တယ်လီနောက နေပြည်တော်တွင် 4G ဝန်ဆောင်မှုကို ဇူလိုင် ၇ ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီဟု ကြေညာလိုက်သည့်အတွက် မြန်မာနိုင်ငံတွင် 4G ဝန်ဆောင်မှုပေးသည့် ဒုတိယမြောက် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်လာသည်။
“မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲမှုနှုန်းထားတွေ မြင့်တက်လာတယ်။ ဒါ့အပြင် မိုဘိုင်းဒေတာ သုံးစွဲမှုအားကလည်း ပိုပြီး မြင့်လာနေပါတယ်။ တယ်လီနော သုံးစွဲသူတွေရဲ့ ၆၀ ရာခိုင်နူန်းကျော်က အင်တာနက် သုံးစွဲသူတွေဖြစ်ပါတယ်။ ဒီနေ့ 4G ဝန်ဆောင်မှုကို စပြီး ပေးခဲ့တာက သုံးစွဲသူတွေကို နောက်ဆုံးပေါ် နည်းပညာ ဝန်ဆောင်မှုတွေ သုံးစွဲနိုင်အောင် ဆောင်ရွက်ခဲ့တဲ့ တယ်လီနောမြန်မာရဲ့ နောက်ထပ် အောင်မြင်မှုတစ်ခုပါပဲ” ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။
အဆိုပါဝန်ဆောင်မှုကို အခြားမြို့များသို့ တဖြည်းဖြည်း တိုးချဲ့သွားမည်ဖြစ်သော်လည်း Spectrum လိုအပ်သည်ဟု ၎င်းကပြောကြားသည်။
“တယ်လီနောအနေနဲ့ မြန်မာနိုင်ငံအစိုးရက ဒီနှစ်ကုန်နောက်ပိုင်းမှာ လုပ်ဖို့ စီစဉ်ထားတဲ့ Spectrum လေလံပွဲတွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေရဲ့ ဒေတာသုံးစွဲမှုအားက အရမ်းကို မြင့်မားလာတော့ မြန်မာပြည်အနှံ့ 4G ဝန်ဆောင်မှု တိုးချဲ့ပေးနိုင်ဖို့ Spectrum က လိုကို လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။
တယ်လီနော မြန်မာသည် နိုင်ငံတဝှန်းတွင် တာဝါတိုင်ပေါင်း ၅,၈၀၀ ကျော်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးသို့ ဝန်ဆောင်မှုများပေးနေကာ လက်ရှိတွင် သုံးစွဲသူ ၁၆ သန်းကျော်ရှိပြီ ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြားအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးက 4G ကွန်ယက် ဝန်ဆောင်မှုများကို မေ ၂၁ ရက်နေ့က စတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပေးအပ်ခဲ့သည်။
သတင်း- Frontier