အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ အသက်ရှူချောင်မည့် ထိုင်းအစိုးရ၏ အစီအစဉ်တစ်ရပ်သည် တရားမဝင် ထိုင်းရောက်မြန်မာတို့အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်မျှင်ဖြစ်သည်။ သို့သော် ကုန်ကျစရိတ်ကြီးမားသည့်အပြင် တရားဝင် နေထိုင်ခွင့်ရရှိလျှင် စစ်ကောင်စီက အခွန်ကောက်ခံမည်ဖြစ်သဖြင့် ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်နေသည်။
ဖရွန်တီးယား
စစ်မှုထမ်းရမည်ကို ရှောင်ရှားရန် ကိုတင်မျိုးဦးတစ်ယောက် သူ၏ဇာတိ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ကျေးရွာတစ်ခုမှ ထွက်လာခဲ့သည်။ အကျိုးဆောင် ပွဲစားတစ်ဦး၏ အကူအညီဖြင့် မွန်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ယမန်နှစ် ဧပြီမှစ၍ ဝက်မွေးမြူရေးခြံတစ်ခုတွင် အလုပ်ရသည်။
အသက်၂၆နှစ်ရှိပြီဖြစ်သည့် ကိုတင်မျိုးဦးသည် ဘန်ကောက် သို့မဟုတ် အခြားမြို့ကြီးတစ်ခုခုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ချင်သည်။ သို့သော် တရားဝင် အထောက်အထားမရှိသူဖြစ်၍ အဖမ်းခံရမည့်အန္တရာယ်ပိုများသည်ကိုတော့ သူက တွေးကြောက်သည်။
ကိုတင်မျိုးဦးကဲ့သို့ တရားမဝင် ရွှေ့ပြောင်းမြန်မာလုပ်သားများသည် ဖမ်းဆီးခံရပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရလေ့ရှိသည်။ ပုံမှန်အခြေအနေတွင်ပင် မြန်မာသို့ ပြန်ပို့ခံရပါက ၎င်းတို့သည် စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ရသည်။ သို့သော် လက်ရှိအခြေအနေတွင် စစ်တပ်က စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည်ဖြစ်ရာ ပြန်ပို့ခံရသည့် ရွှေ့ပြောင်းလုပ်သားများသည် အမိမြေ ရောက်လျှင်ရောက်ချင်း စစ်တပ်က လူသစ်စုဆောင်းလေ့ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ယမန်နှစ်၊ ဖေဖော်ဝါရီတွင် စတင်အသက်သွင်းသည့် စစ်မှုထမ်းဥပဒေအရ အသက်၁၈မှ ၃၅နှစ်အတွင်း အမျိုးသားများသည် သတ်မှတ်ကာလ တစ်ခုအထိ စစ်မှုထမ်းရမည်ဖြစ်သည်။
“တကယ်လို့ အဖမ်းခံရပြီး ပြန်ပို့ခံရရင် တခြားပြန်ပို့ခံရတဲ့လူတွေလိုပဲ စစ်တပ်ထဲ စစ်မှုထမ်းဖို့ သွားရမှာပေါ့။ အဲဒါကြောင့်လည်း ပုန်းလျှိုးကွယ်လျှိုးနေလို့ရတဲ့ ခြံထဲမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု ကိုတင်မျိုးဦးက ပြောသည်။
၎င်းနှင့်အတူ ထိုဝက်ခြံတွင် နောက်ထပ် တရားမဝင်အလုပ်သမား ၁၁ဦးရှိသည်။ ရဲအဖမ်းမခံရအောင် ၎င်းတို့ကို အလုပ်ရှင်က အဆောင်တစ်ခုပေးထားပြီး ထိုခြံမှ အပြင်ထွက်ခွင့်မပြုပေ။
“ကျနော်တို့ တစ်နာရီကို ဘတ်၂၀ ဒါမှမဟုတ် တစ်ရက်ကို ဘတ် ၂၀၀ (မြန်မာငွေဖြင့် ကျပ်၂၇,၀၀၀ခန့်) ရတယ်။ ဒါပေမဲ့ အလုပ်ရှင်က နေ့တိုင်းအလုပ်မပေးတော့ ဝင်ငွေကလည်း နေ့တိုင်းမရဘူးပေါ့။ ခြံရှင်က နေစရာ ပေးပေမဲ့ အစားအသောက်ကတော့ ကိုယ့်ဘာသာဝယ်ရတယ်။ ခြံပြင်ကို ထွက်မရလို့ တခြားလူကို ဝယ်ခိုင်းတော့ အကုန်အကျပိုများတာပေါ့” ဟု ၎င်းက ပြောသည်။
“ထိုင်းရဲ ဖမ်းတာမခံရအောင် ခြံရှင်က ကာကွယ်ပေးတာကိုပဲ ကျေးဇူးတင်နေရတယ်။ ဒါကြောင့်မို့ လုပ်ခလစာနည်းတာကိုလည်း စောဒကတက်မနေတော့ဘူး” ဟု သူက ဆက်ပြောသည်။ ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာသည် တစ်နေရာနှင့် တစ်နေရာ ကွာခြားပြီး ကန်ချနာဘူရီခရိုင်တွင် တစ်ရက်လျှင် ၃၄၅ဘတ် (ကျပ်၄၆,၀၀၀ခန့်) ဖြစ်သည်။
ထိုင်းအစိုးရက ရက်ပေါင်း၁၂၀စီမံချက်ဖြင့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေသဖြင့် အလုပ်ရှင်က ၎င်းတို့ကို ကာကွယ်ထားခြင်းဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလလယ်တွင် ပြီးဆုံးသည့် ထိုစီမံချက်အတွင်း အထောက်အထားမဲ့သူ ၂၅၆,၂၁၃ဦးကို ဖမ်းဆီးရမိခဲ့ပြီး နှစ်သိန်းနီးပါးသော အရေအတွက်မှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။
ထိုင်းတွင် အလုပ်လာလုပ်သည့် မြန်မာနိုင်ငံသားများသည် ဘေးကျပ်နံကျပ် အခြေအနေကို ရင်ဆိုင်နေရကြောင်း ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သည့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌဦးမိုးကြိုးက မှတ်ချက်ပြုသည်။
“မြန်မာပြည်ထဲနေရင် စစ်တပ်ထဲ တပ်သားစုခံရပြီး သေမှာပဲ။ စစ်မှုမထမ်းချင်လို့ ထိုင်းကို လာရှောင်တော့လည်း ထိုင်းရဲကဖမ်းပြီး ပြန်ပို့တဲ့အခါ စစ်တပ်ထဲရောက်ရင်လည်း သေမှာပဲ။ ကျနော်တို့မြန်မာတွေက ထိုင်းကို အလုပ်လုပ်ဖို့ လာတယ်ဆိုတာက ဓားနဲ့ သေမှာထက် (စစ်ထဲဝင်ခြင်းကို ဆိုလိုသည်) အဆိပ်ခတ်ထားတဲ့ အစားအစာကို စားပြီး ဗိုက်ဝဝနဲ့ သေတော့မယ်ဆိုပြီး ရွေးချယ်သလိုပေါ့” ဟု ၎င်းက ပြောသည်။
ထိုအန္တရာယ်များကြောင့် ယမန်နှစ်၊ စက်တင်ဘာက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် နေထိုင်ခွင့် လျှောက်ထားခွင့်ပေးမည်ဟု ထိုင်းအစိုးရက ကြေညာသောအခါ ကိုတင်မျိုးဦးတို့ စိတ်သက်သာရာ ရတော့သည်။
ထိုအစီအစဉ်တွင် လျှောက်ထားရသည့် လုပ်ငန်းစဉ်သည် လေးလခန့် ကြာမြင့်သည်။ ဦးစွာ အလုပ်ရှင်က ထိုင်းအစိုးရ၊ အလုပ်သမားရေးရာဌာနသို့ အထောက်အထားမဲ့ အလုပ်သမား စာရင်းကို ပေးပို့ရသည်။ ထို့နောက် အဆိုပါ ရွှေ့ပြောင်းလုပ်သားများက အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားပြီး ကျန်းမာရေးစစ်ဆေးရန်နှင့် ကျန်းမာရေးအာမခံတို့အတွက် စာရင်းပေးသွင်းရသည်။ ထိုလျှောက်လွှာများကို ထိုင်းအာဏာပိုင်များက စိစစ်အတည်ပြုရန် ရက် ၃၀ခန့် ကြာမြင့်သည်။
နောက်ဆုံးအဆင့်တွင်မူ ရွှေ့ပြောင်းလုပ်သားများကို ဘိုင်အိုမက်ထရစ် နည်းပညာအရ (လက်ဗွေနှိပ်ခြင်း၊ မျက်လုံးစကန်ဖတ်ခြင်းတို့ဖြင့် လူတစ်ဦး၏ အချက်အလက်များကို) မှတ်တမ်းတင်ခြင်းနှင့် ၎င်းတို့ထံမှ ကိုယ်ရေးရာဇဝင် အသေးစိတ် စုဆောင်းခြင်းတို့ ပါဝင်သည်။
ဘာသာစကားအခက်အခဲနှင့် ရှုပ်ထွေးလှသည့် မှတ်ပုံတင်လျှောက်လွှာလုပ်ငန်းစဉ်ကြောင့် အထောက်အထားမဲ့ အလုပ်သမားများသည် ပွဲစားများကို အားကိုးရတော့သည်။ ၎င်းတို့ကို ပေးရသည့် ဝန်ဆောင်ခသည် တရားဝင်နေထိုင်ခွင့်အတွက် အပိုကုန်ကျစရိတ်ဖြစ်လာသည်။
၎င်း၏အလုပ်ရှင်က အလုပ်သမားများအတွက် ပွဲစားတစ်ဦးငှားပေးကာ တစ်ဦးလျှင် ဘတ်၁၅,၀၀၀ခန့် (ကျပ်သိန်း၂၀ခန့်) ပေးရသည်ဟု ကိုတင်မျိုးဦးက ဆိုသည်။ ထိုပမာဏသည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းရောက် တရားမဝင် မြန်မာနိုင်ငံသားများအား ထုတ်ပေးသော အထောက်အထားတစ်မျိုးဖြစ်သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI လက်မှတ်) အတွက်လည်း ပါဝင်သည်။
“သူဌေးကို ဘတ် ၅,၀၀၀ (ကျပ်၆၇၀,၀၀၀ခန့်) ချက်ချင်းပေးရတယ်။ ကျန်တဲ့ ၁၀,၀၀၀ကိုကျတော့ ကျနော်တို့ ၁၅ရက် တစ်ခါ လစာထုတ်တဲ့အခါ ဘတ် ၁၀၀၀ နှုန်းနဲ့ ပြန်ဖြတ်တယ်” ဟု သူကပြောသည်။ တရားဝင်နေထိုင်ခွင့် လျှောက်ထားမှုစတင်ကတည်းက အလုပ်ရှင်က ၎င်းတို့ကို အလုပ်ရက်များအတွက် တစ်ရက်လုပ်ခ ဘတ်၃၃၀ (ကျပ်၄၅,၀၀၀ခန့်) သို့ တိုးမြှင့်ပေးခဲ့သည်ဟု ကိုတင်မျိုးဦးက ဆက်ပြောသည်။
ထို့ကြောင့် ကိုတင်မျိုးဦးသည် တစ်လရသည့် ဝင်ငွေဘတ်၉,၀၀၀ (ကျပ်၁၂သိန်း)ခန့်မှ ဘတ်၂,၀၀၀ (ကျပ်၂၇၀,၀၀၀ခန့်) ကို ငါးလတိတိ ထိုလုပ်ငန်းစဉ်၏ကုန်ကျစရိတ်အဖြစ် လစဉ်ပေးသွင်းနေရသည်။

ဘန်ကောက်မြို့က အကျိုးဆောင်တစ်ဦးဖြစ်သည့် ကိုအောင်လတ်က တရားမဝင် အလုပ်သမားများ စုပုံ၍ လျှောက်လွှာတင်သွင်းကြသဖြင့် ဝန်ဆောင်ခများလည်း ဈေးတက်ကုန်ကြောင်း ဆိုသည်။
ထိုင်းအစိုးရက လွန်ခဲ့သည့် နှစ်များအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ ခံစားခွင့်ရှိသည့် အလားတူ သက်ညှာခွင့်အစီအစဉ်များ ဖော်ဆောင်ခဲ့ဖူးသည်။ နောက်ဆုံးအကြိမ်မှာ ၂၀၂၃၊ စက်တင်ဘာကဖြစ်သည်။ ထိုချိန်မှစ၍ စစ်မှုထမ်းရမည်ကို ရှောင်ရှားလိုသူများအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည်။
၂၀၂၁၊ စစ်အာဏာသိမ်းမှုမတိုင်ခင်က ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား လေးသန်း ခန့်ရှိပြီး တစ်ဝက်မှာ တရားဝင်အထောက်အထားများဖြင့်နေထိုင်ကြသည်။ သို့သော် စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး အကျပ်အတည်း၊ ကျယ်ပြန့်လာသည့် လက်နက်ကိုင် ပဋိပက္ခနှင့် စစ်မှုမထမ်းမနေရစနစ် ပြန်အသက်သွင်းမှုတို့ကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံများသို့ ရောက်သွားသည်။ များသောအားဖြင့် တရားဝင် လမ်းကြောင်းထက် တရားမဝင်သည့် နည်းလမ်းများဖြင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိသွားကြလေ့ရှိသည်။
၂၀၂၃၊ ဇန်နဝါရီမှ ၂၀၂၄၊ မတ်အတွင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အရေအတွက် ၃၃၀,၀၀၀ ခန့်ရှိသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က ခန့်မှန်းသည်။ သို့သော် ယင်းပမာဏသည် ထို၁၅လအတွင်း ထိုင်းသို့ ကာလတို လာရောက် လည်ပတ်သူများ မပါဝင်ပေ။ ထိုအရေအတွက်၏ ၆၀ရာခိုင်နှုန်းခန့် (၁၉၈,၀၀၀ခန့်) သည် တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်။
၂၀၂၃၊ မတ်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်သည့် မြန်မာနိုင်ငံသားဦးရေ ၂ဒသမ၃သန်းခန့်ရှိသည်ဟု IOM အဖွဲ့က ဆိုသည်။ ထိုအရေအတွက်သည် ထိုင်းနိုင်ငံသို့ နိုင်ငံအသီးသီးမှ တရားဝင်ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားစုစုပေါင်း၏ ၇၀ရာခိုင်နှုန်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း အမြင့်ဆုံးပမာဏဖြစ်သည်။
တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက် မြင့်တက်လာခြင်းက ပွဲစားများအတွက်မူ ပွပေါက်ဖြစ်သည်။ အထောက်အထားမဲ့ မြန်မာတစ်ဦး အလုပ်အကိုင် ရှိ၊ မရှိအပေါ် မူတည်ပြီး အလုပ်လုပ်ကိုင်ခွင့် ပါမစ်လျှောက်ထားမှုအတွက် ဘတ် ၇,၅၀၀မှ ၈,၅၀၀အတွင်း (ကျပ်၁၀သိန်းမှ ကျပ်၁၁သိန်းခွဲအတွင်း) ကုန်ကျသည်။ ထိုအလုပ်ပါမစ် လျှောက်ထားခြင်းသည် တရားဝင်ရွှေ့ပြောင်း လုပ်သားဖြစ်လာရန် မှတ်ပုံတင်ရသည့် လုပ်ငန်းစဉ်ကြီးတစ်ခုလုံး၏ ကနဦးအစိတ်အပိုင်းမျှသာ ဖြစ်သည်။
အလုပ်ပါမစ်လျှောက်ထားရာတွင် အလုပ်ရှင်လက်မှတ်လို၍ “အငှားသူဌေး” ရှာရသောကြောင့် အလုပ်မရှိသေးသူများက ငွေပိုပေးရသည်ဟု အလုပ်သမား အကျိုးဆောင် ကိုအောင်လတ်က ဆိုသည်။
အလုပ်ပါမစ်ကျလျှင် ဘိုင်အိုမက်ထရစ်နည်းပညာဖြင့် အချက်အလက်စုဆောင်းမှု လုပ်ငန်းစဉ်အတွက် ပွဲစားများကို ဘတ် ၄,၀၀၀ခန့် (ကျပ်ငါးသိန်းခွဲခန့်) ထပ်မံပေးရကြောင်းနှင့် ထိုဘတ် ၄,၀၀၀သည် အလုပ်သမားအများစု ပေးနိုင်သည့် ပမာဏမဟုတ်ကြောင်း ဘန်ကောက်မြို့၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေသည့် မသီတာစန်းက ဆိုသည်။
ရွှေ့ပြောင်းမြန်မာများကို ကူညီပေးနေသည့် ထိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖက်ဒရေးရှင်း တည်ထောင်သူ ဦးထူးချစ်ကမူ မြန်မာနှင့်ထိုင်းနိုင်ငံအတွင်း ပွဲစားငှားရန်မတတ်နိုင်သည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအရေအတွက် သိသိသာသာ မြင့်တက်လာမှုကို စိုးရိမ်မိကြောင်းဆိုသည်။
“ရွှေ့ပြောင်းအလုပ်သမားတွေက ဝန်ဆောင်ခအတွက်တင်မဟုတ်ဘဲ မြန်မာနဲ့ထိုင်း နှစ်ဖက်စလုံးက တရားဝင်လက်မှတ်တွေရဖို့အတွက် ငွေအများကြီးပေးရတယ်။ ဒါကြောင့်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုများလာမှာကို စိုးရိမ်တာ။ ဒီလိုကုန်ကျစရိတ်ကြီးတာကြောင့် အထောက်အထား ရှိသူတောင် အထောက်အထားမဲ့ပြန်ဖြစ်သွားနိုင်တယ်” ဟု ၎င်းကပြောသည်။
သို့သော် ကိုတင်မျိုးဦးအတွက်တော့ သတင်းကောင်းတစ်ခုရှိနေသေးသည်။ တရားဝင် ရွှေ့ပြောင်းလုပ်သားအဖြစ် တင်ထားသည့် ၎င်း၏လျှောက်လွှာသည် အောင်မြင်သွားပြီဖြစ်ပြီး ၎င်းသည် ခြံထဲတွင် ပုန်းလျှိုးကွယ်လျှိုး အလုပ်လုပ်စရာ မလိုတော့ပေ။ သို့တိုင် ထိုလုပ်ငန်းစဥ်သည် အချိန်ရှည်ကြာပြီး စရိတ်စကလည်း ကြီးမားခဲ့သည်။
“ကျနော်ရသမျှ ပိုက်ဆံတွေက ပွဲစားတွေရယ်၊ ငွေတိုးချေးစားသူတွေနဲ့ ထိုင်းအစိုးရအတွက်ပဲလို့တောင် ခံစားရတယ်” ဟု ကိုတင်မျိုးဦးက ပြောသည်။
“ကျနော့်အဖြစ်က သမင်မွေးရင်း၊ ကျားစားရင်းဆိုတဲ့ စကားပုံလိုပဲ။ အလုပ်ပင်ပင်ပန်းပန်း လုပ်လည်း ကျနော့်အတွက် တစ်ပြားမှမကျန်တော့ဘူး” ဟု ၎င်းက မချိတင်ကဲ ဆိုသည်။
ယခုအခါ တရားဝင်ရွှေ့ပြောင်းလုပ်သားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီဖြစ်သော်လည်း ကိုတင်မျိုးဦး၏ လစာဝင်ငွေများကို ကဲ့ယူမည့်သူ ရှိနေသေးသည်။ ၎င်းမှာ ၂၀၂၁အလွန် လျော့ပါးလာသည့် နိုင်ငံခြားအရန်ငွေကို ပြန်လည်ဖြည့်တင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည့် စစ်ကောင်စီပင်ဖြစ်သည်။
၂၀၂၃၊ စက်တင်ဘာမှစတင်၍ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် ၎င်းတို့၏ လစဉ်ဝင်ငွေအနက် ၂၅ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရမည်ဟု စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ခဲ့သည်။ ထိုစနစ်အရ ငွေလဲနှုန်းသတ်မှတ်ရာတွင် မြန်မာကျပ်ငွေကို ပြင်ပပေါက်ဈေးထက် ပိုပိုသာသာ တန်ဖိုးမြှင့်ထားသဖြင့် ပြင်ပဈေးကွက်တွင် လဲလှယ်သည်ထက် ပိုမိုလျော့နည်းသော ပမာဏကိုသာ ရွှေ့ပြောင်းမြန်မာတို့ ရရှိကြသည်။
ပြည်တွင်းဘဏ်များ၏ ပြည်ပမှလွှဲသည့်ငွေ (Remit) များအတွက် သတ်မှတ်သော ငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄,၁၅၀ ဝန်းကျင်သာရှိရာ တစ်ဒေါ်လာ ပြင်ပပေါက်ဈေးဖြစ်သည့် ကျပ် ၄,၆၅၀ ထက် ကျပ်၅၀၀ခန့် လျော့နည်းနေသည်။ ထိုကွာဟသည့် ပမာဏသည် စစ်ကောင်စီ၏ အိတ်ကပ်ထဲသို့သာ ရောက်ရှိသွားသည်။
ထိုသို့ လစဉ်ဝင်ငွေများကို ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းရမည့်အပြင် ဘန်ကောက်ရှိ မြန်မာသံရုံးကလည်း (ရွှေ့ပြောင်းလုပ်သားများအပါအဝင်) ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများထံမှ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း စတင်ကောက်ခံတော့မည်ဟု ၂၀၂၃၊ ဒီဇင်ဘာတွင် ကြေညာခဲ့သည်။ ထိုသို့ကောက်ခံခြင်းမှာ ၂၀၂၃ နှစ်ဆန်းပိုင်းက ပြင်ဆင်သည့် အကောက်အခွန်ဥပေဒအရဖြစ်သည်။ ပြည်ပရောက်နိုင်ငံသားများထံမှ ဝင်ငွေခွန် ကောက်ခံမှုကို ဆိုင်းငံ့ထားသည်မှာ ၂၀၁၂ကတည်းကဖြစ်သည်။
စစ်ကောင်စီကျင့်သုံးသည့် ဤမူဝါဒသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် အသစ်ပြုလုပ်ရန် လိုအပ်သည့် ပြည်ပရောက် တရားဝင်ရွှေ့ပြောင်းလုပ်သားများ အပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
ဝင်ငွေ၂၅ရာခိုင်နှုန်း ပြည်တွင်းသို့ တရားဝင်လမ်းကြောင်းဖြင့် လွှဲထားကြောင်းနှင့် ဝင်ငွေခွန် ဆောင်ထားကြောင်း ပြေစာ၊ အထောက်အထားများ မပြသနိုင်လျှင် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်နှင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (CI ကတ်)များကို ထပ်မံသက်တမ်းတိုးပေးမည်မဟုတ်ကြောင်း မြန်မာသံရုံးက ထိုင်းရောက်မြန်မာများကို သတိပေးထားသည်။ နိုင်ငံကူးလက်မှတ်သည် သက်တမ်းငါးနှစ်ရှိပြီး CI သက်သေခံ လက်မှတ်ကိုမူ လေးနှစ်တစ်ကြိမ် မြန်မာသံရုံးတွင် သက်တမ်းတိုးရန်လိုအပ်သည်။ ဝင်ငွေခွန် ပေးဆောင်ထားကြောင်း ပြေစာများကို ဘန်ကောက်ဘဏ်၏ ဘဏ်ခွဲများနှင့် 7-Eleven ကုန်စည်စတိုးဆိုင်များတွင် ရယူနိုင်သည်။
ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပုံမှန်အခွန်ဆောင်ခဲ့ခြင်းမရှိပါက ပွဲစားများကို ပေးရသည့် ဝန်ဆောင်ခနှင့် အခြားကုန်ကျစရိတ်များအပါအဝင် လပေါင်းများစွာအတွက် အခွန်ပြန်လည် ပေးဆောင်ရမည့် ဝန်ထုတ်ဝန်ပိုးလည်း ပိလာနိုင်သည်။ CI သက်သေခံလက်မှတ်ကို ပထမဆုံးအကြိမ် လျှောက်ထားသူများအနေဖြင့် သုံးလကြိုတင်၍ ဝင်ငွေခွန်ဆောင်ရမည်ဟု ရွှေ့ပြောင်းလုပ်သားအရေးတက်ကြွသူ ဦးမိုးကြိုးနှင့် ထိုင်းရောက် မြန်မာအကျိုးဆောင် မနန်းနန်းတို့က ပြောသည်။ သို့သော် ထိုအချက်ကို ဖရွန်တီးယားက စစ်ကောင်စီလက်အောက် မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ချက်များတွင် မတွေ့ရှိရပေ။
နောက်ထပ် ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူ ဦးထူးချစ်ကမူ ထိုကုန်ကျစရိတ်များနှင့် ငွေကြေးဖိအားများကို ထောက်ရှုသော် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံးမှ အာဏာပိုင်များသည် ရွှေ့ပြောင်းလုပ်သားများကို မျှမျှတတ ဆက်ဆံခြင်းမရှိသည်မှာ ထင်ရှားကြောင်း ဆိုသည်။
“နှစ်နိုင်ငံကြားက နားလည်မှုစာချွန်လွှာတွေကို သေချာကြည့်မယ်ဆိုရင် ထိုင်းအစိုးရက သူ့နိုင်ငံအကျိုးစီးပွားနဲ့ သူ့နိုင်ငံသားစီးပွားရေးသမားတွေအတွက်ကိုပဲ ဦးစားပေးထားတာကို တွေ့ရလိမ့်မယ်” ဟု ၎င်းက ပြောသည်။
“တချိန်တည်းမှာပဲ မြန်မာအစိုးရအဆက်ဆက်ကလည်း ရွှေ့ပြောင်းလုပ်သားတွေအတွက် စနစ်တကျ အကာအကွယ်ပေးထားတာမျိုးမရှိခဲ့ဘူး။ ဒါကြောင့်လည်း သူတို့က ထိုင်းမှာ အဖိနှိပ်ခံ နေကြရတာဖြစ်ပါတယ်”