ထောင်ဆူမှုက မီးမောင်းထိုးပြလိုက်တဲ့ မြန်မာ့မူးယစ်ဆေး ပြဿနာ

နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်သစ်ကူး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် မမျှတမှုများရှိသည်ဟု မူးယစ်ဆေးဝါးမှုဖြင့် နှစ်ရှည်ပြစ်ဒဏ်ကျခံရသူများက မခံမရပ်နိုင်ဖြစ်ကာ ထောင်ဆူမှုဖြစ်ပွားခဲ့သည်။

စည်သူအောင်မြင့် ရေးသားသည်။ 

ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေက မြန်မာနိုင်ငံထဲက အကျဉ်းထောင် ခုနစ်ခုမှာ ထောင်ဆူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ထောင်တစ်ခုမှာ အကြမ်းဖက်မှုအဆင့်ရောက်ပြီး ရဲက ပစ်ခတ်နှိမ်နင်းလို့ အကျဉ်းသား လေးယောက် သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တာမို့ အကျဉ်းထောင်သမိုင်းမှာ ကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ အကျဉ်းထောင် ခုနစ်ခုစလုံးက အကျဉ်းသားတွေ တောင်းဆိုတဲ့ အချက် သုံးချက်ဟာ ပုံစံအတူတူပဲ ဖြစ်ပြီး အဓိကအားဖြင့် သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို တန်းတူရရှိရေးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အဓိပ္ပာယ်ကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၇ နှစ်ချခံထားရတဲ့ နာမည်ကြီး လူငယ်သရုပ်ဆောင် တစ်ယောက် သမ္မတရဲ့လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်သွားပေမဲ့ သူနဲ့ ပုဒ်မ တူတဲ့ တခြားအကျဉ်းသားတွေက ဘာကြောင့်မလွတ်မြောက်သလဲဆိုပြီး မေးခွန်းထုတ်၊ ဆန္ဒပြ တောင်းဆိုတာကနေ အစပြုတာ ဖြစ်နေလို့ပါ။

သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ထောင်ဆူမှုအကြောင်းအရာတွေကို လေ့လာဆန်းစစ်ကြည့်ရင် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာ ဘယ်လောက်ဒုက္ခပေးနေသလဲ၊ ဘယ်လောက်ဆိုးရွားနေသလဲဆိုတာ မီးမောင်းထိုးပြနေသလိုလည်း ဖြစ်နေပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကစ နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သုံးခါ ပေးခဲ့ပါတယ်။ အဲလို လွတ်ငြိမ်းခွင့်ပေးတဲ့ အမိန့်စာတွေမှာ “မြန်မာနှစ်သစ်ကူး အချိန်အခါ သမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချောမွေ့အောင်မြင်စေရန်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်လည်းကောင်း အကျဉ်းထောင်တွေမှာ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ဘယ်နှစ်ယောက်ကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဘယ်ပုဒ်မတွေနဲ့ ကျခံနေရသူတွေ၊ ထောင်ထဲမှာ ဘယ်နှနှစ်နေခဲ့သူတွေ၊ ဘယ်လို အခြေအနေရှိသူတွေ အစရှိသဖြင့် တိတိကျကျ ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမဲ့ လွတ်လာသူတွေကို မေးမြန်းချက်တွေနဲ့ အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ လွတ်မြောက်လာသူ အများစုကြီးဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေနဲ့ ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်တယ်ဆိုတာပါပဲ။ လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေ ကိုးသောင်းကျော်လောက်ရှိပြီး ထောင်အများစုဟာ သူတို့ လက်ခံနိုင်တဲ့ အရေအတွက်ထက် အများကြီးပိုပြီး လက်ခံထားရတဲ့ အခြေအနေရှိနေပါတယ်။

အဲဒီအထဲကမှ တစ်ဝက်နီးပါးဖြစ်တဲ့ ၄၅ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေကြသူတွေပါ။ အဓိပ္ပာယ်ကတော့ ထောင်တွေထဲမှာ ရှိသင့်တာထက် အကျဉ်းသားတွေ ပိုများနေပြီး နေရထိုင်ရ ခက်ခဲစေတဲ့ အခြေအနေမျိုးပါ။ အဲဒီလို ထောင်ထဲမှာရှိသင့်တာထက် အကျဉ်းသားဦးရေ ပိုများနေလို့ အကျဉ်းသားတွေ အခက်အခဲတွေ့တဲ့ပြဿနာ ဖြေရှင်းပေးဖို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အစိုးရဆီ တင်ပြထားတာလည်း ရှိနေပါတယ်။

နောက်ပြဿနာ တစ်ခုက အကျဉ်းထောင်ထဲက မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အပိုင်းပါ။ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူးယစ်ဆေးဝါး ဥပဒေအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း သွေးစစ်၊ ဆီးစစ်ကြည့်လို့ ပေါ်ပေါက်ရင် ထောင်ဒဏ်ချမှတ်တာ ခံရပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ အဲဒီဥပဒေကို လွှတ်တော်က ပြင်ဆင်ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ဒဏ်ချမှတ်တာကို ပယ်ဖျက်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သုံးစွဲဖို့ရည်ရွယ်ချက်နဲ့ လက်ဝယ်မှာ တွေ့တယ်ဆိုရင်တော့ အင်ဖက်တမင်း ဆေးပြား တစ်ပြားမိသည်ဖြစ်စေ၊ နှစ်ပြားမိသည်ဖြစ်စေ ၊ ဆေးခြောက် တစ်ဂရမ်ဖြစ်စေ၊ တစ်ဂရမ်အောက် ဖြစ်စေ၊ ပုဒ်မ ၁၆ အရ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကျခံရမယ်လို့ ပြဋ္ဌာန်းထားပြီး အဲဒီပုဒ်မနဲ့ ထောင်ကျနေသူတွေလည်း ထောင်ထဲမှာ အများကြီးရှိနေပါတယ်။ တကယ်တော့ ဆေးပြား၊ ဆေးခြောက် မဆိုစလောက်လေး လက်ဝယ်တွေ့တာနဲ့ အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံစေ ဆိုတာမျိုးဟာ မျှတတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါကြောင့်လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဲဒီဥပဒေပုဒ်မကို ပြင်ဖို့ရှိတယ်ဆိုပြီး ပြောဆိုခဲ့တာလည်း ရှိနေပါတယ်။

အလားတူ လက်ဝယ်တွေ့တာဟာ အရေအတွက် နည်းနည်းလေး များသွားတာနဲ့ ရောင်းဝယ်ရန်အလို့ငှာ လက်ဝယ်ထားတယ်ဆိုတဲ့ ပုဒ်မ ၁၉ အရ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ချလို့ရပါတယ်။ ဒီနေရာမှာ မူးယစ်ဆေးဝါး သိပ်မများဘဲ မိတဲ့သူနဲ့ သိန်းနဲ့ချီ သန်းနဲ့ချီ မိတဲ့သူ ပုဒ်မ တစ်မျိုးတည်း တပ်ပေးရတဲ့ ပြဿနာကတော့ ရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်သမ္မတကတော့ အကျဉ်းထောင်တွေထဲမှာ လူဦးရေတွေ များနေပြီး အကျဉ်းသားတွေ နေရထိုင်ရခက်ခဲတယ်ဆိုတဲ့ မြန်မာလူ့အခွင့်အရေး ကော်မရှင်ရဲ့ တင်ပြချက်ကို တစိတ်တပိုင်း ဖြေရှင်းပေးဖို့၊ ထောင်ဒဏ် မမျှမတ ခံစားနေရတဲ့ မူးယစ်ဆေးဝါးဥပဒေနဲ့ ထောင်ကျခံနေရသူ တချို့ လွတ်မြောက်စေဖို့ ရည်ရွယ်ပြီး အကျဉ်းသား ၂၃,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။

တကယ်တော့ ဒါဟာ လူ ၂၃,၀၀၀ ကျော်၊ သူတို့နဲ့ဆက်စပ်တဲ့ မိသားစုပေါင်း ၂၃,၀၀၀ ကျော်ကို ပျော်ရွှင်ဝမ်းမြောက်စေရုံမက အကျဉ်းသားတွေ လျော့သွားလို့ နေရထိုင်ရ နည်းနည်းအဆင်ပြေလာမယ့်၊ အကျဉ်းထောင်တွေထဲ ကျန်ရစ်မယ့်သူတွေအတွက်လည်း အကျိုးရှိစေမယ့် လုပ်ဆောင်ချက်မျိုးပါ။ ဒါပေမဲ့လည်း သမ္မတရဲ့လွတ်ငြိမ်းခွင့်မှာ တိကျတဲ့ဖော်ပြချက် မပါတာ၊ သက်ဆိုင်ရာအကျဉ်းထောင် အသီးသီးရဲ့ တာဝန်ရှိသူတွေကလည်း သမ္မတရုံးရဲ့ မူဝါဒဆိုင်ရာ ညွှန်ကြားချက်၊ အကျဉ်းသားတွေကို ပွင့်ပွင့်လင်းလင်း ရှင်းမပြနိုင်တာတွေကြောင့် ‘တို့နဲ့ ပုဒ်မ တူသူတွေက လွတ်သွားပြီး တို့က ဘာကြောင့် ကျန်နေရစ်တာလဲ’ ဆိုတဲ့မေးခွန်းတွေပေါ်ပေါက်၊ နောက်ဆုံး ထောင်ဆူမှုအထိ ဖြစ်သွားရတာပါ။ ကောင်းတာလုပ်ရင်းနဲ့ မထင်မှတ်ဘဲ ဆိုးကျိုးပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးအမှုတွေ ဘယ်လောက်များနေသလဲ၊ အကျဉ်းသားတွေ အချုပ်သားတွေထဲမှာ မူးယစ်ဆေးဝါးမှုကြောင့် အချုပ်၊ ထောင်ကျနေသူ ဘယ်လောက်များနေသလဲ၊ တဆက်တည်း မူးယစ်ဆေးဝါးပြဿနာ ဘယ်လောက်ကြီးမားနေသလဲဆိုတာ ထင်သာမြင်သာ ရှိစေပါတယ်။

တကယ်တော့ မူးယစ်ဆေးဝါးမှုတွေဟာ ပါဝင်ပတ်သက်သူတွေနဲ့ သူတို့မိသားစုဝင်တွေကိုချည်းပဲ ဒုက္ခရောက်စေတာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးမိတာ၊ အဖမ်းခံရတာ၊ တရားရုံးရောက်တာ၊ နောက်ဆုံး အမိန့်ကျပြီး ထောင်ထဲရောက်သည်အထိ ရှည်လျားတဲ့ဖြစ်စဉ်မှာ အတော့်ကို ကြီးမားကျယ်ပြန့်တဲ့ အဂတိလိုက်စားမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။ မူးယစ်ဆေးဝါး အမှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေအရာရှိတွေ၊ တရားသူကြီးတွေကို အဂတိလိုက်စားဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေတာလည်း ကာလကြာခဲ့ပါပြီ။

ဒါတင်လားဆိုတော့ မကသေးပါဘူး။ သန်းနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောခရိုင်ဘက်မှာ မကြာခဏ ဖမ်းဆီးရမိတာ၊ တနင်္သာရီကမ်းရိုးတန်းတလျောက် မြန်မာ့ရေပိုင်နက်ထဲမှာ စက်လှေတွေပေါ်ကနေ ပမာဏကြီးမားတဲ့ ဖမ်းဆီးရမိမှုတွေ ဖြစ်ပေါ်နေတာ၊ ရှမ်းပြည်နယ် ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေကနေ ပမာဏ အလွန်များတဲ့ မူးယစ်ဆေးဝါးတွေ ခပ်စိပ်စိပ် ဖမ်းဆီးရမိနေတာတွေကို ကြည့်ရင် မြန်မာ့ မူးယစ်ဆေးဝါး ပြဿနာဟာ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာကိုပါ ဒုက္ခပေးနေပြီဆိုတာ သိသာနေပါတယ်။ နောက်ဆက်တွဲအနေနဲ့ မူးယစ်ဆေးဝါး ပြဿနာဟာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုလည်း ပိုပြီးဆိုးရွားစေ၊ ပိုပြီးရှည်ကြာစေတာလည်း တွေ့နိုင်ပါတယ်။

ဒီအတွက် အစိုးရဟာ မူးယစ်ဆေးဝါးပြဿနာနဲ့ပတ်သက်ရင် ထောင်ထဲရောက်နေသူတွေကို လွတ်ငြိမ်းခွင့်ပေးပြီး လျှော့ချတာ၊ ဥပဒေပြင်ဆင်ပေးတာလောက်နဲ့ မလုံလောက်ပါဘူး။ ပမာဏ ကြီးကြီးမားမား ထုတ်လုပ်နေတာတဲ့ မူရင်းနေရာတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ ကြိုးစားတာ၊ မူးယစ်ဆေးဝါး လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်နိုင်အောင် လုပ်တာတွေတင်မက ပြည်တွင်း မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပြဿနာကိုလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်အောင် ကြိုးစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar