်အရေအတွက် တိုးလာသော်လည်း ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ ၎င်းမှာ အနောက်နိုင်ငံများမှ ခရီးသည်များ လျော့ကျသွားပြီး အာရှခရီးသည်များ မြင့်တက်လာချိန်နှင့် တိုက်ဆိုင်နေသည်။ 

အာရှကို ပစ်မှတ်ထားခြင်း

အာရှခရီးသွားများကို ပိုမိုဆွဲဆောင်ရန် အစီအစဉ်အဖြစ် အစိုးရက ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ ခရီးသွားများ လာရောက်လည်ပတ်ရ လွယ်ကူစေရန် စီစဉ်ခဲ့သည်။ ဂျပန်နှင့် တောင်ကိုရီးယားမှ ခရီးသွားများအတွက် ဗီဇာမပါဝင်ဘဲ လာရောက်လည်ပတ်နိုင်ရန် စီစဉ်ပေးခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များမှ ဝင်ရောက်လာသော တရုတ်ခရီးသွားများမှာမူ လေဆိပ်တွင် အမေရိကန်ဒေါ်လာ ၅၀ ပေးဆောင်ကာ ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုအစီအစဉ်ကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး တစ်နှစ်ကြာ စမ်းသပ်ဆောင်ရွက်မည် ဖြစ်သည်။ ယခင်က တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံသို့ မလာမီ ဗီဇာကို ကြိုတင်လျှောက်ထားရသည်။ 

ထိုဗီဇာစည်းမျဉ်းအသစ်များကို ဇူလိုင်လနှောင်းပိုင်းတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ သဘောတူညီပေးခဲ့ခြင်း ဖြစ်သည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဂျပန်နှင့် တောင်ကိုရီးယားမှ ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ ၁,၀၀၀ အား ပြသရန်လိုအပ်သည်ဟု သတ်မှတ်ချက်ကိုမူ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဝေဖန်ခဲ့သဖြင့် ပယ်ဖျက်ပေးခဲ့သည်။ 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာနိုင်ငံအနေဖြင့်  အာရှဒေသကို ပိုမိုဆွဲဆောင်သင့်သည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် အနောက်နိုင်ငံများ၏အမြင်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်သည် ရခိုင်အကျပ်အတည်းကြောင့် ထိခိုက်နေခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

“တရုတ်ခရီးသည်အရေအတွက်က မြင့်တက်လာနေပါတယ်။ လေဆိပ်မှာ ဆိုက်ရောက်ဗီဇာပေးတာကြောင့် ထပ်ပြီး မြင့်တက်လာဦးမှာပါ” ဟု ၎င်းကပြောသည်။

ဥရောပနှင့် အနောက်နိုင်ငံများမှ ခရီးသည်အရေအတွက် လျော့ကျခြင်းကြောင့် ဝင်ငွေ သိသိသာသာ ထိခိုက်မည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တရုတ်ခရီးသည်များမှာ ကမ္ဘာပေါ်တွင် ပိုက်ဆံ အသုံးအများဆုံး ဖြစ်သောကြောင့်ဟု ၎င်းက ဆိုသည်။ 

မြန်မာခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီ၏ အထွေထွေ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးကျော်စွာမင်းကမူ တရုတ်ခရီးသွားများသည် အကုန်အကျများသော ဟိုတယ်များကို ရှောင်ရှားကြပြီး ကျောက်စိမ်းကဲ့သို့သော ပစ္စည်းများကို ဝယ်ယူရာတွင်သာ ပိုက်ဆံများများ သုံးကြသည်ဟု ဆိုသည်။ 

“တရုတ်ခရီးသွားတွေက ရှေးဟောင်း အမွေအနှစ်တွေကို စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားတာက ဖျော်ဖြေရေးပဲ။ သူတို့ရဲ့ အကြိုက်က ဥရောပသားတွေနဲ့ မတူဘူး” ဟု Grand Lotus Tours and Travel ၏ မန်နေဂျင်းဒါရိုက်တာလည်းဖြစ်သူ ဦးကျော်စွာမင်းက ပြောကြားသည်။ 

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကမူ မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားများ ပိုမိုလာရောက်ရန် မျှော်လင့်ထားသည်။

ရန်ကုန်တွင် မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံ၌ အောင်မြင်သည့် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်နေသူ မိုနာဆာကီဝင်း (ခေါ်) အဝင်းကို မြန်မာနိုင်ငံအတွက် ဂျပန်ခရီးသွားများအား ဆွဲဆောင်ရန် ခရီးသွား သံတမန်အဖြစ် ခန့်အပ်ပြီးနောက် ဂျပန်မှ ခရီးသွား တစ်နှစ်လျှင် ၂၀၀,၀၀၀ အထိ လာရောက်ရန် မျှော်လင့်သည်ဟု ဆိုသည်။ ၂၀၁၈ ခုနှစ်၊ ပထမ ခြောက်လအတွင်း ဂျပန်မှ ခရီးသည် ၄၈,၇၄၅ ဦးသာ လာရောက်ခဲ့ပြီး ယခင်နှစ်ကထက် အနည်းငယ်လျော့ကျသွားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် မိုနာဆာကီဝင်းမှာ ရန်ကုန်တွင် မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ ဝင်းကျော်ဦး ဖြစ်သည်။ ဂျပန်တွင် အလုပ်လုပ်ကိုင်နေသော မိဘများထံ အသက် ၁၀ နှစ်အရွယ်တွင် လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က မိုနာဆာကီဝင်းကို မြန်မာ့ခရီးသွားလုပ်ငန်းအတွက် Brand Ambassador အဖြစ် သြဂုတ် ၁၈ ရက်နေ့တွင် အခမ်းအနားဖြင့် ခန့်အပ်ခဲ့သည်။ 

“မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံး ကြိုးစားပေးမှာပါ။ ဂျပန်နိုင်ငံက ခရီးသည်အရေအတွက် တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မိုနာဆာကီဝင်းက ပြောကြားခဲ့သည်။

တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများအတွက်လည်း ခရီးသွားလုပ်ငန်းမြှင့်တင်ရန် Brand Ambassador များ ထားရှိရန် စီစဉ်နေသည်ဟု ဦးအုန်းမောင်က ပြောသည်။

ဥရောပ ဈေးကွက်

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားမှ ခရီးသွားအရေအတွက် မြင့်တက်လာအောင် ကြိုးပမ်းသကဲ့သို့ ဥရောပနှင့် အနောက်နိုင်ငံများမှ ခရီးသွားများကိုလည်း ဗီဇာမပါဘဲ လာရောက်ခွင့်ပြုရေးအတွက် ဆောင်ရွက်ပေးရန် ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက တောင်းဆိုလာကြသည်။

ထိုအဆိုပြုချက်ကို အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီထံ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တင်ပြထားသည်ဟု ဦးရန်ဝင်းက ပြောသည်။

ပြည်ဝင်ခွင့် ဗီဇာမပါပဲ လာရောက်ခွင့်ကို နိုင်ငံအများအပြားအတွက် ပေးအပ်နိုင်မှသာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဟု ၎င်းက ပြောကြားသည်။ 

ဝန်ကြီးဦးအုန်းမောင်ကမူ စပိန်၊ အီတလီ၊ ဗြိတိန်နှင့် ဂျာမနီအပါအဝင် စကင်ဒီနေဗီးယားနိုင်ငံများကို ဆွဲဆောင်နိုင်မည့်အစီအစဉ်များကို ယခုနှစ်နှောင်းပိုင်း၌ လုပ်ဆောင်ရန် ဝန်ကြီးဌာက စီစဉ်ထားရှိသည်ဟု ဆိုသည်။ 

ခရီးသွားများအား ဆွဲဆောင်မည့် အစီအစဉ်များသည် ဝန်ကြီးဌာနက ရရှိသည့် ဘတ်ဂျက် ကျပ် ၁ ဒသမ ၁ ဘီလျံ အားလုံးနီးပါး ကုန်ကျနိုင်မည်ဟု ဆိုသည်။ သို့သော် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဝန်ကြီးဌာနနှင့် ဂြိုလ်တုရုပ်မြင်သံကြားလိုင်း CNN တို့အကြား ဆွေးနွေးနေမှုများကိုမူ ရပ်တန့်လိုက်ပြီဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအား ဝေဖန်နေကြသည့် အချက်တစ်ခုမှာ တည်းခိုသည် အခန်းခ ဈေးနှုန်းများ မြင့်မားနေခြင်း ဖြစ်သည်။ အခန်းခ ဈေးနှုန်းများသည် အိမ်နီးချင်း ထိုင်းနိုင်ငံထက် မြင့်မားနေသည်။ 

“မြန်မာပြည်က ဟိုတယ်တွေက ဈေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ခရီးသွားတွေက သူတို့ရဲ့ ဘတ်ဂျက်ကို စဉ်းစားရသေးတယ်။ ကိုယ့်နိုင်ငံက ဈေးကြီးနေရင် မလာတော့ဘူး” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဦးမျိုးဝင်းက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar