မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန်ရှိသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း တရုတ်ဖက်က ဆွေးနွေးရန်ရှိသည့် မြစ်ဆုံကိစ္စအပေါ် အကောင်းဆုံး ပြင်ဆင်သွားမည်ဟု နိုင်ငံရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုသည့် ၎င်းက “တရုတ်ဖက်ကတော့ မြစ်ဆုံကိစ္စ ဆွေးနွေးမှာပဲ။ ကျွန်တော်တို့ဖက်ကလည်း ဒါနဲ့ပတ်သက်ပြီး အကောင်းဆုံး ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးပွဲတွေ လုပ်နေပါတယ်” ဟု နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် သြဂုတ် ၁၂ ရက်နေ့က ပြုလုပ်သော ဝန်ကြီးဌာနသုံးခု၏ ရက် ၁၀၀ စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
တရုတ်နိုင်ငံပိုင် Global Times သတင်းစာ၏ ရေးသားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ သြဂုတ်လ ၁၇ ရက်နေ့တွင်ရောက်ရှိမည်ဟု သိရသည်။ လေးရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံရန်လည်း ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် အခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အကြောင်းအရာပေါင်းစုံကို ဆွေးနွေးဖွယ်ရှိသည်ဟု Global Times က ရေးသားထားသည်။
အဆိုပါခရီးစဉ်မတိုင်မီ မြစ်ဆုံကိစ္စပြင်ဆင်မှုအဖြစ် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ကို သမ္မတ ဦးထင်ကျော်က ယနေ့ (သြဂုတ် ၁၂ ရက်နေ့) တွင်ပင် ဖွဲ့စည်းလိုက်သည်။
သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် အဆိုပါကော်မရှင်သည် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ အမျိုးသား အကျိုးစီးပွား တိုးတက်ရေးကို အခြေခံလျှက် နိုင်ငံတော်နှင့် ပြည်ပ ရင်းနှီးမြှပ်နှံသူတို့ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် သင့်တော်သော နည်းလမ်းများကို လေ့လာစိစစ်ပြီး သုံးသပ်ချက် အကြံပြုချက်များနှင့်တကွ နိုင်ငံတော်သမ္မတထံ နိုဝင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထား၍ အစီရင်ခံရန် တာဝန်ယူရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခု တရုတ်နိုင်ငံခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခြင်းလည်းဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း