ရဲမွန်
အဂတိလိုက်စားမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်းအပါအဝင် အရာရှိ ခြောက်ဦးနဲ့ ပတ်သက်ပြီး တရားလိုရဲ့ ထွက်ဆိုချက်တွေဟာ သက်သေခံဥပဒေနဲ့ မညီညွတ်တာကြောင့် သူတို့ရဲ့ ရှေ့နေတွေက ကန့်ကွက်ကြောင်း လျှောက်လဲချက်တွေကို ယနေ့ (နိုဝင်ဘာ ၉ ရက်နေ့) ရုံးချိန်းမှာ တိုင်းတရားရုံးကို စာနဲ့ လျှောက်ထားခဲ့ကြပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရတဲ့ဖြစ်စဉ်ကို အသေးစိတ် ထွက်ဆိုခဲ့ပြီး စွပ်စွဲခံထားရတဲ့ ခရိုင်ဥပဒေအရာရှိဟောင်း ဒေါ်သစ်သစ်ခင်ရဲ့ စီစဉ်ပေးမှုနဲ့ တရားရေးဆိုင်ရာအဖွဲ့ထံ အမှုရုတ်သိမ်းခွင့်ပေးဖို့ တံစိုးလက်ဆောင်တွေကို လူသတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ သန်းထွဋ်အောင်ရဲ့ဖခင်က ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့တာကြောင့် ဦးဟန်ထူးတို့ဘက်က ရှေ့နေတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
စွပ်စွဲခံရသူတွေဘက်က ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းစိန်က တရားလိုရဲ့ ထွက်ဆိုချက်တွေဟာ ရဲထံ ထွက်ဆိုချက်တွေနဲ့ တူညီနေတာတွေကြောင့် သက်သေခံဥပဒေနဲ့ မညီညွတ်တဲ့အတွက် ကန့်ကွက်ခဲ့ကြရခြင်းဖြစ်တယ်လို့ သတင်းထောက်တွေကို ရုံးချိန်းအပြီးမှာ ပြောပါတယ်။
“သူထွက်ဆိုတဲ့အပေါ် ပြောစရာတွေအများကြီးပဲ။ ရုံးကိုတင်ထားပြီးဖြစ်တဲ့အတွက် ကျွန်တော်ပြောလို့မရဘူး”လို့ သူက ဆိုပါတယ်။
သန်းထွဋ်အောင်ရဲ့ ဖခင်ဖြစ်သူက အသတ်ခံရတဲ့ အောင်ရဲထွေးရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို အမှုကြေအေးပေးဖို့ ကျပ်သိန်း ၁,၅ဝဝ ပေးအပ်ခဲ့တာကိုလည်း ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က ပြီးခဲ့တဲ့ ရုံးချိန်း တရားခွင်မှာ ထွက်ဆိုခဲ့သလို အောင်ရဲထွေးအနေနဲ့ ကန်ကြောက်ခံရတဲ့ ဒဏ်ရာတစ်ခုတည်းကြောင့်မဟုတ်ပဲ ဗော့ကာပုလင်းနဲ့ အရိုက်ခံရတာကြောင့် သေဆုံးခဲ့ခြင်း ဖြစ်တယ်ဆိုတာကိုလည်း မှုခင်းဆရာဝန်ရဲ့ ပြောကြားချက်အပေါ် ကိုးကားပြီး ထွက်ဆိုခဲ့ပါတယ်။
စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက ကန့်ကွက်လျှောက်လဲချက်အပေါ် လက်ခံသင့်၊ မသင့်ကို တိုင်းတရားရုံးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် ရုံးချိန်းမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး လက်ခံလိုက်ပါက တရားလိုရဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်းကနေ ပယ်ဖျက်သွားမှာလည်း ဖြစ်ပါတယ်။