ဆန်းဦး
တပ်မတော်ကို နိုင်ငံရေးသိက္ခာကျဆင်းစေရန်အတွက် နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှုများရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြောကြားလိုက်သည်။
နေပြည်တော်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည့် (၇၃) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းက ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“နိုင်ငံရေးအကူးအပြောင်းကာလမှာ တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထုယုံကြည်မှု ပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ဆန့်ကျင်ဖက် အဖွဲ့အစည်းအချို့က နည်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြတဲ့အတွက် အဲဒီလို ထိုးနှက် တိုက်ခိုက်မှုတွေကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားရမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများကို ချမှတ်ပေးခဲ့ပြီးဖြစ်ကာ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ကျင့်သုံးလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ် ပိုမို ခိုင်မာစေရေးအတွက် ရိုးသားမှုကို အခြေခံပြီး မျှော်လင့်ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
ထို့ပြင် တပ်မတော်၏ ပင်ပတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး ထိုတာဝန်ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက်သွားသည်ဟု ၎င်းကပြောကြားသည်။
“ဘယ်အစိုးရ ဘယ်နိုင်ငံရေးစနစ်နဲ့ သွားသည်ဖြစ်စေ တို့တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ဖို့ပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
“တပ်မတော်ရဲ့ အဓိက တာဝန်ကြီးများအဖြစ် ဒို့တာဝန်အရေးသုံးပါးနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်း ကာကွယ် စောင့်ရှောက်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အမျိုးသားရေးအသိနဲ့ယှဉ်ကာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ တပ်မတော်သားများအနေဖြင့် စည်းကမ်းနှင့် ဥပဒေများကို လေးစားလိုက်နာရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို တပ်မတော်သားများက မည်သည့်ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ပေးရေးတို့အတွက်လည်း တိုက်တွန်းခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆောင်ရွက်ကြရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မဖြစ်နိုင်သည်များကို မတောင်းဆိုကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုပြီး အချိန်ဆွဲနေမည့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မျှော်တွေး ညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာဖြစ်တယ်” ဟု ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံအား အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်သူများအနေဖြင့် “မြန်မာစိတ်” မွေးကာ ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ယခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း တစ်သောင်းကျော်ပါဝင်ခဲ့သည်ဟု သိရသည်။ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးပြ စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးပြီး မိန့်ခွန်း ပြောကြားခဲ့သည်။
ယခင်နှစ်များက စစ်ကြောင်းကြီးများကို ကာကွယ်ရေးဦးစီးချုပ်က မော်တော်ယာဉ်ဖြင့် လိုက်လံ စစ်ဆေးလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခြေလျင်စစ်ဆေးခဲ့သည်။
ထို့ပြင် ယခင်နှစ်များကဲ့သို့ စစ်ရေးပြရာတွင် စစ်လက်နက်ကြီးများနှင့် မော်တော်ယာဉ်များ၊ တင့်ကားများ ပါဝင်လာခြင်းမရှိပေ။
ဓာတ်ပုံ-စတိဗ် တစ်ခ်နာ