တိုက်ကြီးတွင် ယနေ့နံနက်ပိုင်းက ငလျင်ထပ်မံလှုပ်ခတ်

ရန်ကုန်၊ မတ် ၁၄

တိုက်ကြီးမြို့တွင် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က အင်းအားပျော့ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တိုက်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှမင်းစိုးက အတည်ပြု ပြောကြားသည်။

အဆိုပါငလျင်မှာ ရစ်ချ်တားစကေးမည်မျှရှိသည်ကို ငလျင်တိုင်းထွာရေးစခန်းမှ ဖမ်းယူမရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဗေဒညွှန်ကြားမှုဦးစီးဌာန၏ ငလျင်အချက်အလက်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ငလျင်တိုင်း စခန်းများထားရှိမှု ကျဲပါးသဖြင့် ငလျင်ငယ်လျှင် ဖမ်းယူမရရှိသော်လည်း ဒေသခံများ ခံစားသိရှိရသည့် ပမာဏလှုပ်ခတ်ခဲ့သည်ဆိုလျှင် ရစ်ချ်တာစကေး ၂ နှင့် ၃ ကြားရှိလိမ့်မည်ဟု အဆိုပါ တာဝန်ကျအရာရှိက ပြောသည်။

ယမန်နေ့ည ၈ နာရီ ၄၉ မိနစ်အချိန်ခန့်က အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၈ ရှိ အင်အား အသင့်အတင့် ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံ လှုပ်ခတ်နိုင်သည်ဟုလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ယခုနောက်ဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ထိခိုက်အပျက်အစီးမရှိသော်လည်း တိုက်ကြီးမြို့အနီးရှိ အလုပ်သမား ၄၀၀ ကျော်ရှိသော အထည်ချုပ်စက်ရုံမှ အလုပ်သမများက ငလျင်လှုပ်ချိန်တွင် ထိတ်လန့်ကာ အဆောက်အဦး ပြင်ပသို့ အမြန် စုပြုံပြေးထွက်ကြသဖြင့် အချင်းချင်း တိုးတိုက်မိကာ အချို့ဒဏ်ရာရရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှမင်းစိုးက ပြောသည်။

တိုက်ကြီးဒေသခံ ကိုရဲဝင်းအောင်ကလည်း အဆိုပါအထည်ချုပ်စက်ရုံအား တစ်ရက်ပိတ်ကာ အလုပ်သမားများအား ပြန်လွှတ်လိုက်သည်ကို တွေ့ရကြောင်းလည်းပြောသည်။ ထို့ပြင် မြို့ပေါ်တွင် ည ၇ နာရီအချိန်တွင် ငလျင်အကြီးအကျယ်လှုပ်ခတ်မည်ဆိုသည့် ကောလာဟလကြောင့် မြို့ခံအချို့မှာ ထိတ်လန့်နေကြကြောင်းလည်း ၎င်းကပြောသည်။

ယမန်နေ့ညက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သာသနိကအဆောက်အဦး သုံးခုခန့်နှင့် လူနေ အဆောက်အဦ ရှစ်ခုခန့် ထိခိုက်ပျက်စီးခဲ့ပြီး အဆောက်အဦးဟောင်းတစ်ခုတွင် နေထိုင်သည့် မိသားစုငါးဦးမှာ ငလျင်လှုပ်ချိန် အဆောက်အဦး ပြိုကျမှုကြောင့် ဒဏ်ရာရပြီး အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရကြောင်း၊ သို့သော် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ဦးလှမင်းစိုး ကပြောသည်။

“လောလောဆယ်တော့ အားလုံး ပုံမှန်ပြန်ဖြစ်နေပါပြီ။ ကျောင်းသားတွေလည်း စာမေးပွဲဖြေနေတယ်၊ ဈေးသည်တွေလည်း ဈေးပုံမှန်ပြန်ရောင်းနေပါပြီ။ ကောလာဟလနဲ့ပတ်သက်လို့ မယုံကြဖို့ လိုက်လံ နှိုးဆော်တာတော့ မလုပ်တော့ပါဘူး။ တော်ကြာ လိုက်အော်ပြောမှ လူတွေပိုလန့်ကုန်မှာစိုးတယ်။ မကြာခင် (လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေး)ပြည်ထောင်စုဝန်ကြီးလည်း ရောက်လာမယ်။ အခုတိုင်းအဆင့်က ပုဂ္ဂိုလ်တွေ ကြတ်မတ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ငလျင်သည် တိုက်ကြီးမြို့မှ ငါးမိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ရှားခြင်းဖြစ်ကာ နောက်ဆက်တွဲ ငလျင် ခုနစ်ကြိမ်ခန့် ဆက်လက် လှုပ်ရှားခဲ့သည်။

အဆိုပါငလျင်ကြောင့် ၂၄ ဦးခန့် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar