တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လောက်ကိုင်မှ လူထောင်ပေါင်းများစွာ ထွက်ပြေးနေ

ရန်ကုန်၊ မတ် ၈

ရော့ကတ်ဒုံးကျဉ်နှင့် စက်သေနတ်များ ကိုင်ဆောင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကို မြန်မာအစိုးရတပ်များက ပြန်လည်ခုခံတိုက်ခိုက်မှုများအတွင်း လူပေါင်း ၃၀ ခန့်သေဆုံးခဲ့ရပြီးနောက် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေသည့် မြန်မာနယ်စပ်မြို့လေးမှ လူထောင်ပေါင်းများစွာ ထွက်ပြေးနေကြသည်ဟု တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားသည်။

တရုတ်စကား ပြောကြားသည့် ကိုးကန့်ဒေသတွင် ၂၀၁၅ ခုနှစ်က လူအများအပြား သေဆုံးခဲ့ရကာ ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည့် တိုက်ခိုက်မှုများဖြစ်ပေါ်ပြီး နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်သော တိုက်ခိုက်မှုများအနက် ယခုဖြစ်ရပ်လည်း အပါအဝင်ဖြစ်သည်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ဘက်တွင် တည်ရှိသည့် အဆိုပါဒေသတွင် အစိုးရတပ်များနှင့် လက်နက်များ ကောင်းမွန်စွာ တပ်ဆင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ကာ ပြင်းထန်သည့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ခြိမ်းခြောက်နေသည်။

ထို့ပြင် ယခုတိုက်ခိုက်မှုများက ၂၀၁၅ ခုနှစ်ကကဲ့သို့ ပြန်လည်ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။ ထိုအချိန်က တိုက်ပွဲများကြောင့် လူပေါင်းများစွာ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြပြီး ဘေဂျင်းနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ကိုးကန့်ဒေသ၏ မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့တွင်းသို့ တနင်္လာနေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်လာသည့် သောင်းကျန်းသူများအား ပြန်လည်တိုက်ထုတ်ရန်အတွက် လက်နက်ကြီးများကို အသုံးပြုခဲ့ရသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် တပ်မတော်က ပြောကြားထားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု Nationalities Democratic Alliance Army (MNDAA) သောင်းကျန်းသူများ၏ လောက်ကိုင်မြို့တွင်း ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရေး အကြံအစည်မှာလည်း ရပ်တန့်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တိုက်ခိုက်မှုများကြောင့် တပ်မတော်သားများနှင့် အရပ်သားအချို့ သေဆုံးခဲ့ရသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

“တိုက်ပွဲတွေကြောင့် ဒေသခံ ၇,၀၀၀ လောက် တရုတ်ဘက်အခြမ်းကို ထွက်ပြေးသွားကြတယ်” ဟု တပ်မတော်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား မတ် ၆ ရက်နေ့၊ နံနက် ၂ နာရီတွင် MNDAA လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ခန့်က ရဲဝတ်စုံများ ဝတ်ဆင် အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှ ဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို MNDAA လက်နက်ကိုင်အဖွဲ့နှင့်အတူ အခြားပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦးနှင့် မူလတန်းပြဆရာမတစ်ဦးအပါအဝင် ပြည်သူငါးဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားပြီး ကိုးကန့်ယာဉ်ထိန်းရဲ လေးဦးအား တိုက်ခိုက်သူများက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။ ထို့ပြင် MNDAA လက်နက်ကိုင်အဖွဲ့က မီးရှို့ထားသည်ဆိုသည့် အလောင်း ၂၀ ကိုလည်း တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ မီးလောင်ထားသည့် အလောင်းများမှာ MNDAA တိုက်ခိုက်သူများ၏ အလောင်းများဖြစ်သည်ဟု မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အေအက်ဖ်ပီကို ပြောကြားထားသည်။

တနင်္လာနေ့က Facebook ပေါ်တွင် ပေါ်ထွက်လာသော အတည်မပြုနိုင်သည့် ဗီဒီယိုများတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် ကိုးကန့်မြို့ မြင်ကွင်းများကို တွေ့မြင်ရသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar