တပ်မတော်အား စော်ကားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ကိုထင်ကျော်ကို စတင်ရုံးထုတ်

အောက်တိုဘာ ၂၇

တပ်မတော်အရာရှိများအား စော်ကားသည်ဟုဆိုကာ တရားစွဲဆို ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်အား မြောက်ဥက္ကလာတရားရုံးတွင် ယနေ့ စတင်ရုံးထုတ်ခဲ့သည်။

တပ်မတော်အရာရှိများအား ဆဲဆိုသည့်အတွက်ဟုဆိုကာ ၎င်းအား မြောက်ဥက္ကလာမြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅(က)ဖြင့် အောက်တိုဘာ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ ဒုဗိုလ်မှူးကြီးဇော်ဇော်အောင်က တရားလိုပြုလုပ်ကာ မြောက်ဥက္ကလာ တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုတင်ထွတ်ပိုင်က ပြောသည်။

အောက်တိုဘာ ၂၁ ရက်က မြောက်ဥက္ကလာ တရားရုံးတွင် တပ်မတော်အရာရှိကြီးများအား ကိုထင်ကျော်က ဆဲဆိုခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုများအဖွဲ့ (Movement for Democracy Current Force) ၏ ခေါင်းဆောင်ဖြစ်သူ ဦးထင်ကျော်သည် စစ်အစိုးရနှင့် ဦးသိန်းစိန်အစိုးရကို ပစ်မှတ်ထားသည့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထင်ရှားလာသူဖြစ်သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်အကြိမ်ကြိမ် ကျခံခဲ့ရသူ ၎င်းသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း Assistance Association for Political Prisoners (Burma) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

လက်ရှိအစိုးရ အာဏာရရှိလာပြီးနောက် ပြီးခဲ့သည့် ဧပြီလအတွင်းတွင် သမ္မတဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လည်လွတ်မြောက်ထားသူလည်း ဖြစ်သည်။

၎င်းအား ယခုအခါ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး နိုဝင်ဘာ ၉ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးမည်ဖြစ်သည်ဟု ကိုတင်ထွတ်ပိုင်ကပြောသည်။

“စစ်တပ်ကနေပြီးတော့ မဏ္ဍိုင်ကြီးသုံးခုမှာ ဝင်ရောက်စွက်ဖက်နေမှုကို ရပ်တန့်သင့်ပါတယ်။ ပြီးတော့ အခုလိုမျိုး စစ်တပ်ကနေပြီးတော့ ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်ချင်သလို ကျင့်နေတဲ့အပေါ် အစိုးရအနေနဲ့ ရပ်ဖို့ တိုက်တွန်းသင့်ပါတယ်” ဟု ၎င်းကပြောသည်။

ကိုထင်ကျော်အား စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)သည် အာမခံမရရှိနိုင်ဘဲ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ကိုထင်ကျော် ခေါင်းဆောင်ပြီး လူ ၁၀၀ ခန့် ပါဝင်သည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့သည် တရားစီရင်ရေးစနစ် တည့်မတ်စေရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရှေ့တွင် ဆန္ဒပြကြခဲ့ပြီး ရာထူးမှအနားယူသွားသည့် သမ္မတဟောင်း ဦးသိန်းစိန်ကို တရားစွဲဆိုရန် ပြည်ထောင်စုအစိုးရကို တောင်းဆိုခဲ့ကြသည်။ ဦးသိန်းစိန်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar