တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဝန်ထမ်းအင်အား ၁,၁၀၀ ခန့်ဖြင့် ဖွဲ့စည်းသွားမည်

နေပြည်တော်၊ မေ ၃၀

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဝန်ထမ်းအင်အား ၁,၁၀၀ ခန့်ဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားရန် အဆိုပြုထားသည်ဟု ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းတွင် ဖော်ပြထားသည်။

သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ပထမဆုံး စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါ ဝန်ကြီးဌာနသည် စတင်ဖွဲ့စည်းပြီးချိန်မှ စတင်ကာ မည်သည့်လှုပ်ရှားမှုသတင်းမှ ပေါ်ထွက်လာခြင်း မရှိခဲ့ပဲ ယခု ရက် ၁၀၀ စီမံကိန်းနှင့်အတူ ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်သည်။

“တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအရ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာနနှစ်ခုထားရှိပြီး တိုင်းရင်းသား လူမျိုးများ၏ ဒေသဖွံ့ဖြိုးရန်အတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့်ဌာန၊ တိုင်းရင်းသားများ၏စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိလာရန် ဆောင်ရွက်မည့်ဌာနဟူ၍ ဦးစီးဌာနနှစ်ခု ဖွဲ့စည်းသွားမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဖွဲ့စည်းပုံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ ပါဝင်ဖွဲ့စည်းသွားရန် အဆိုပြုထားပြီး ပထမအဆင့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု၏ ရုံးချုပ်ကို ဖွဲ့စည်း ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်နေကာ ဦးစီးဌာနနှစ်ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ထိ ရုံးဖွင့်လှစ် ဆောင်ရွက်သွားရန် ရည်မှန်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ဦးစီး ဌာနနှစ်ခုအောက်တွင် ဦးစီးဆောင်ရွက်မည့် ညွှန်ကြားရေးမှူးချုပ် နှစ်ဦးအပါအဝင် အရာထမ်း၊ အမှုထမ်း ၅၁၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ ဝန်ထမ်းအင်အား ၁၁၃၁ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် အဆိုပြုထားသည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့သည် ”တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ကျောရိုးဖြစ်ကာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်နိုင်မည့် ဝန်ကြီးဌာနသစ်တစ်ခု ဖွဲ့စည်းပေါ်ပေါက်လာရေးကို ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှာ နိုင်သက်လွင်ဖြစ်သည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar