တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲကြားက ချင်းပြည်သူတွေ

ဆလိုင်းဟုန်းထွန်းဂေ/ Chin World Media

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဝန်းကျင်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်အများအပြားဟာ စစ်ပွဲအချိန် ရှည်ကြာလာတဲ့အမျှ စားနပ်ရိက္ခာနဲ့ အလှူငွေပြတ်လတ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူ ၂,၀၀၀ နီးပါးရှိနေပြီလို့ မီဇိုရမ်ပြည်နယ် အခြေစိုက်သတင်းစာတွေက ရေးသားထားကြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့လည်း ဒုက္ခသည်တွေကို ဆန်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

“အခုဆို နီးစပ်ရာအမျိုးတွေ၊ ကျေးရွာတွေမှာ အလုပ်ရှာတယ်။ အဲဒီကနေရတဲ့ဟာနဲ့ပဲ သူတို့ ရုန်းကန်ကြရတယ်။ အဲဒီစစ်ပွဲကြောင့် ဒေသခံရွာသားတွေဟာ အိန္ဒိယနိုင်ငံဖက်နဲ့ သူတို့ရွာနဲ့ အနီးအနားတွေကို ထွက်ပြေးတိမ်းရှောင်ပြီး အခက်အခဲပေါင်းစုံ ကြုံတွေရတာလည်း စစ်ပွဲစကတည်း အခုအထိပဲဖြစ်ပါတယ်” လို့ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

စစ်ပွဲတွေဟာ ပြီးခဲ့တဲ့လတွေအတွင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး မကြာသေးခင်ကမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဘက်ကို ရောက်ရှိသွားပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ AA ကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အရင်ကတော့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နဲ့အတူ လက်တွဲပြီး တပ်မတော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၅ ခုနှစ်မှာတော့ AA ဟာ သီးခြားလှုပ်ရှားလာပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်ဒေသတွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ပါတယ်။

တပ်မတော်နဲ့ AA တို့အကြား အခုနောက်ဆုံးဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့သြဂုတ်လနှောင်းပိုင်းမှာ စတင်ခဲ့ပြီး စက်တင်ဘာလအထိ ပလက်ဝမြို့နယ်ထဲမှာ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ တပ်မတော်က နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်ပြီး AA ကို အဲဒီနယ်မြေထဲကနေ မောင်းထုတ်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ Myanmar Institute for Peace and Security ထံက သိရပါတယ်။

သူတို့အဆိုအရ AA ဟာ လက်နတ်ခဲယမ်းတွေအပါအဝင် လေ့ကျင့်သင်ကြားထားတဲ့ တိုက်ခိုက်သူ ရာပေါင်းများစွာကို ဘူးသီးတောင်နဲ့ ပလက်ဝမှာရှိတဲ့ တောင်တန်းတွေနဲ့ ဝေးလံခေါင်းဖျားတဲ့ ဒေသတွေဆီ ပို့ဆောင်ခဲ့ပြီး ခံစစ်တွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ပလက်ဝမြို့နယ်မှာ တိုက်ခိုက်မှုလေးကြိမ်နဲ့ ဘူးသီးတောင်မှာ နှစ်ကြိမ်ဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပြီး မြေပြင်အခြေအနေမှာတော့ တိုက်ခိုက်မှုတွေ ဒီထက်ပိုများနိုင်တယ်လို့ MIPS က ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေဆဲမှာပဲ AA က တာဝန်ှရှိသူတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ MNDA တို့က တာဝန်ရှိသူတွေနဲ့အတူ အစိုးရကိုယ်စားလှယ်တွေကို တွေ့ဆုံပြီး အပစ်အခတ်ရပ်ဆဲရေးအတွက် ဆွေးနွေးခဲ့ကြသလို လက်ရှိအချိန်မှာလည်း ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက်ကိုတော့ အစိုးရက နေရေးထိုင်ရေးနဲ့ စားနပ်ရိက္ခာတွေ ကူညီပေးနေပေမယ့် လုံလောက်အောင် မရရှိကြပါဘူး။ သွားရောက်ကူညီမယ့် အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေကိုလည်း အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေရှိနေတဲ့အတွက် အရပ်ဖက်လူမှု အဖွဲ့ အစည်းတွေရဲ့ အကူအညီ ရယူနိုင်ဖို့ဆိုတာကလည်း စစ်ဘေးရှောင်တွေအတွက် ခက်ခဲနေပါတယ်။

အခုဆိုရင် ဆောင်းရာသီကာလ ရောက်နေပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲအပြင် အဝတ်အစား လိုအပ်ချက်တွေ၊ စောင်လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ အခက်အခဲပေါင်းစုံကြုံနေရပေမယ့်လည်း အစိုးရက အခုထိ သိသာထင်ရှားတဲ့ ကူညီမှုတွေ မဆောင်ရွက်တာဟာ တစ်မင်တကာ လျစ်လျူရှုထားတာဖြစ်တယ်လို့ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူးဖြစ်သူ ဦးစောမြက ဝေဖန်လိုက်ပါတယ်။