ထောက်ပံ့ရေးလမ်းကြောင်း ထိန်းထားရေး လုံးဝအရေးကြီးပါတယ် – ကုလအကူအညီပေးရေး အကြီးအကဲ

မစ္စတာ စတီဖင်န် အိုဘရိုင်ယန်သည် လူသားချင်း စာနာမှုရေးရာ ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဖြစ်ကာ လွန်ခဲ့သည့်လက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သွားရောက်သည့် ခရီးစဉ်များတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များ ပါဝင်သည်။ အောက်တိုဘာ ၁၄ ရက်က Frontier မှ အိုလီဗာ ဆလိုးသည် လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး အကြီးအကဲနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။   ။ မြန်မာနိုင်ငံကို ဘာအတွက် ရောက်လာပါသလဲ။

ဖြေ။   ။ပြည်သူတွေရဲ့ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို သိမြင်ဖို့နဲ့ အကူးအပြောင်းကာလရဲ့ ရလဒ်အဖြစ် ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေကို နားလည်သိရှိဖို့အတွက် မြန်မာနိုင်ငံကို လာဖို့အခွင့်အလမ်း ရခဲ့ပါတယ်။

တွေ့ကြုံပြောဆိုခဲ့တာတွေ အထူးသဖြင့် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံပြောဆိုခဲ့တာတွေအရဆိုရင်တော့ တော်တော်လေး အားတက်စရာ ကောင်းပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာနဲ့ပတ်သက်လို့ အသင့်ဖြစ်ရေး ခွန်သစ်အားသစ်တွေထည့်ဖို့ ဘယ်လောက် လိုအပ်နေတယ်ဆိုတာ ပြသနေပါတယ်။ သဘာဝဘေးဆိုတာ ဖြစ်လာရင်ဆိုတဲ့ကိစ္စ မဟုတ်ပါဘူး ဘယ်တော့ဖြစ်မယ်ဆိုတဲ့ကိစ္စပါ။

နောက်ပြီး လူနည်းစုတွေရဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို အသိအမှတ်ပြုဖို့၊ သူတို့ရဲ့လိုအပ်ချက်တွေကို ကိုင်တွယ်ရာမှာ ကျွန်တော်တို့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို တိုးတက်အောင်လုပ်ဖို့နဲ့ လိုအပ်တဲ့နေရာတွေကို ဝင်ရောက်ဖို့လည်း အရေးကြီးပါတယ်။

မေး။   ။နေပြည်တော်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို ခင်ဗျားသွားခဲ့တယ်နော်။ ကချင်ပြည်နယ်မှာ ခင်ဗျားရဲ့အဓိက တွေ့ဆုံမှုတချို့ကို သိချင်ပါတယ်။

ဖြေ။   ။ ကချင်မှာ အစိုးရက ထိန်းချုပ်ထားတဲ့နယ်မြေက ပြည်တွင်းဒုက္ခသည်စခန်းတွေရော၊ အစိုးရက ထိန်းချုပ်မထားတဲ့နယ်မြေက ပြည်တွင်းဒုက္ခသည်စခန်းတွေကိုပါ သွားရောက်နိုင်ခဲ့တဲ့အတွက် အတော်လေး ကျေနပ်စရာကောင်းပါတယ်။

အထူးသဖြင့် အကာအကွယ်အပြင် အစားအစာနဲ့ နေစရာတွေအတွက် အရေးကြီးတဲ့ လူသားချင်း စာနာမှုလိုအပ်ချက်တွေ ရှိနေတဲ့ အသက်ကြီးတဲ့ အမျိုးသမီးကြီးတွေ တော်တော်များများ တွေ့ရတော့ အတော်လေး အံ့အားသင့်မိပါတယ်။

မေး။   ။လိုအပ်ချက် ရှိနေသူတွေကို ဖြည့်ဆည်းပေးနေပြီလား။

ဖြေ။   ။ သေချာတာကတော့ အကူအညီတချို့ ရောက်လာနေပါပြီ။ မကြာသေးခင် အချိန်တုန်းကတော့ ဒီလိုရောက်ဖို့ ပိုပြီးခက်ပါတယ်။ ကျွန်တော်တို့ ဝင်ရောက်ခွင့်ရတာကိုက အတော်ကို အပြုသဘောဆောင်ပါတယ်။

ဒုက္ခသည်တွေ လိုအပ်တဲ့ အစားအစာနဲ့ တခြားပစ္စည်းတွေရဖို့ တပ်မတော်နဲ့ ကေအိုင်အေကြားက စည်းကို ကျော်ရတယ်လို့ ပြောသံတွေ ကြားဖူးပါတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းကို ကျွန်တော် ဝင်နိုင်ခဲ့တာပဲ။ ဒါက အမြဲတမ်း မဟုတ်ပါဘူး။

အကူအညီတွေက ကချင်ပြည်နယ်က တချို့ဒုက္ခသည်စခန်းတွေဆီ မရောက်ဖူးဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ဖို့ ကန့်သတ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားဖူးထားပါတယ်။ ဒါ့ကြောင့် အစိုးရ ထိန်းချုပ်မှုအလွန်မှာရှိတဲ့ နေရာတွေကိုသွားတဲ့ အခွင့်အရေးကို ရယူဖို့က အရေးကြီးပါတယ်။

ကျွန်တော် မရောက်ခဲ့တဲ့နေရာတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် မပြောနိုင်ပါဘူး။ အကူအညီ လိုအပ်နေတဲ့ နေရာတိုင်းကို သွားနိုင်ဖို့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းရေးက လုံးဝအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ကတော့ ဘယ်မှာလူသားချင်း စာနာမှုအကူအညီတွေ လိုနေသလဲဆိုတာ ဖော်ထုတ်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရေး ကြိုးစားဖို့ပါ။ နောက်ပြီး အဲဒီအတွက် အရင်းအမြစ်တွေ ကျနော်တို့ လိုအပ်ပါတယ်။ နောက်ပြီး ဝင်ရောက်ခွင့်လည်း လိုပါတယ်။

မေး။   ။ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းက ဘာတွေ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

ဖြေ။   ။ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာပါ။ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စအားလုံး ပါတာပေါ့။ အထူးသဖြင့်တော့ ဝင်ရောက်ခွင့်ရရေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကုလနဲ့သူ့ရဲ့ပါတနာတွေ လုပ်နေတဲ့ အလုပ်အတွက် အရေးကြီးလို့ပါ။

ငြိမ်းချမ်းရေးက အစိုးရရဲ့ နံပါတ်တစ် ဦးစားပေးလို့ အသိအမှတ် ပြုထားတာလည်း ရှိပါတယ်။ နာတာရှည် လူမမာတွေ၊ မသန်စွမ်းသူတွေ၊ ကလေးတွေ၊ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက် နေစရာတွေပေးတာ၊ အကာအကွယ်တွေ ပေးတာလိုမျိုးက အရေးကြီးပါတယ်။ ဒါမျိုးက ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ အထောက်အကူပါ။

ကုလအကူအညီပေးရေး အကြီးအကဲက စစ်တွေမြို့အနီးမှ ရခိုင်တိုင်းရင်းသားနှင့် မွတ်စလင်ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှုခဲ့သည်။ ဓာတ်ပုံ - မာရို ဗာလီ

ကုလအကူအညီပေးရေး အကြီးအကဲက စစ်တွေမြို့အနီးမှ ရခိုင်တိုင်းရင်းသားနှင့် မွတ်စလင်ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှုခဲ့သည်။ ဓာတ်ပုံ – မာရို ဗာလီ

စစ်ဘက်အရပ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် လုပ်နိုင်ကိုင်နိုင်စွမ်းကို နားလည်အောင် သေသေချာချာ လုပ်ဖို့နဲ့ ကပ်ဘေးအတွက် အကောင်းဆုံး ပြင်ဆင်ဖို့လိုအပ်တဲ့ အကြောင်းလည်း အနည်းငယ် ဆွေးနွေးဖြစ်ပါသေးတယ်။ ပြီးတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ဝန်းကျင်မှာ လူသားချင်း စာနာမှု၊ ဖွံ့ဖြိုးမှုနဲ့ တုံ့ပြန်ဖြေရှင်းမှုတွေကို ပုံစံချပေးခြင်းဟာ အရေးကြီးတဲ့အကြောင်းလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် လုပ်ဆောင်ပေးမှု မှန်ကန်ရင် ခင်ဗျားလုပ်တာမှန်ပြီ။ ဘာမှပြောစရာ မလိုတော့ဘူး။

မေး။   ။ဘယ်တွေ သွားခဲ့ပါသေးသလဲ။ ရခိုင်မှာ ခင်ဗျားရဲ့ အဓိကတွေ့ဆုံမှုတချို့ကို သိပါရစေ။

ဖြေ။   ။ စစ်တွေတဝိုက်ပါပဲ။ ပထမဆုံး သက်ကယ်ပြင်မှာရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းကို သွားခဲ့ပါတယ်။ ကြည့်ရတာကတော့ အဲဒီမှာ ကြံရာမရ ဖြစ်နေကြတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေက အလုပ်လိုချင်တယ်။ ကောလိပ်တက္ကသိုလ်ပညာ သင်ခွင့်ရချင်ကြတယ်။

လူသားချင်း စာနာမှု လိုအပ်ချက်တွေကို လျင်လျင်မြန်မြန် ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းက အဲဒီမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိရင် ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်းလိုအပ်နေသူတွေဟာ အနီးဆုံးဆေးရုံကို သွားနိုင်ဖို့ လုပ်ပေးရပါမယ်။ ပညာရေးမှာလည်း အလားတူပဲ ရနိုင်သမျှ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဓိကကတော့ ပုံမှန်စာသင်ကျောင်းတွေမှာ ဝင်ရောက်သင်ယူနိုင်ရေးပါ။

ပြီးတော့ ရခိုင်က ပြန်လည်နေရာချထားရေး စခန်းတစ်နေရာကိုလည်း သွားခဲ့ပါတယ်။ အဲဒီမှာလည်း လူသားချင်း စာနာမှု အကူအညီ လိုအပ်နေတဲ့ နောက်ထပ် လူ့အသိုင်းအဝိုင်းတစ်ခုကို တွေ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အဲဒီမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကမှ ရောက်လာတဲ့ ရခိုင်အမျိုးသမီးတချို့နဲ့ တွေ့ပါတယ်။ သူတို့ဟာ အကြမ်းဖက် ဘေးအန္တရာယ်ကိုကြောက်လို့ မြောက်ပိုင်းကနေ ထွက်ပြေးလာခဲ့ကြတာပါ။

ဒါ့ကြောင့် ဒါကလည်း အကူအညီတချို့ လိုနေတဲ့ ထွက်ပြေးလာသူ သီးခြားအစုတစ်စုပါပဲ။ သိသာထင်ရှားတာကတော့ သူတို့ရဲ့လိုအပ်ချက်တွေက မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ ရပါတယ်။ တချို့က ပြောတယ်။ အကူအညီတွေ လူတွေဆီရောက်ပုံက အချိုးအစား မမျှဘူးလို့ ဆိုပါတယ်။ လိုအပ်ချက်တွေက ပဓာနကျတဲ့ စမ်းသပ်မှုဆိုတာ ရှင်းပါတယ်။ လိုအပ်ချက်ရှိတဲ့ နေရာတိုင်းဟာ ဖြည့်ဆည်းပေးဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။

ရတဲ့အချိန်အတိုင်းအတာတစ်ခုမှာ လူ့အသိုင်းအဝိုင်းတစ်ခုမှာ လိုအပ်ချက်တွေ ပိုများရင် ကျွန်တော်တို့ပေးတဲ့ အချိုးအစားကလည်း ခြားနားသွားမှာပဲ။ ဦးစားပေးတယ်။ ဘက်လိုက်တယ်ဆိုတဲ့ အထောက်အထား လုံးဝမရှိပါဘူး။

မေး။   ။ ရခိုင်က မွတ်စလင်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားခွင့် မရဘူးလို့ ပြောခဲ့တယ်နော်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့သေးလား။ သူ့တုံ့ပြန်မှုက ဘယ်လိုပါလဲ။

ဖြေ။   ။ လူသားချင်း စာနာမှုဆိုင်ရာ စည်းမျဉ်းတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ အစိုးရက ပေးထားတဲ့ ကတိတစ်ခုတော့ ရှိခဲ့ပါတယ်။ တကယ်တော့ ဒါတွေဟာ ဘယ်အစိုးရမဆို လုပ်နိုင်သလောက် လုပ်ဖို့လိုပါတယ်။

အစိုးရကို ဘက်ပေါင်းစုံကနေ အထောက်အပံ့ပေးဖို့ ကုလနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ရေး ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒါက ရည်မှန်းချက်တစ်ခုဆိုတာ အာမခံချက် ရခဲ့ပါတယ်။

မေး၊   ။ ရခိုင်မှာ နောက်ထပ်အရေးကြီးတဲ့ ကိစ္စကတော့ မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည်တွေပါ။ သူတို့ထဲက အများအပြားက ပြောကြတာက သူတို့အတွက် အစားအစာခွဲတမ်းတွေ မရဘူးဆိုပါတယ်။ ခင်ဗျားရဲ့အဖြေကို သိချင်ပါတယ်။

ဖြေ။   ။ အဓိကကျတာကတော့ လူသားချင်း စာနာမှု လိုအပ်တဲ့သူတွေဆီကို အကူအညီပေးတဲ့အခါ လိုအပ်ချက် ဖြည့်ဆည်းနိုင်တဲ့ နည်းလမ်းကို တွေ့ဖို့ပါပဲ။ ဒါပေမဲ့ မှတ်ပုံတင်လား မတင်လားမေးခွန်းက ခင်ဗျားမှာ စာရွက်စာတမ်း တစ်ခုရှိ မရှိကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။ အရေးကြီးတာက လိုအပ်ချက်တွေ ရှိနေတဲ့သူကို ဖြည့်ဆည်းပေးဖို့ နည်းလမ်းရှာဖို့ပါ။

မေး။   ။ ရခိုင်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေအတွက် အစားအစာရာရှင်တွေ လျှော့ချခံရတယ်ဆိုတာနဲ့ ပတ်သက်တဲ့ သတင်းတွေ မကြာသေးခင် လတွေကတည်းက ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ အကျယ်တဝင့် ပြောပြနိုင်မလား။

ဖြေ။   ။ ကြားထားပါတယ်။ ဒါကတော့ အစားအစာ အကျပ်အတည်း ဖြစ်တိုင်းမှာ ဖြစ်နေကျပါပဲလို့ နားလည်ပါတယ်။ အချက်အလက်နဲ့ လုပ်ငန်းစဉ်ပြောင်းရင် အစားအစာပမာဏလည်း ပြောင်းလဲနိုင်ပါတယ်။

ဒီမှာလည်း အဲဒီလို ဖြစ်နေတာပါ။ ခံစားပိုင်ခွင့်ကို ငြင်းဆိုတာမျိုးတော့ မဟုတ်ပါဘူး။ အကဲဖြတ်ထားတဲ့ လိုအပ်ချက်အရ ညှိယူတာမျိုးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းပဲ အနီးကပ် သုံးသပ်ဆောင်ရွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရရှိထားတဲ့ အစားအစာတွေကို အထိရောက်ဆုံး ဖြန့်ဝေပေးဖို့က လုံးဝအရေးကြီးပါတယ်။ ဆိုလိုတာကတော့ အများဆုံး လိုအပ်နေတဲ့သူတွေကို ရှာပြီး သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဖြစ်စေဖို့ပါ။

(အယ်ဒီတာမှတ်ချက်။ အင်တာဗျူးလုပ်ပြီးကတည်းက အစားအစာများ ပြန်ပေးခဲ့သည်။ သို့ရာတွင် ရခိုင်ရှိ အခြေအနေများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ချက်ချင်းပင် ပိတ်ဆို့ခဲ့သည်။)

မေး။   ။ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက်ပါတယ်။ သူ့ဆီက ကျွန်တော်တို့ ဘာတွေမျှော်လင့်လို့ရမလဲ။

ဖြေ။  ။ ကျွန်တော် သူနဲ့တွဲပြီး အလုပ်လုပ်ခွင့် ရထားလို့ ကျေနပ်မိပါတယ်။ သူက လူကို အဓိကထားတဲ့ လူကောင်းပါ။ သူက ထူးချွန်တဲ့ အတွင်းရေးမှူးချုပ်ကောင်း တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

လက်ရှိအတွင်းရေးမှူးချုပ်ကလည်း ဒီဇင်ဘာ ၃၁ အထိ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ကတော့ လက်ရှိအတွင်းရေးမှူးချုပ်နဲ့လည်း ဆက်လက် လက်တွဲဆောင်ရွက်သွားမှာပါ။ ပြီးတော့ ဇန်နဝါရီ ၁ ကစလို့ အတွင်းရေးမှူးချုပ်သစ်နဲ့ လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်နေပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ယခုတွေ့ဆုံမေးမြန်းမှုကို အတိုချုံးတည်းဖြတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ ခေါင်းစီးဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar