Rakhine residents of Yangon attend an Arakan National Party rally in the commercial capital on October 25, 2015, ahead of the general election that year. (AFP)
၂၀၁၅အထွေထွေရွေးကောက်ပွဲအကြို မဲဆွယ်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီက စည်းရုံးဟောပြောပွဲတစ်ခုကို ထိုနှစ်၊ အောက်တိုဘာ၂၅ရက်တွင် ကျင်းပခဲ့သည်။ (ရဲအောင်သူ | အေအက်ဖ်ပီ)

တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ကြမည့် ရခိုင်လွှတ်တော်အမတ်များ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ အများအပြားရှိလာခြင်းကြောင့် “ပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပနိုင်ပါ့မလား”ဟူသည့် မေးခွန်းနှင့်အတူ စိုးရိမ်မှုများ ပေါ်ထွက်လာသည်။ သို့သော် အကယ်၍ ရွေးကောက်ပွဲသာ ကျင်းပဖြစ်ခဲ့ပါက ပြည်နယ်အတွင်း မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်အနိုင်ရမည်ဟု ရခိုင်ပါတီများက မျှော်လင့်ထားကြသည်။

ယင်းသို့ မျှော်လင့်ထားသူများအနက် လက်ရှိလွှတ်တော်ကိုယ်စားလှယ်အချို့သည် ရခိုင်အမျိုးသားပါတီက နုတ်ထွက်၍ ရွေးကောက်ပွဲဝင်လိုသည်။ သို့သော် ပါတီက နုတ်ထွက်ခွင့်မပြုသောအခါ ၎င်းတို့သည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ်သာ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

ကောင်းဆက်နိုင် ရေးသားသည်။

ဒေါ်ထုမေသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဇာတိမြေ ရမ်းဗြဲမြို့ပါဝင်သော ရခိုင်ပြည်နယ်၊ အမှတ် (၁၁) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည်။ သို့သော် ယခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်မူ သူသည် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

သို့သော် ယခုအကြိမ်တွင် ယခင်ကလို ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် မဟုတ်တော့။ မည်သည့်ပါတီမှ မဝင်ဘဲ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်သာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။ ထိုသို့ မဖြစ်မနေ ဆုံးဖြတ်ရသည်ကို ဒေါ်ထုမေစိတ်ပျက်သည်။

အကြောင်းမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သို့ ပြောင်းရွှေ့၍ ထိုပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသော်လည်း သူလက်ရှိကိုယ်စားပြုထားသည့် ရခိုင်အမျိုးသားပါတီက သူ့ကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့် မပြု၍ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း အကြီးအကျယ်အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီသည် ပါတီကို စွန့်ခွာလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခုလွှတ်တော်သက်တမ်းအတွင်း နုတ်ထွက်ခွင့်မပေးဟု ပြီးခဲ့သည့်နှစ်၊ မေလကုန်တွင် ကျင်းပသော ပါတီညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကြာင့် ဒေါ်ထုမေအပါအဝင် ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်လေးဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့သည် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပါက  မည်သည့်ပါတီ၏ ကိုယ်စားလှယ်အဖြစ်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘဲ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ်ဖြင့်သာ ယှဉ်ပြိုင်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းခွင့်ကို သြဂုတ် ၇ ရက်က နောက်ဆုံးလက်ခံ၍၊ ကိုယ်စားလှယ်လောင်းများကို စိစစ်သည့် လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပြီး မကြာမီလွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ထုတ်ပြန်တော့မည်ဖြစ်သည်။

ထိုသို့ ရခိုင်အမျိုးသားပါတီက နုတ်ထွက်ခွင့်မပေးသည့်အပေါ် စိတ်ပျက်မိကြောင်း ဒေါ်ထုမေကဆိုသည်။

“ဒီလိုမျိုးနေရမယ်၊ ဒီလိုမျိုးလုပ်ရမယ်ဆိုတာ သိပ်အာဏာရှင်ဆန်လွန်းတယ်။ သိပ်ကို စွက်ဖက်ရာရောက်လွန်းတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး၊ ပါတီဝင်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ကံကြမ္မာကို သူတိုဖန်တီးခွင့်ရှိလား”ဟု သူက မေးခွန်းထုတ်သည်။

ဒေါ်ထုမေကဲ့သို့ပင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ပြောင်းလိုသည့် အမ်း(မဲဆန္ဒနယ်-၂ မှ) ပြုည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ဦးခင်မောင်ဌေးနှင့်  ရခိုင့်ဦးဆောင်ပါတီသို့ ပြောင်းလိုသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသည့် ဦးဝေစိန်အောင်(အမှတ် ၁ မဲဆန္ဒနယ်)၊  ဦးခင်မောင်လတ် (အမှတ် ၃ မဲဆန္ဒနယ်)၊ ဘူးသီတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်ဇော်ဦး (စစ်တွေ-၂)  နှင့်  ဦးကျော်လွင်(ကျောက်ဖြူ-၁) တို့သည်လည်း ရခိုင်အမျိုးသားပါတီက နုတ်ထွက်ခွင့်မရကြကြောင်း ဖရွန်းတီးယားမြန်မာက စုံစမ်းသိရှိထားသည်။

ပြုတ်ထွက်သွားသော တွဲလက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစရှိသည့် ပါတီကြီးများကို ယှဉ်ပြိုင်နိုင်ရေးအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) တို့သည် နှစ်ပါတီပူးပေါင်း၍  ရခိုင်အမျိုးသားပါတီကို ၂၀၁၃တွင် တည်ထောင်ခဲ့သည်။ 

ပူးပေါင်းမှုရလဒ်အဖြစ်  ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာနှင့် ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင်ရသည်အထိ အောင်မြင်ခဲ့သည်။ 

သို့သော် ပါတီတွင်း အက်ကြောင်းများသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာပင် အစပျိုးနေခဲ့ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

“၂၀၁၄ ပါတီညီလာခံထဲက ပြဿနာက ရှိတယ်။ အုပ်စုနှစ်စု ALD နဲ့ RNDP ဆိုပြီး နှစ်စုဖြစ်နေတယ်”ဟု သူက ပြောသည်။ 

ရွေးကောက်ပွဲဝင်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း ပါတီအတွင်း အုပ်စုနှစ်စုအကြား အဆင်မပြေမှုများရှိခဲ့သည်။

ရွေးကောက်ပွဲအလွန်ကာလတွင် ANP ပါတီက ပြည်နယ်အစိုးရဖွဲ့ခွင့်မရလျှင် မည်သည့်အစိုးရအဖွဲ့တွင်မှ မပါဝင်ကြောင်းနှင့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)မှ နုတ်ထွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်များကို လက်မခံကြောင်း ALD အဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ပါဝင်သူ ခြောက်ဦးက သတင်းစားရှင်းလင်းပွဲလုပ်ခဲ့သည်။ ယင်းနောက်တွင် ပါတီအတွင်း အုပ်စုနှစ်စုအကြား တင်းမာမှုက ပိုမိုကြီးထွားလာသည်။

၂၀၁၆၊ ဧပြီတွင် ALD ပါတီဝင်များဖြစ်သည့် အဆိုပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ခြောက်ဦးကို ပါတီက ထုတ်ပယ်လိုက်သည့်အခါ  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက ရခိုင်အမျိုးသားပါတီနှင့် လက်တွဲဖြုတ်ခဲ့သည်။

သို့သော် ပါတီအတွင်း မညီညွတ်မှုမီးပွားက ဆက်လက်လောင်ကျွမ်းနေခဲ့သည်။ ၂၀၁၇၊ နိုဝင်ဘာတွင် ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် သဘောထားမတိုက်ဆိုင်သည့်အတွက်  ထိုစဉ်က ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်သည် ပါတီကနုတ်ထွက်ခဲ့သည်။ 

ဒေါက်တာအေးမောင်သည် ၂၀၁၈ ခုနစ်၊ ဇန်နဝါရီလအတွင်း ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) ကြိမ်မြောက် အခမ်းအနားတွင် ဟောပြောမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ထောက်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

ANP ပါတီက နုတ်ထွက်ခွင့်မပြုခဲ့သော်လည်း ဒေါက်တာအေးမောင်သည် ၂၀၁၈၊ နှစ်ကုန်ပိုင်းကပင် ရခိုင့်ဦးဆောင်ပါတီကို တည်ထောင်ခဲ့သည်။ ဖခင်ဖြစ်သူ ဒေါက်တာအေးမောင် တည်ထောင်ခဲ့သည့် အဆိုပါပါတီကိုကိုယ်စားပြု၍ သားဖြစ်သူဦးတင်မောင်ဝင်းက ၂၀၁၈၊ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ပြည်နယ်လွှတ်တော်၊ ရသေ့တောင်မဲဆန္ဒနယ် (အမှတ်၂)တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်သည် ဇူလိုင်လအတွင်းက ဖရွန်းတီးယားမြန်မာ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့သည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ပါတီစည်းမျဉ်းတားမြစ်ချက်

ရခိုင်အမျိုးသားပါတီမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင့်ဦးဆောင်ပါတီများသို့ ကူးပြောင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပါတီဖွဲ့စည်းပုံစည်းမျဉ်း ၆၅အရ နုတ်ထွက်ခွင့်မပြုသေးပေ။

၂၀၁၉၊ မေလကုန်တွင် ကျင်းပခဲ့သည့်ညီလာခံတွင် လွှတ်တော်ကိုယ်စားလှယ်များကို ယခုသက်တမ်းအတွင်း နုတ်ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီက ဆုံးဖြတ်ခဲ့သည်။

“ပါတီဖွဲ့စည်းပုံ ၆၅ မှာ ပါတီဝင်တစ်ဦးဟာ လွတ်လပ်စွာ ဝင်နိုင်သလို လွတ်လပ်စွာနုတ်ထွက်နိုင်တယ်။ ပါတီနဲ့ရှင်းလင်းစရာရှိရင် ရှင်းလင်းပြီးမှ ထွက်ခွင့်ပေးမယ်ဆိုပြီးတော့ပါတယ်” ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောသည်။ 

ဦးဖေသန်း၏ အဆိုအရ လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီလစဉ်ကြေးမထည့်ဝင်ခြင်း၊ နုတ်ထွက်စဉ်ပါတီနှင့် ပတ်သက်၍ မဟုတ်မှန်ပြောဆိုမှုများ၊ ပါတီတွင်းစည်းမျဉ်းများကို လိုက်နာမှုရှိ၊ မရှိစသည့်အချက်များကို ပါတီဌာနချုပ်သို့ လာရောက်ရှင်းလင်းရန် လိုအပ်သည်။

“တစ်ချို့ဆို ထွက်စာကို ရုံးကိုတောင်လာမတင်ဘူး။ လူကြုံပါးလိုက်တယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တယ်။ အဲဒါမျိုးဆိုပါတီကို မထီမဲ့မြင်ပြုတယ်ပေါ့ဗျာ” ဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဖေသန်းကပြောသည်။

နုတ်ထွက်ခွင့်တင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ကမူ ပါတီနှင့် ၎င်းတို့အကြား ရှင်းလင်းရန်ကိစ္စများ မရှိတော့ကြောင်း၊ ရှိပါကလည်း ရှင်းလင်းရန်လိုအပ်သည်တို့ကို ပြောဆိုရန် အကြောင်းကြားထားကြောင်း တုန့်ပြန်ကြသည်။

“ကျွန်တော်က လစဉ်ကြေးတွေ၊ ဘာတွေလည်းမှန်မှန်သွင်းထားတယ်၊ ဘာမှ ရှင်းစရာမရှိဘူး”ဟု နုတ်ထွက်စာတင်ထားသည့် ကျောက်ဖြူမဲဆန္ဒနယ်၊အမှတ်(၁)မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။ 

ထို့ပြင် ကျန်နေသည့် “ရှင်းလင်းစရာကိစ္စရပ်များ”ဆိုသည်ကို အတိအကျအကြောင်းပြန်ရန် ပါတီသို့ အကြောင်းကြားခဲ့သော်လည်း ပါတီဘက်က မည်သည့်တုံ့ပြန်မှုကိုမျှ မရခဲ့ကြောင်း ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည့် ၎င်းကဆိုသည်။

ဦးကျော်လွင်သည် လက်ရှိအချိန်တွင် ဒေါက်တာအေးမောင်တည်ထောင်ခဲ့သော ရခိုင့်ဦးဆောင်ပါတီ၏ ဗဟိုအကြံပေးကောင်စီတွင် ပါဝင်လျက်ရှိသည်။

နုတ်ထွက်ခွင့်မရသေးသည့် အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးခင်မောင်လတ်ကမူ လွှတ်တော်ကိုယ်စားလှယ်များကို ပါတီမှပေးမထွက်ခြင်းမှာ ၎င်းတို့နောက်ကလိုက်ထွက်ပြီး ပါတီပြောင်းမည့်သူများရှိနေခြင်းကြောင့်ဟုယူဆကြောင်း ပြောသည်။

ဦးခင်မောင်လတ်သည် ရခိုင်အမျိုးသားပါတီဖွဲ့စည်းခဲ့စဉ်က RNDP ပါတီဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၃) မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

“လွှတ်တော်ကိုယ်စားလှယ်မှ မဟုတ်ဘူး။ အခြားပါတီဝင်တွေကိုလည်း ပေးမထွက်တာရှိတယ်” ဟု သူက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

ပါတီမှ နုတ်ထွက်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မ၂၁ အပေါ်အခြေခံသည့် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည်လည်း အားနည်းချက်များရှိကြောင်း ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့သော နုတ်ထွက်လိုသူ လွှတ်တော်ကိုယ်စားလှယ်များက တစ်ညီတစ်ညွတ်တည်းပြောဆိုသည်။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁တွင် “ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခုတည်း၌သာ ဆောင်ရွက်ခွင့်ရှိသည်”ဟု ပြဌာန်းထားသည်။ 

ဇူလိုင်၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က နိုင်ငံရေးပါတီဝင်တစ်ဦးသည် အခြားပါတီတစ်ခုမှ ဝင်ရောက်ရွေးကောက်ခံပါက အဆိုပါ ဥပဒေ ပုဒ်မ ၂၁ ပါ ပြဌာန်းချက်နှင့်ဆန့်ကျင်ပါသလားဟု မေးမြန်းခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက အဆိုပါ ပုဒ်မ ၂၁ ပြဌာန်းချက်အရ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခုတည်းတွင်သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရသူသည် အခြားပါတီတစ်ခုကို ကိုယ်စားပြု၍  ရွေးကောက်ခံခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက်အရွေးချယ်ခံခဲ့ရသည့် ဦးခင်မောင်လတ်က အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် ခေတ်မမီတော့ကြောင်း ဝေဖန်သည်။ 

“အာဏာရှင်ခေတ်တည်းက ပြဋ္ဌာန်းထားတဲ့ဥပဒေ ၊ ဒီမိုကရက်တစ် အခြေအနေမျိုးနဲ့ မကိုက်ညီဘူး။ အဲဒါ အားနည်းချက်ရှိတယ်။ ကော်မရှင်ကလည်း ပြတ်ပြတ်သားသားမရှိဘူး’’ဟု သူက ထောက်ပြသည်။ 

ထိုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မဲဆန္ဒနယ်တွင် ANP ပါတီမှ နုတ်ထွက်ခွင့်မပြုသေးသည့် ဦးသိန်းမောင် ALD ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်ဟု နုတ်ထွက်လိုသူများက ဆိုသည်။

“အဲတုန်းကလည်း ရခိုင်အမျိုးသားပါတီကကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့တယ်။ အခုကျတော့မရတော့ ရှေ့နောက်မညီဘူး ။ နှစ်မျိုးဆုံးဖြတ်နေတယ်”ဟု ဒေါ်ထုမေက ပြောဆိုသည်။ 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးသိန်းမောင်ကို ALD ပါတီကိုယ်စားလှယ်လောင်းအဖြစ် စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက အသိအမှတ်ပြုခဲ့သည်ကို ANP ပါတီက ကန့်ကွက်ခဲ့သည်။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၎င်းကို ALD ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ 

“ခရိုင်က ဆုံးဖြတ်တာကို ဗဟိုက ဝင်မစွက်ဖက်ဘူး။  ဦးသိန်းမောင် ANP ကထွက်၊ မထွက်ဆိုတာကိုလည်း  ခရိုင်ကော်မရှင်ကလည်း မသိဘူးလေ။ သူကလည်း ထောက်လှမ်းရေးမှမဟုတ်တာ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ထောက်ပြသည်။ 

ထို့အတူ  ပုဒ်မ ၂၁အရ လူတစ်ဦးက ပါတီနှစ်ခုကို ကိုယ်စားပြု၍ ပါဝင်ဆောင်ရွက်ခွင့်မရှိသည့် တားမြစ်ချက်ကလည်း ရခိုင်အမျိုးသားပါတီတစ်ခုတည်း၏ ပြဿနာသာဖြစ်ကြောင်းလည်း သူက ရှုမြင်ထားသည်။ 

“ကချင်ပါတီတွေလည်း ပြဿနာမဟုတ်ဘူး။ အင်န်အယ်လ်ဒီမှာလည်းမရှိဘူး။ ပြည်ခိုင်ဖြိုးလည်းမရှိဘူး။ နုတ်ထွက်ခွင့်တင်လာရင် ပေးတယ်။ ထွက်ပြီး ပါတီထောင်မလား။ သွားထောင်။ ပေးတယ်။  ဒါက ANP ပါတီတစ်ခုတည်းရဲ့ ပြဿနာ” ဟု ဦးခင်မောင်လတ်က ဆိုသည်။ 

အမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ရခိုင်အမျိုးသားပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေါက်တာအေးမောင်ကို ၂၀၁၉၊ မတ်လအတွင်း ရုံးချိန်းတစ်ခုတွင် မြင်တွေ့ခဲ့ရသည်။ ၎င်းသည် ရခိုင်နိုင်ငံရေးသမားများအကြား ထင်ရှားသူဖြစ်ခဲ့ပြီး အစိုးရကို တော်လှန်ပုန်ကန်ရန် ဟောပြောခဲ့မှုကြောင့် ထောင်ဒဏ်နှစ် ၂၀ကျခဲ့သူဖြစ်သည်။
(အက်စ်တီအာရ် | အေအက်ဖ်ပီ)

ရခိုင်ပါတီတွေ နိုင်ရမည်

ဒေါ်ထုမေသည် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ မိခင်ပါတီ ALD အတွက် နစ်နာကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပြသည်။ 

“ပြိုင်တဲ့ဟာအတွက်ဆိုရင် အဓိက ကျွန်တော်တို့ပါတီအတွက် နစ်နာတယ်” ဟု သူက ပြောဆိုသည်။ 

လာမည့်ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်း နေရာတော်တော်များများတွင် ကျင်းပနိုင်ပါက ALD ပါတီသည် မြို့နယ် ၁၇ခုအနက် ထက်ဝက်ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒေါက်တာအေးမောင်တည်ထောင်ထားသည့် ရခိုင့်ဦးဆောင်ပါတီကမူ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၁နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၅နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယခုလတွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဦးကျော်လွင်က ANP ပါတီမှ နုတ်ထွက်ခွင့်မရသည့်လွှတ်တော်ကိုယ်စားလှယ်များသည်  တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကတစ်သီးပုဂ္ဂလဝင်ပြိုင်ပြီး ရခိုင့်ဦးဆောင်ပါတီက အဲဒီနေရာတွေမှာ ဝင်မပြိုင်မယ့်ပုံစံမျိုး စဉ်းစားတာမျိုးတော့ရှိတယ်။ တိတိကျကျ ပြောလို့မရသေးဘူး”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

တစ်သီးပုဂ္ဂလ ပြိုင်ရသည့်အတွက်မူ “မျှတတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး”ဟု သူက ဆက်လက်ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်း ကျင်းပဖြစ်မည်ဆိုပါက မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအပြင် ချင်းပြည်နယ်၊ ပလက်ဝတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိကြောင်း ဦးဖေသန်းက ဆိုသည်။

သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုအချို့ရှိနေကြသော်လည်း လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားပါတီများသာ အများဆုံးအနိုင်ရလိမ့်မည်ဟု ရခိုင်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ညီတစ်ညွတ်တည်း ယုံကြည်ထားကြသည်။ 

အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများသည် ရခိုင်ပါတီများ အချင်းချင်းသာ အဓိက ပြိုင်ဆိုင်ရမည့်နေရာများဖြစ်ပြီး တောင်ပိုင်းဒေသများဖြစ်သည့် မာန်အောင်၊ အမ်း၊ သံတွဲ၊ ဂွနှင့် တောင်ကုတ်အစရှိသည့် မြို့နယ်များ၌ ပြည်မပါတီများဖြစ်သည့် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့ကို ယှဉ်ပြိုင်နိုင်ရန် အားပိုစိုက်ရမည်ဟု ရခိုင်ပါတီသုံးခုလုံးက ယုံကြည်ထားသည်။

ထို့ပြင် လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်တွင် အမျိုးသားရေးရေချိန်မြင့်နေသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပါတီများကိုသာ ထောက်ခံကြလိမ့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အပါအဝင် အစိုးရထိပ်ပိုင်းတာဝန်ရှိသူအချို့၏ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများနှင့်ပတ်သက်သော ပြောဆိုမှုများကြောင့်လည်း ရခိုင်လူမျိုးများသည် ရခိုင်ပါတီများကိုသာ ထောက်ခံကြလိမ့်မည်ဟုလည်း ဦးဖေသန်းက ပြောဆိုသည်။ 

“ပြည်မ ပါတီတွေကို ကျွန်တော်တို့က ပထမအကြိမ်၊ ဒုတိယအကြိမ်လောက် ရင်ဆိုင်တွေ့မယ့် အဓိက ပါတီတွေလို့ မသတ်မှတ်တော့ဘူး’’ ဟု သူက ပြောသည်။ 

အင်န်အယ်လ်ဒီပါတီက ဇူလိုင်၂၃ရက်တွင် ကိုယ်စားလှယ်လောင်းစာရင်းများထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်၊ နေရာအနှံ့တွင် အာဏာရပါတီက ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။

သို့သော် ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်မည်ကို ရခိုင်ပါတီများအထူးစိုးရိမ်နေကြသည်။ ထို့ပြင် ရခိုင်ပြည်နယ်နေရာအနှံ့တွင် ပျံ့နှံ့နေပြီဖြစ်သည့် ကိုဗစ်-၁၉ရောဂါကြောင့် ရွေးကောက်ပွဲကျင်းပဖြစ်ပါမည်လောဟု ရခိုင်နိုင်ငံရေးပါတီများက စိုးရိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲကော်မရှင်သည် သဘာဝဘေးအန္တရာယ်နှင့် နယ်မြေမလုံခြုံမှုများနှင့် ရင်ဆိုင့်ရသည့်နေရာများတွင် ရွေးကောက်ပွဲ မပြုလုပ်ဘဲ ရွှေ့ဆိုင်းခွင့်ရှိသည်။

သို့ဖြစ်ရာ ၂၀၁၈၊ ဒီဇင်ဘာမှစ၍ ရက္ခိုင့်တပ်မတော် (အေအေ)နှင့် တပ်မတော်အကြား စစ်ရေးပဋိပက္ခအရှိန်  မြင့်တက်ခဲ့သည့် ရခိုင်ပြည်နယ်သည် စစ်ရေးမတည်ငြိမ်မှုကြောင့်သာမက ကိုဗစ်-၁၉ရိုက်ခတ်မှုကြောင့်ပါ ရွေးကောက်ပွဲကျင်းပရန် မသေချာ၊​ မရေရာမှုနှင့် ကြုံတွေ့နေရသည်။

ရွေးကောက်ပွဲများကျင်းပဖြစ်ခဲ့ပါက  ရခိုင်ပြည်သူများသည်  စိတ်ဓာတ်ရေးရာအရ ရခိုင်ပါတီများကိုသာ မဲပေးလိမ့်မည်ဟု အခိုင်အမာယုံကြည်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဦးမျိုးကျော်က ဆိုသည်။

“သေချာတာက ALD နိုင်ရင်နိုင်မယ်။ ANP နိုင်ရင်နိုင်မယ်။ တစ်ခြားပါတီဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ နိုင်တဲ့ပါတီက ရခိုင်ပါတီပဲဖြစ်လိမ့်မယ်’’ ဟု သူက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar