တောဆင်ရိုင်းတွေကြောင့် ထွက်ပြေးနေရတဲ့ ရွာသူရွာသားတွေ

သစ်ပင်ပေါ်မှာ ဆောက်ထားတဲ့ လင့်စင်အိမ်နဲ့အတူ တွေ့ရတဲ့ ဒေသခံမိသားစုတစ်စု။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

သစ်ပင်ပေါ်မှာ ဆောက်ထားတဲ့ လင့်စင်အိမ်နဲ့အတူ တွေ့ရတဲ့ ဒေသခံမိသားစုတစ်စု။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

ရွာတွေထဲကို ဆင်တွေ ဝင်ရောက်သောင်းကျန်းနေမှုတွေက မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်

လယ်ယာတွေနဲ့ ရွာတွေထဲကို တောဆင်ရိုင်းတွေ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရွာသားတွေဟာ သစ်ပင်ထိပ်ဖျားက အိမ်တွေမှာ ရွှေ့ပြောင်း ခိုလှုံနေရပါတယ်။ ဆင်ရိုင်းတွေက ရွာသားတွေရဲ့ စပါးတွေကိုလည်း ဝင်ရောက်မွှေနှောက် စားသောက်သွားခဲ့ကြပါတယ်။

ဆင်ရိုင်းတွေဟာ စပါးပင်တွေ၊ အိမ်တွေကို ဖျက်ဆီးခဲ့သလို သူတို့ သွားတဲ့ လမ်းကြောင်းတစ်လျှောက်က လူတွေကိုလည်း သတ်ဖြတ်ခဲ့ကြတယ်လို့ ရွာသားတွေက ဆိုပါတယ်။ ဒါကြောင့် ကြက်ချောင်းရွာသူ ရွာသားတွေဟာ သစ်နဲ့ ဝါးတွေကို အသုံးပြုပြီး သစ်ပင်အမြင့်ပိုင်းမှာ လင့်စင်တဲအိမ်တွေ ဆောက်လုပ်နေထိုင်ပြီး ဆင်ရိုင်း အန္တရာယ်ကို အကာအကွယ် ယူနေရပါတယ်။

“ကျွန်တော်တို့ သစ်ပင်တွေထဲကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒါမှပဲ လုံခြုံပါတော့တယ်”လို့ ဆင်ရိုင်းတွေ ဝင်ရောက်လာချိန်မှာ ထွက်ပြေးခဲ့ရတဲ့ ကိုဆန်းလွင်က ဆိုပါတယ်။

ရန်ကုန်မြို့မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်မှာရှိတဲ့ ကြက်ချောင်းရွာသားတွေဟာ တောဆင်းရိုင်းတွေရဲ့ အန္တရာယ်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက စတင် စိုးရိမ်လာခဲ့ကြတာဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားပါတယ်။

အခုတော့ သူတို့ဟာ ဆင်တွေရဲ့ ခြေသံတွေ၊ သွားလာသံတွေ ကြားရတိုင်း အိမ်လုပ် ဝါးလှေကားများ အသုံးပြုကာ ခြေတံရှည် တဲအိမ်တွေပေါ်ကို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကလည်း အမြဲတမ်းလိုလို ဖြစ်ပွားနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။

“သူတို့တွေ အားလုံးကို တစ်နေရာ ပို့ပစ်လိုက်စေချင်တယ်။ ဒါမှ ကျွန်တော်တို့ အေးအေးချမ်းချမ်း နေနိုင်မှာပါ”လို့ အသက် ၅၇ နှစ်အရွယ်ရှိ လယ်သမားတစ်ဦးဖြစ်သူ မသန်းရှင်က ဆိုပါတယ်။

ရွာတွေထဲကို ဆင်တွေ ဝင်ရောက်သောင်းကျန်းနေမှုတွေက မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှုကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ နဲ့ ၂၀၁၀ ပြည့်နှစ်ကြားမှာ နိုင်ငံရဲ့ သစ်တော ၂၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်တဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

သစ်တောများ ပြုန်းတီးမှုရဲ့ အဓိကအကြောင်းရင်းကတော့ စစ်အစိုးရ အုပ်ချုပ်စဉ် အကြီးအကျယ် သစ်ထုတ်ယူမှုတွေနဲ့ စိုက်ပျိုးရေးအတွက် မြေနေရာလိုအပ်မှုတို့ကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အာရှဆင်ရိုင်း အရေအတွက်ဟာ ဒေသတွင်းမှာ အများဆုံးဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဆိုပါတယ်။

ဒါပေမယ့် မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ မျိုးစိတ်တွေကို စားကျက်မြေတွေ လျော့နည်းလာမှု၊ ဆင်စွယ်များ ထုတ်ယူမှုနဲ့ ဒီတိရစ္ဆာန်တွေကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်ကာ ထိုင်းနိုင်ငံသို့ တရားမဝင်သယ်ယူမှုတွေက မျိုးသုန်းသွားအောင် ခြိမ်းခြောက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည် စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ NLD ဟာ ယခုနှစ်အတွင်း အစိုးရသစ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

“ဆယ်စုနှစ်များစွာ ပျက်စီးနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပြန်ကောင်းလာဖို့ ကျွန်တော်တို့ ကြိုးစားသွားပါမယ်”လို့ NLD ရဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး ကော်မတီအဖွဲ့ ဒုတိယဥက္ကဌ ဦးစိုးညွန့်က အေအက်ဖ်ပီ ကို ပြောကြားခဲ့ပါတယ်။

“သိပ်တော့ မလွယ်လှဘူး”လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

သတင်း- အေအက်ဖ်ပီ

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar