တာဝန်သိစိတ်ဖြင့် ပတ္တမြားများ ရောင်းဝယ်ခြင်း

မြန်မာ့ကျောက်မျက်ရတနာများကို သပိတ်မှောက်ကြရန် ဆော်သြနေသည့်ကြားမှ ပုဂ္ဂလိက ကျောက်တွင်းများမှ ရရှိသော မိုးကုတ်ပတ္တမြားများကိုသာ ရောင်းချသော ရတနာဆိုင်တစ်ဆိုင်က တာဝန်သိပြီး လိပ်ပြာသန့်သန့်ဖြင့် ဝယ်ယူအားပေးလိုသူများကို ဆွဲဆောင်လျက်ရှိသည်။

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

မိုးကုတ်ကို မရောက်ဖူးမီကမူ လျှို့ဝှက်သော၊ ပွင့်လင်းမြင်သာမှုမရှိသော မိုးကုတ်ကျောက်တွင်းများအကြောင်း ကြောက်မက်ဖွယ်ဇာတ်လမ်များကို Ms Amber Cernov တစ်ယောက် ကြားခဲ့ရသဖြင့် သတိကြီးစွာ ထားရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီး မြောက်ပိုင်းရှိ ဤဒေသသို့ နိုင်ငံခြားသားများကို သွားခွင့်မပြုသောကြောင့် ကမ္ဘာ့မြင်ကွင်းမှ ဖုံးကွယ်ထားသော စစ်တပ်ပိုင်ကုမ္ပဏီများဖြင့် ပြည့်နှက်နေသည့် မနှစ်မြို့ဖွယ်မြင်ကွင်းကိုသာ စိတ်ထဲတွင် မှန်းဆ မြင်ယောင်မိခဲ့သည်။ သို့သော် မိုးကုတ်မြေပေါ်သို့ အမှန်တကယ်ခြေချမိသောအခါ ထိုသို့မဟုတ်ကြောင်း တအံ့တသြ တွေ့မြင်ရလေသည်။

“Mordor လိုနေမှာပဲလို့ အစကထင်ခဲ့တာ အဲလိုမဟုတ်ပါဘူး” ဟု ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ထားသည့် ရတနာဆိုင်လေး၌ ထိုင်နေသည့် Cernov ကပြောသည်။ သူ့ဆိုင်လေးက သေးငယ်သော်လည်း သပ်သပ်ရပ်ရပ်တော့ ရှိလှသည်။

“မိုးကုတ်က တကယ်လှတဲ့ မြို့လေးပါ။ ကျောက်တွေတူးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေတော့ မြင်ရတာပေါ့။ ဒါကြောင့် ပတ်ဝန်းကျင်အပေါ် မထိခိုက်၊ မပျက်စီးဘူးလို့ ကျွန်မ မပြောပါဘူး။ ဒါပေမယ့် ကျွန်မထင်ထားတာလောက် မဆိုးသေးတာတွေ့ရလို့ အံ့သြရပါတယ်” ဟု သူကပြောသည်။

သြစတြေးလျအမျိုးသမီး တစ်ဦးဖြစ်သူ Cernov သည် ကျောက်အရောင်းအဝယ်လုပ်ငန်းသို့ မဝင်ရောက်မီက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သည်။ ကမ္ဘာကျော် မြန်မာ့ပတ္တမြားများကို မတရား နာမည်ဖျက်နေကြသည်ဟု သူက ယူဆထားသည်။ Mia Ruby ဟု အမည်ပေးထားသော သူမ၏ ကျောက်မျက်ဆိုင်က ပတ္တမြားများကို တာဝန်သိသိ ရောင်းဝယ်နိုင်ကြောင်း သက်သေပြရန် ရည်ရွယ်သည်ဟုဆိုသည်။

ထိုသိ့ိုဖြစ်ရန်ဆိုပါက စစ်တပ်ပိုင် ကျောက်တွင်းတွေကို ရှောင်ရှားရမည်ဖြစ်သည်။ ကျောက်များအားလုံးကို ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ အရောင်တင်ခြင်းစသည့် လုပ်ငန်းအစအဆုံးမှသည် ဆိုင်တင်ရောင်းသည်အထိ မြန်မာပြည်တွင်း၌သာ လုပ်ကိုင်ရမည် ဖြစ်မည်။ ဤသို့ပြုလုပ်လျှင် စစ်တပ် ဗိုလ်ချုပ်များ၏ ဘောင်းဘီအိတ်တွင်းသို့ ငွေများ ရောက်မသွားသလို လူများလည်း အလုပ်အကိုင် ရရှိကြမည်ဖြစ်သည်။ ထိုက်သင့်သည့် အခွန်အခများကိုလည်း အစိုးရကို ပေးဆောင်ရမည်ဖြစ်သည်။ ယခုလက်ရှိတွင် မြန်မာ့ကျောက်မျက်ရတနာ  အများစုမှာ မဖြတ် မတောက်မီခင်ကပင် မှောင်ခိုဈေးကွက်မှ ပြည်ပသို့ ထွက်ခွာနေကြလေသည်။

Mia Ruby မှ ရောင်းချသော ကျောက်မျက်များ၏ လာရာလမ်းတစ်လျှောက်မှာ ရာနှုန်းပြည့် ပြည်တွင်းဖြစ်များ ဖြစ်သည်။  သို့သော် ကျောက်မျက်ရတနာလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှု မရှိသဖြင့် စစ်တပ်ပိုင်ကျောက်တွင်းများမှ ကျောက်များကို လုံးဝမသုံးပါဟုဆိုသော Mia Ruby ၏ အာမခံစကားကို အတည်ပြုဖို့ရန် ခက်ခဲလှသည်။

Cernov ကိုယ်တိုင်က သူတို့၏ မူဝါဒကို အတိအလင်း ကြေညာထားသော်လည်း ရောင်းချနေသော ကျောက်မျက်ရတနာများအားလုံးမှာ စစ်ဘက်နှင့် လုံးဝ ပတ်သက်မှု မရှိခဲ့ခြင်းကို သူကိုယ်တိုင် စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိချေ။ “ကျောက်မျက်အရောင်းအဝယ် လုပ်ငန်း ထုံးစံအတိုင်း ကျွန်မတို့ ကျောက်တွေ ဝယ်ယူနေတဲ့ မိသားစုတွေအပေါ် ယုံကြည်မှုနဲ့ပဲ လုပ်ကိုင်နေကြရတာပါ” ဟု သူက ပြောပြပါသည်။

“ကျွန်မအော်ဒါမှာတဲ့ ကျောက်အားလုံး စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကျောက်တွင်းတွေက ရတာမဟုတ်ဖို့ အမြဲစီစစ်ပါတယ်။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်မလိုချင်တဲ့ ကျောက်မရတော့ဘူး။ ကျွန်မလိုချင်တဲ့ အရွယ်အစား၊ အရည်အသွေးမျိုး ဆိုရင်တော့ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ရင်းမြစ်ကရှာမှပဲ ရနိုင်မှာလို့ ကျောက်ကုန်သည်တွေက ပြောကြပါတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

“ကျောက်တွင်းက လုပ်သားတွေနဲ့ အခြေအနေ၊ သူတို့ရဲ့ ကျန်းမာရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတွေကိုလည်း ကျွန်မကျောက်ဝယ်တိုင်း ထည့်ပြောပါတယ်။

“ဒီကိစ္စမှာလည်း ကျောက်တွင်းလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းက အတားအဆီးကြီးတစ်ခု ဖြစ်နေပြန်ပါတယ်” ဟု သူက ပြောသည်။

img_0143.jpg

Mia Ruby မှ ရောင်းချသော ကျောက်မျက်များ၏ လာရာလမ်းတစ်လျှောက်မှာ ရာနှုန်းပြည့် ပြည်တွင်းဖြစ်များ ဖြစ်သည်။ ဓာတ်ပုံ- ဂျော့ရှုဝါ ကာရိုး

အဘယ်ကြောင့်ဆိုသော် ဝယ်ယူသည့်ကျောက်များ ထွက်ရှိနေသော ကျောက်တွင်းများ၏ လုပ်ငန်းခွင်အခြေအနေမှာ အစိုးရက ချမှတ်ထားသည့် အလုပ်သမားဥပဒေများနှင့် ညီညွတ်ခြင်းရှိမရှိကို သူအနေဖြင့် စိတ်ချစွာ အတည်ပြုနိုင်သည့် အခြေအနေတွင် မရှိသေးပေ။ “ဆိုင်သစ်ကလေး စဖွင့်ပြီး လုပ်ငန်းစတင်ရသူအနေနဲ့ ကျောက်တွင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စောင့်ကြပ်ကြည့်ရှုနိုင်တဲ့ အခြေအနေမရှိပါဘူး” ဟု သူကပြောသည်။

ထိုသို့ အခက်အခဲများ ရှိနေသောကြောင့် ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အလွန်အကျွံ အာမ မခံမိအောင် အထူးဂရုပြုနေခဲ့ရကြောင်း Cernov က ပြောသည်။ “ကျွန်မတို့ ကျင့်ဝတ်ကို လိုက်နာပါတယ်လို့ မပြောပါဘူး။ လက်ရှိအခြေအနေရဲ့ အကန့်အသတ်တွေထဲမှာ အကောင်းဆုံးဖြစ်အောင် တာဝန်သိသိ လုပ်ကိုင်နေပါတယ်” ဟု သူက ပြောသည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် မြန်မာ့ကျောက်စိမ်းနှင့် ပတ္တမြားတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်က ပယ်ဖျက်လိုက်ပြီးနောက် လအနည်းငယ်အကြာတွင် Mia Ruby ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းလိုက်ခြင်းကြောင့် မြန်မာ့ကျောက်မျက်ရတနာများ အပယ်ခံဘဝမှ လွတ်မြောက်တော့မည်ဟူသည့် မျှော်လင့်ချက်များလည်း မြင့်တက်လာခဲ့သည်။ သို့သော် ပြီးခဲ့သော သြဂုတ်လအတွင်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မူဆလင်များကို စစ်တပ်က နှိမ်နှင်းပြီး နောက်ပိုင်းတွင် နာမည်ကျော် မြန်မာ့ကျောက်မျက်ရတနာများသည် နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများ၏ ပစ်မှတ် တဖန် ဖြစ်လာခဲ့ပြန်သည်။

အမေရိကန်အခြေစိုက် International Campaign for the Rohingya က မြန်မာ့ကျောက်မျက်ရတနာများကို လူမျိုးတုံးကျောက်မျက်များ (genocide gems) ဟု ကင်ပွန်းတပ်ပြီး မြန်မာ့ကျောက်မျက်များနှင့် အဆက်အသွယ်ဖြတ်ရန် ကမ္ဘာကျော်ရတနာကုမ္ပဏီဖြစ်သည့် Cartier ကို ဆွဲဆောင်နိုင်ခဲ့သည်။ ယခုတဖန် အီတလီရတနာကုမ္ပဏီဖြစ်သည့် Bulgari ကို ပစ်မှတ်ထားစည်းရုံးနေပြန်သည်။

မည်သို့ပင်ဖြစ်စေ ယေဘုယျအားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု အဆုံးသတ်လိုက်ခြင်းကြောင့် မြန်မာ့ကျောက်မျက်များကို ဝယ်ယူသူများအနေနှင့် တရားဝင်ဖြစ်သွားသောကြောင့် စိတ်သက်သာရာရသွားကြသည်ဟု Cernov က ပြောသည်။ သို့သော် စစ်တပ်နှင့်လုံးဝ မပတ်သက်သော ကျောက်တွင်းများကိုပါ ပိတ်ဆို့ထားသည်ကတော့ တရားမျှတမှု  မရှိဟုလည်း သူက ဆက်လက်ပြောကြားသည်။

သူ၏ ရတနာဆိုင်က ကျင့်သုံးသည့် မူဝါဒ သတင်းစကားကြောင့် တာဝန်သိသော ရတနာချစ်သူများက သူ့ဆိုင်ကို စိတ်ဝင်စားလာကြသည်။ ထိုသူများသည် မြန်မာ့ကျောက်မျက်အကြောင်း သတင်းဆိုးများကြောင့် မြန်မာ့ကျောက်မျက်များကို လက်ရှောင်နေခဲ့ကြသူများဖြစ်သည်။

ငွေလက်ဝတ်ရတနာများ ကြည့်ရှုလေ့လာရန် Mia Ruby ရတနာဆိုင်သို့ ရောက်ရှိလာသော ပြင်သစ်နိုင်ငံသူ Ms.Caroline Ricard က ကျောက်မျက်များကို တာဝန်သိသိ စုဆောင်းရောင်းချသော ဤဆိုင်၏မူဝါဒကို လေးစားကြောင်း ပြောကြားသည်။

“ကျွန်မက သိပ်တော့ နိုင်ငံရေး မဆန်ချင်ပါဘူး။ ဒါပေမဲ့ ဒီဆိုင်ရဲ့ ခံယူချက်ကိုတော့ ကြိုက်တယ်။ စိတ်ကူးကိုလည်း သဘောကျတယ်” ဟု သူကပြောသည်။

“စစ်တပ်နဲ့မပတ်သက်တဲ့ ကျောက်တွင်းတွေကရတဲ့ ကျောက်တွေကိုသာ ရောင်းတဲ့ ကျွန်မဆိုင်ကို ဖောက်သည်တွေက ကြိုက်ကြတယ်။ ဒါတင်မက ကျွန်မဆိုင်က ပစ္စည်းတွေအားလုံးဟာ မြန်မာပြည်မှာတင် အစအဆုံး ပြုလုပ်ထားကြတာမို့လဲ ပိုပြီးအားပေးကြတယ်” ဟု Cernov က ပြောသည်။

ကျောက်ဝယ်သည့် ဖောက်သည်များမူ ယုံလောက်အောင် ပြောချင် ပြောနိုင်မည်ဖြစ်သည်။ သို့သော် နိုင်ငံများ၏သဘာဝ သယံဇာတများကို စောင့်ကြည့်နေသည့် Global Witness ကမူ ဤသို့ပြောကြားထားသည်။ နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများသည် ကုန်ကြမ်းရင်းမြစ်လာရာ ကွင်းဆက် (supply chain) ကို အသေအချာ စစ်ဆေးစိစစ်ခွင့် မရပါက ဤကျောက်မျက်လုပ်ငန်းတွင်  ပါဝင်ရင်းနှီး လုပ်ကိုင်ရန် သင့်မသင့်ကို ပြန်လည်စဉ်းစားသင့်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ့်သူတွေဟာ နိုင်ငံ့အန္တရာယ်တွေကို ကူညီထောက်ပံ့နေသလို မဖြစ်စေရအောင် ဘယ်လို အရေးယူ ဆောင်ရွက်ထားပါတယ်ဆိုတာ လူထုကို သေချာပြနိုင်အောင် ကုန်ကြမ်းလာရာ ကွင်းဆက်တွေကို အသေအချာ စိစစ်ပြီး လူထုကိုတင်ပြကြရပါမယ်” ဟုGlobal Witness ၏ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခေါင်းဆောင် Mr. Paul Donowitz ကပြောသည်။

“သူတို့က ဒါကိုလုပ်ဖို့ မသင့်ဘူးလို့ယူဆရင် သူတို့မြန်မာ့ပတ္တမြား ဈေးကွက်ထဲဝင်ဖို့ သင့်မသင့်ဆိုတာ အရေးတကြီး မေးရမယ့်မေးခွန်း ဖြစ်နေပြီ” ဟု Donowitz ကပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.